(ခ)-ပြည်နယ်နှင့်တိုင်းဒေသကြီး များအလိုက် ဒေသမြေအမျိုးအစားများကို သုတေသနပြုလုပ်ပြီး ပညာပေးလုပ်ငန်းဆောင်ရွက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၃၁.၇.၂၀၁၂)

ကျွန်တော့်အနေနဲ့ နိုင်ငံတော်အတွင်း တောင်သူလယ်သမားအများစုဟာ ဒေသအခြေ အနေနဲ့ကိုက်ညီတဲ့ သီးနှံအမယ်မျိုးစုံကိုဈေးကွက်အခြေအနေကြည့်ပြီးစိုက်ပျိုးနေကြပါတယ်။ စိုက်ပျိုး ရန်အတွက် ရာသီဥတုအခြေအနေကြည်‌့ပြီး ရာသီအလိုက်စိုက်ပျိုးနေကြပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့လည်း အထွက်နှုန်းကောင်းမျိုးသန့်များကို စပါးအပါ အဝင်သီးနှံမျိုးစုံအတွက် အထွက်နှုန်းကောင်းစေရန် ပညာပေးမှုများပြည်သူလူထုအတွင်း နည်းပညာ ပေးမှုများနည်းလမ်းမျိုးစုံဖြင့် ပညာပေးနေကြောင်းတွေ့ရှိရပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်သူတောင်သူ လယ်သမားများအနေနဲ့ ကိုယ်တိုင်စိုက်ပျိုးမည်‌့မြေအမျိုးအစား၊ မြေအနေအထား၊ မြေမှာပါဝင်တဲ့ သတ္တုဓာတ်အမျိုးအစားအနည်းအများကိုတိတိကျကျသိရှိခြင်းမရှိဘဲ စိုက်ပျိုးထားတဲ့စိုက်ပျိုးပင်အနေ အထားကိုကြည့်ပြီး သွင်းအားစုမြေသြဇာ၊ ပိုးသတ်ဆေးများကိုသီးနှံဖွံ့ဖြိုးအောင် ပြုပြင်မွမ်းမံစိုက်ပျိုး နေကြပါတယ်ခင်ဗျား။ မှန်းဆပြီးသွင်းအားစုမြေသြဇာများကိုသုံးစွဲနေကြသဖြင့် မလိုအပ်ဘဲသုံးစွဲနေပါ ကဆုံးရှုံးမှုများကြုံတွေ့နေရပါတယ်။ စိုက်ပျိုးထားတဲ့မြေအမျိုးအစား၊ မြေမှာပါဝင်တဲ့ သတ္တုဓာတ် အနည်းအများကိုတောင်သူအများစုမသိရှိကြပါခင်ဗျား။ သို့ပါ၍ တောင်သူလယ်သမားများသို့ ပညာ ပေးရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက်ဒေသမြေအမျိုးအစားများနှင့် အနီးစပ်ဆုံး မြေမှာပါဝင်တဲ့သတ္တုဓာတ်အမျိုးအစားအလိုက်သုတေသနပြုလုပ်ပြီး ပါဝင်သောသတ္တုဓာတ်အချိုးကို ကြည်‌့ပြီးတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးကိုပညာပေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်းနှင့် မည်သို့သော အစီအမံများ စီမံထားရှိပါကြောင်းသိရှိလို၍  မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ စိုက်ပျိုးရေးဦးစီးဌာန ဆိုတာရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနရဲ့လက်အောက်မှာ မြေအသုံးချရေးဌာနခွဲကို ဖွဲ့စည်းပြီးတော့ သိပ္ပံနည်းကျအမျိုးအစားခွဲခြားပြီး စနစ်တကျစိုက်ပျိုးအသုံးချနိုင်ရန်၊ မြေအမျိုးအစားအလိုက် အပင် အာဟာရဓာတ်ပါဝင်မှုအခြေအနေများကို သိရှိနိုင်ရန်အတွက် မြေနမူနာများအားဓာတ်ခွဲစစ်ဆေးရန် မြေအမျိုးအစားအလိုက် စိုက်ပျိုးသင်‌့သည့် သီးနှံများနှင့် ထည်‌့သွင်းရမည့်ဓာတ်မြေသြဇာနှုန်းထား များစမ်းသပ်လေ့လာရန် မြေဆီလွှာထိန်းသိမ်းရန်နှင့် ပြဋ္ဌာန်းထားသော မြေသြဇာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မြေအသုံးချရေးရုံးခွဲများဖွင့်လှစ်ထားပြီး မြေဆီလွှာဆိုင်ရာ သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက် ခြင်း၊ ပညာပေးစံပြကွက်များပြုလုပ်ပြသခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ မြေအသုံးချစွမ်းရည်နှင့် မြေဆီလွှာရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများကို ကွင်းဆင်း တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြေ၊ ရေနှင့် ဓာတ်မြေသြဇာနမူနာများကို ဓာတ်ခွဲစစ်ဆေးခြင်းကိုလည်း အောက်မြန်မာပြည်တွင် ရန်ကုန်နှင့် အထက်မြန်မာပြည်တွင် မန္တလေးမြို့ တို့၌ ဓာတ်ခွဲခန်းများတည်ဆောက်ဖွင့်လှစ်ပြီး ဆောက်ရွက်ပေးလျက်ရှိပါတယ်။ မြေဆီလွှာတိုင်းတာ ရေးနှင့်ပတ်သက်၍ မြေဆီလွှာအမျိုးအစားအလိုက် မြေပုံရေးဆွဲခြင်း လုပ်ငန်းများကိုလည်း တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် မြေပုံရေးဆွဲဆောင်ရွက်လျက် ရှိပါတယ်။ မြေဆီလွှာနှင့် အပင်အာဟာရချို့တဲ့သည့် လက္ခဏာများကို အရေးပေါ်ဖြေရှင်းဆောင်ရွက်နိုင်ရန် မြေဆီလွှာချဉ်ငံဓာတ်(PH)၊ နိုက်ထရိုဂျင်ဓာတ်နှင့် ဖော့စဖရိတ်ပါဝင်မှုဓာတ်တို့ကို အလွယ်တကူ တိုင်းတာသိရှိနိုင်သော မြေဆီလွှာဓာတ်ခွဲ‌နိုင်သော သေတ္တာငယ်များကိုလည်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများ စိုက်ပျိုးသီးနှံများအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်အတွက် စိုက်ပျိုးမြေများ အာဟာရဓာတ်ပါဝင်မှုများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း၊ ထည်‌့သွင်းသုံးစွဲရမည်‌့ ဓာတ်မြေသြဇာ အမျိုးအစားနှင့်နှုန်းထားများကို စမ်းသပ်ကွက်များပြုလုပ်၍ ဖော်ထုတ်ပေးခြင်း၊ မြေဆီလွှာနှင့် သီးနှံအမျိုးအစားအလိုက် ဓာတ်မြေသြဇာများကို စနစ်တကျ အကျိုးရှိစွာအသုံးပြုနိုင်ရေး နည်းပညာ များ၊ ပညာပေးခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မြေအသုံးချရေးဌာနရုံးခွဲများ ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။