(ဂ)-ဘေးတံခါးမှန်အနက်ရောင်ပါ ကားများ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၃၀.၇.၂၀၁၂)

ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံခြားမှ မော်တော်ကားတင်သွင်းရေး မူဝါဒအရ မော်တော်ယာဉ်အမျိုးမျိုး သောင်းဂဏန်းခန့် တင်သွင်းရောက်ရှိလာပြီး ဖြစ်ပါတယ်။ မော်တော်ကားတင်သွင်းရောက်ရှိလာသော ပြည်သူများ ဝမ်းသာပီတိဖြစ်ရကြောင်းလည်း သိရှိရပါသည်။ သို့သော် စိတ်သောက ရောက်မှုလည်း ရှိနေကြောင်း သိရှိရပါတယ်။ ကိုယ်ပိုင်မော်တော်ကားအများဆုံးမှာလည်း ရန်ကုန်မြို့ Down Town မြို့နယ်ဖြစ်တဲ့  မြို့နယ်မှာ အများဆုံးရှိပါတယ်။   ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကားအသစ်ဟာ ၃၀၀၀ ခန့်ရှိနေပါတယ်။ ကျွန်တော်နေတဲ့ အမှတ်(၁)ရပ်ကွက်မှာပဲ ကားအစီး ၄၀၀ ကျော် ရှိနေပါ တယ်။ ဒါကြောင့် မဲဆန္ဒရှင်များရဲ့ဆန္ဒအရ အောက်ပါမေးခွန်းများကို လေးစားစွာ မေးမြန်းအပ်ပါတယ် ခင်ဗျား။

မြန်မာနိုင်ငံမှာ ယနေ့ပြည်သူများ စီးနင်းအသုံးပြုနေသော ကိုယ်ပိုင် မော်တော်ယာဉ်များရဲ့ ဘေးတံခါးမှန်များဟာ အနက်ရောင်ဖြစ်ပါက  သက်ဆိုင်ရာမှ စစ်ဆေးပြီးတော့ ဒဏ်ငွေများ ချမှတ်နေကြောင်း သိရှိရပါတယ်။ သို့သော် ဖမ်းဆီးဒဏ်ငွေရိုက်မှုဟာ ညီမျှမှုမရှိသည်ကို လည်း တွေ့ရှိရပါတယ်။  နိုင်ငံသားတိုင်းဟာ  တန်းတူအခွင့်အရေးရသင့်ပါတယ်။ သို့ပါ၍ ကားပိုင်ရှင် များရဲ့သဘောဆန္ဒအရ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်ခင်ဗျား။ (၁)ဘေးတံခါးမှန်များ အနက်ရောင်ဖြစ်ပါက နိုင်ငံသားများအတွက် မည်ကဲ့သို့သော ဆိုးကျိုးများ မည်မျှလောက် ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိလိုပါတယ်။ (၂) နိုင်ငံခြားမှ ယခုတင်သွင်းရောက်ရှိလာသော ဘေးတံခါးမှန်အနက်ရောင် ပါကားများကို ဒဏ်ငွေချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ။ (၃) ယနေ့လမ်းမပေါ်တွင် ရှိနေသော ဘေးတံခါးအနက်ရောင်ပါကားများအားလုံးကို တစ်ပြေးညီ ဒဏ်ငွေချမှတ်ခြင်းရှိ၊ မရှိနှင့် (၄) ကားအားလုံးကို ဒဏ်ငွေချမှတ်ခြင်းမပြုဘဲ ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သူရဦးသောင်းလွင်
အဖြေ

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ပြည်ပမှတင်သွင်းလာတဲ့ယာဉ်များကို ကနဦးမှတ်ပုံတင်အတွက်စစ်ဆေးတဲ့အခါမှာ  Colour မှန် (မှန် အနက်အပါအဝင်)ကို Tint Meter ဆိုတဲ့ အရောင်တင်ထားတဲ့ အတိုင်းအတာကို တိုင်းတာတဲ့စနစ်နဲ့ တိုင်းတာပါတယ်။ အဲဒီလို တိုင်းတာပြီး ဖောက်ထွင်းမြင်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းနှင့်အထက်ရှိတဲ့မှန်ကို ခွင့်ပြုပါတယ်။ ဖောက်ထွင်းမြင်နိုင်စွမ်း သုညကနေ ၅၉ အထိရှိတဲ့ မှန်များကိုခွင့်မပြုပါဘူး။ ဒီကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုလည်း အသိပေးထားပြီး ယာဉ်တင်သွင်းသူများသိရှိ လိုက်နာစေရေးဆောင်ရွက်ပေးပါရန် ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်း၏မေးမြန်းချက်အပိုဒ် (၁) အရ Colour မှန်(မှန်အနက်အပါအဝင်)များ တပ်ဆင်ခြင်းအားဖြင့် မြင်ကွင်းမသဲကွဲခြင်း၊ အထူးသဖြင့်ညဘက်တွင် ယာဉ်အန္တရာယ်ဖြစ်နိုင်ခြင်း၊ Colour မှန်ကိုအကာအကွယ်ယူ၍ ယာဉ်အတွင်းတွင် ရာဇဝတ်မှုကျူးလွန်နိုင်ခြင်းစသည်တို့ကြောင့် ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံအသီးသီးကို လေ့လာမယ်ဆိုရင်လည်း မော်တော်ယာဉ်များထုတ်လုပ်ရာတွင် Road Safety ကို ထိခိုက်နိုင်တဲ့ ဖောက်ထွင်းမြင်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းအောက်မှန်များကို အခြားနိုင်ငံများမှာလည်း ပြုလုပ်တပ်ဆင် ခြင်းမရှိကြောင်း နိုင်ငံအလိုက် ထုတ်ပြန်ထားတဲ့ ပြဋ္ဌာန်းချက်များအရ သိရှိရပါတယ်။ ဥပမာ ဗြိတိန်နိုင်ငံမှာဆိုရင်  ရှေ့လေကာမှန်ဆိုရင် ဖောက်ထွင်းမြင်နိုင်စွမ်းအား ၇၅ ရာခိုင်နှုန်းရှိဖို့ သတ်မှတ်ထားပါတယ်။ အလားတူ  ရှေ့ယာဉ်မောင်းဘေး မှန်ကိုလည်း ဖောက်ထွင်းမြင်နိုင်စွမ်းအား ၇၀ ရာခိုင်နှုန်းရှိရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။  ဂျပန်နိုင်ငံမှာဆိုရင် ယာဉ်မောင်းရဲ့ ဘေးကမှန်နှင့် ခရီးသည်ဘေးကမှန်ကို ဖောက်ထွင်းမြင်နိုင်စွမ်း အား ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိရန် သတ်မှတ်ထားပါတယ်။  သို့သော်လည်း စက်ရုံပြင်ပမှာ နိုင်ငံခြားမှ ယာဉ်ပိုင်ရှင်တွေက ၎င်းတို့ အစီအစဉ်နဲ့ စတစ်ကာတွေ တပ်တာတွေ၊ အထူးမှာကြားပြီးတော့ ဖောက်ထွင်းမြင်နိုင်စွမ်း နည်းပါးတဲ့ မှန်နက်များကို တပ်ဆင်ခြင်းများပြုလုပ်ကြောင်း သိရှိရပါတယ်။ နိုင်ငံခြားမှ တင်သွင်းလာတဲ့ ဘေးတံခါးမှန်အနက် ဖောက်ထွင်းမြင်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ကားများကို ကညနအနေနဲ့ ဒဏ်ကြေးကောက်ခံခြင်း မရှိပါဘူး။ အလားတူပဲ ဖောက်ထွင်းမြင်နိုင်စွမ်းအား သုညကနေ ၅၉ အထိ ယာဉ်များကိုလည်း ဒဏ်ကြေးပေးပြီးတော့ ခွင့်ပြု ထားခြင်းမရှိပါဘူး။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်စေရေး ဆောင်ရွက်တဲ့အခါမှာ အဖွဲ့အစည်း နှစ်မျိုးနှစ်စားဖြင့် ဆောင်ရွက်ပါတယ်။ ပထမအဖွဲ့အစည်းကတော့ ယာဉ်စည်းကမ်းချမှတ်တဲ့ Regulator  ဖြစ်ပါတယ်။ ဒုတိယအဖွဲ့အစည်းကတော့ ယာဉ်စည်းကမ်း Regulation ကို လိုက်နာမှုရှိ၊ မရှိ စစ်ဆေး ကြပ်မတ်တဲ့ Law Infroser  ဟူ၍ နှစ်မျိုးနှစ်စားရှိပါတယ်။ ကညနသည် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအတွက် စည်းကမ်းများကို ချမှတ်ပေးတဲ့ Regulator  ပဲ ဖြစ်ပါတယ်။ ယာဉ်စည်းကမ်း လိုက်နာ မှုရှိ၊ မရှိ စစ်ဆေးကြပ်မတ်တဲ့အဖွဲ့တွေကတော့ ဒေသအာဏာပိုင်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပဲ ဖြစ်ပါတယ်။ ယခုကိစ္စမှာ ကညနသည် ယာဉ်စည်းကမ်းချမှတ်ခြင်းအပိုင်းမှာသာ ပါဝင်ပါတယ်။ ယာဉ်စည်းကမ်းကို လိုက်နာမှု ရှိ၊ မရှိ ချမှတ်မှုအပိုင်းက ဒေသအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့များကသာ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။