(ခ)-လွိုင်ကော်-နေပြည်တော် ပြေးဆွဲလျှက်ရှိသော မြန်မာ့မီးရထားအား နိုင်ငံတော်မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၃၀.၇.၂၀၁၂)

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် နေပြည်တော်သို့ မြန်မာ့မီးရထားလမ်းကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ဖောက်လုပ်ပြေးဆွဲခဲ့လို့ ကယားပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် ဂုဏ်ယူပြီးနိုင်ငံတော်ကို အထူးကျေးဇူးတင်ရှိလျက်ရှိပါတယ်။ လွိုင်ကော် မြို့တွင် မီးရထားဘူတာရုံကြီးကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ထည်ထည်ဝါဝါတည်ဆောက်ပေးခဲ့လို့ လွိုင်ကော်မြို့ရဲ့ ကျက်သရေဆောင်လည်း ဖြစ်ခဲ့ရပါတယ်။ မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာများ၊ မြို့နယ်များကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့ပြီး ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ အတွက် များစွာတန်ဖိုးရှိလှပါတယ်။ ပြည်နယ် ပြည်မမှထွက်ကုန်များကို မြန်မာပြည် တစ်နံတစ်လျား သို့လည်း ပို့ဆောင်ကုန်သွယ်မှုပြုနိုင်တာမို့ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ သို့သော် လည်းပဲ ယနေ့လက်ရှိပြေးဆွဲနေခဲ့သော မြန်မာ့မီးရထားစက်ခေါင်းအား ၁၁၀ အားဖြင့်သာ ပြေးဆွဲ နေခဲ့ရတာကြောင့် တွဲများများမချိတ်ဆွဲနိုင်ခြင်း၊ ကုန်တွဲသီးသန့်ချိတ်ဆွဲခြင်းမပြုနိုင်ခြင်း၊ လူစီးတွဲများ မှာလည်း အကာမဲ့ခုံတန်းလျားများဖြင့် ပြေးဆွဲချိတ်ဆွဲလျက်ရှိတာကြောင့် မိုးရာသီတွင် ခရီးသွား ပြည်သူများ၊ ဝန်ထမ်းများ လုံခြုံစိတ်ချရမှုမရှိခြင်းများ မကြာခဏဆိုသလို သံလမ်းချော်ခြင်းများ ကြုံတွေ့နေကြရပါသဖြင့် လူစီးတွဲများအား မျက်နှာချင်းဆိုင်ထိုင်ခုံများဖြင့် လုံခြုံစိတ်ချရသောတွဲများ ခေတ်နှင့်အညီဆောင်ရွက်ပေးသင့်နေပြီဖြစ်ပါတယ်။ မီးရထားစက်ခေါင်းကိုလည်း ၁၄၀ ဖြင့် ပြေးဆွဲ ပေးနိုင်မှသာ လိုအပ်သောတွဲများ ချိတ်ဆွဲပေးနိုင်မှာဖြစ်သလို မီးရထားလမ်းများမှာလည်း သစ်မာ မဟုတ်သောသစ်များဖြင့် ခင်းကျင်းထားတာွဖစ်တဲ့အတွက် ရေရှည်တွင် ခံနိုင်ဝန်အားမရှိခြင်း တို့ကြောင့် တွဲချော်ခြင်း၊ ခရီးကြန့်ကြာခြင်း၊ အချိန်မမှန်ခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရပါတယ်။ မီးရထားစက်ခေါင်းအား ၁၄၀ တိုးမြှင့်ပေးရန်လိုအပ်နေသလို လမ်းများကိုလည်း ကွန်ကရစ်ဇလီ ဖားတုံးများဖြင့် ပြုပြင်ပေးဖို့အချိန်တန်နေပြီဖြစ်ပါတယ်။ သို့အတွက်ကြောင့် လွိုင်ကော်-နေပြည်တော် ပြေးဆွဲပေးနေသော မြန်မာ့မီးရထားတွဲများအဆင့်မြှင့်တင်ပေးခြင်း၊ စက်ခေါင်းအားမြှင့်တင်ပေးခြင်း၊ မီးရထားလမ်းများအဆင့်မြှင့်တင်ပေးခြင်းကို နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိ လိုပါတယ်။ အကယ်၍အစီအစဉ်ရှိပါက မည်သည်‌့အချိန်အခါကာလများတွင် ဆောင်ရွက်ပေးနိုင် မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သူရဦးသောင်းလွင်
အဖြေ

မြန်မာ့မီးရထားအနေဖြင့် နေပြည်တော်(ပျဉ်းမနား)ကနေ လွိုင်ကော်ကို နေ့စဉ်စာပို့ရထားအသွား တစ်စင်း၊ အပြန် တစ်စင်း ပြေးဆွဲပေးလျက်ရှိပါတယ်။ မြန်မာ့မီးရထားရှိစက်ခေါင်းများမှာ မြင်းကောင်ရေအကြီးဆုံးဖြစ်သည့် မြင်းကောင်ရေ  ၂၀၀၀ အားရှိ စက်ခေါင်းကိုအသုံးပြုထားပါတယ်။ သို့သော်လည်း အဲ့ဒီလမ်းပိုင်းဟာ ဆင်ခြေလျှောကြီးမားသည်‌့အတွက် ပင်လောင်းနှင့် မိုးဗြဲအကြားမှာ ချိတ်ဆွဲနိုင်တဲ့ဝန်ချိန်တန်ဟာ    ၁၄၀ တန်သာခွင့်ပြုထားပါတယ်။ လက်ရှိသုံးစွဲထားသည်‌့ စက်ခေါင်းများမှာ သက်တမ်းကြီးပြီး စက်စွမ်းအားလျော့လာသည့်အတွက် စိတ်ချစွာပြေးဆွဲနိုင်ရန် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှစ၍ ချိတ်ဆွဲနိုင် တဲ့ဝန်ချိန်တန် ၁၁၀ သို့လျှော့ချခဲ့ပါတယ်။ ၎င်းရထားလမ်းအနေနဲ့ ကွေ့များပြားပြီးတော့ ကွေ့ဒီဂရီကြီး တဲ့အတွက်ကြောင့် ၃၆ ပေ ၆ လက်မအရှည်ရှိတဲ့ လူစီးတွဲများကိုသာချိတ်ဆက်နိုင်ပါတယ်။ လက်ရှိ ရထားမှာ အထက်တန်းတွဲ ၁ တွဲအပါအဝင်လူစီးတွဲ ၄ တွဲနှင့်ကုန် ၃၁ တန်တင်နိုင်သောဘရိတ်တွဲ       ၁ တွဲပါရှိပါတယ်။ အောင်ပန်းတွင်အထက်တန်းတွဲကိုဖြုတ်ပြီး အောင်ပန်း-လွိုင်ကော် ခရီးကိုခရီးသည် တွဲ ၃ တွဲ၊ ကုန်တွဲ ၁ တွဲ ဖြင့်ဆက်လက်ပြေးဆွဲပါတယ်။ တွဲများပေါ်တွင် ထိုင်ခုံ ၁၂၄ ခုံပါရှိပါတယ်။ လက်မှတ်စစ်များ၏ သတင်းပို့ချက်အရ ခရီးသည်အများဆုံးဖြစ်တဲ့ ဘုရားငါးဆူဘူတာနှင့် အောင်ပန်း ဘူတာအကြားမှာတောင် ခရီးသည် ၁၄၀ ခန့်သာပါရှိတဲ့အတွက် ထိုင်ခုံမဲ့ခရီးသည် ၁၆ ဦးခန့်သာ ရှိကြောင်းသိရပါတယ်။ အောင်ပန်းနှင့် လွိုင်ကော်အကြားတွင်မူ ခရီးသည်စီးနင်းမှု အလွန်နည်းပါးတဲ့ အတွက် ထိုင်ခုံလုံလောက်မှုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ရထားပေါ်မှာပါတဲ့ ဘရိတ်တွဲသည် ကုန်တန်ချိန် ၃၁ တန်တင်ဆောင်နိုင်ပါတယ်။ သို့သော်လည်း လက်ရှိမှာကုန်တင်ပို့မှုနည်းပါးတဲ့ အတွက် နေ့စဉ်ကုန်တန်ချိန် အတက်ရထားမှာ ၈.၂ တန်နှင့် အဆင်းရထားမှာ ၁၃.၂ တန်သာတင်ပို့ ကြကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တွဲထပ်မံချိတ်ပေးရန် မလိုအပ်ကြောင်း သိရှိရ ပါတယ်။ ရိုးရိုးတန်းတွဲများတွင်ခရီးသည် ၁၆ ဦး သို့မဟုတ် ၂၃ ဦးထိုင်နိုင်သည့်ခုံတန်းရှည် နှစ်ခုကို ကျောချင်းကပ်ထားတာဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှုရှိကြောင်း တွေ့ရပါတယ်။ ထိုတွဲများကို ယခုနှစ် စက်တင်ဘာလမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး လိုလားတဲ့အတိုင်း မျက်နှာချင်းဆိုင် ထိုင်ခုံများပါရှိသောတွဲများဖြင့် အစားထိုးလဲလှယ်ရန်ရှိပါတယ်။ တွဲများစိတ်ချစွာ အသုံးပြုနိုင်ရေး အတွက်လည်း လူစီးတွဲများကို နှစ် နှစ် တစ် ကြိမ် မြစ်ငယ်စက်ရုံမှာအကြီးစားပြုပြင်ပြီး သက်ဆိုင်ရာ နယ်စက်ရုံများတွင်လည်း အသေးစားပြုပြြင်ခင်း၊ အလတ်စားပြုပြင်ခြင်း၊ နေ့စဉ်မထွက်ခွာခင် စစ်ဆေး ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။ လွှိုင်ကော်-အောင်ပန်း-ဘုရားငါးဆူ-နေပြည်တော် လမ်းပိုင်းမှာ ရထားလမ်းပိုင်းကြံ့ခိုင်စေရေးအတွက် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ၆ လတာ ကာလမှာ ကွန်ကရစ်ဇလီဖားလဲလှယ်ဖြည်‌့တင်းခြင်း ၃၂၆၃ တုံး၊ သစ်သားဇလီဖားလဲလှယ်ခြင်း   ၃၂၂၅ တုံး၊ နောက် လမ်းပြုပြင်မွမ်းမံမှုများကိုပြုလုပ်ခဲ့ပါတယ်။ လမ်းပိုင်းဟာ အရင်ထက်တိုးတက် လာတဲ့အတွက် မနှစ်က ၆ လမှာ လမ်းချော်မှု ၉ ကြိမ်ရှိပါတယ်။ ဒီနှစ် ၂၀၁၂ ခုနှစ် ပထမ ၆ လ တာကာလမှာ လမ်းချော်မှု ၃ ကြိမ်သာရှိပါတယ်။ ဒါကြောင်‌့ ကျွန်တော်တို့ ၉ ကြိမ်ကနေ ၃ ကြိမ်အထိ လျော့ကျသွားကြောင်းတွေ့ရှိရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များခင်ဗျား။ ရထားလမ်းကောင်းမွန်ရေးအတွက် ဇလီဖားကောင်းမွန်ရေးဟာ အဓိကကျတဲ့အတွက် သစ်သားဇလီဖားကို ကွန်ကရစ်ဇလီဖားများဖြင့် အစားထိုးလဲလှယ်နိုင်ဖို့ ရွှေညောင်မှာ ကွန်ကရစ်ဇလီဖားစက်ရုံတစ်ရုံကိုတည်ဆောက်လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှ စတင်ပြီး လစဉ် ကွန်ကရစ်ဇလီဖား ၁၆၀၀၀ တုံးကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ သာစည်-ရွှေညောင် လမ်းပိုင်းနှင့် အောင်ပန်း-လွိုင်ကော်လမ်းပိုင်းကို စီမံချက်ချပြီးလဲလှယ်သွားမည် ဖြစ်ပါကြောင်းနှင့် လမ်းပိုင်းတိုးတက်မှုနှင့်အတူ စက်ခေါင်းတိုးတက်စေရန်၊ တွဲအစီးရေတိုးတက်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။