(က)-စက်မှုဇုန်ထုတ်ကားများနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၆ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၃၀.၇.၂၀၁၂)

(က) ယခင် အစိုးရလက်ထက်က ထုတ်လုပ်ခွင့်ပြုခဲ့သော Super Custom (MPV) စက်မှုဇုန်ထုတ်ကားများအား အမှန်တကယ်ပြည်တွင်း၌ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ပြည်ပက တရားမဝင်ခိုးသွင်းလာသော Super Custom ကားများကို စစ်ဆေးခဲ့ပြီး လိုင်စင်မရမီ ထုတ်လုပ်သူများကို ယခုလက်ရှိအချိန်တွင် ကျပ်သိန်း ၆၀ ပေးသွင်းရန် ညွှန်ကြားထားသည်မှာ မှန်ပါသလား။ (ခ) MPV ထုတ်လုပ်ခွင့်ရရှိသော ကုမ္ပဏီ     တချို့သည် စက်မှုဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ ကားဝယ်ထားသူများကိုသာ နည်းအမျိုးမျိုးဖြင့် ဖိအားပေးပြီး ဒဏ်ကြေးငွေပေးသွင်းစေခဲ့သည်ကို သိပါသလား။ (ဂ) ကားဝယ်ထား သူများမှ ၎င်းတို့၏ မကျေနပ်ချက်များကို စက်မှုဝန်ကြီးဌာနသို့ တိုင်စာများ ပေးပို့တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိသေးသည့်အတွက် ကားဝယ်ထားသူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို သိပါသလား။ (ဃ) ကားထုတ်လုပ်သူအချို့သည် ကားဝယ်ထားသူများကိုပင် ပြန်လည်တရားစွဲဆိုခြင်းများ ပြုလုပ်နေသည်ကို သိပါသလား။ သိရှိပါက ၎င်းကုမ္ပဏီများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးပါ မည်နည်း။ (င) ကျေနပ်မှုမရှိဘဲ ဒဏ်ကြေးငွေပေးသွင်းခဲ့ရသော ဝယ်ယူသူများနှင့် ဒဏ်ကြေးငွေမသွင်း နိုင်သော လိုင်စင်မဲ့ကားများကို ပိုင်ဆိုင်ထားရသော ကားဝယ်ယူသူများအတွက် စက်မှုဝန်ကြီးဌာနမှ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်နည်း။ (စ) ယခုအချိန်တွင် လက်ရှိမော်တော်ယာဉ်အသစ်များ ကာလ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုများအတွက် ဒဏ်ကြေးငွေပေး ဆောင်ရမှုကို လိုက်လျောညီထွေစီစဉ်ပေးပြီး နစ်နာသူ Super Custom ကားဝယ်သည့် ပြည်သူများ အတွက် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မော်တော်ယာဉ်ထုတ်လုပ်မှုများနှင့်ပတ်သက်၍  ယခင် အစိုးရလက်ထက်တွင် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ထုတ်လုပ်ခွင့်ပြုခဲ့သော  Super Custom (Multi Purpose Vehicle) မော်တော်ယာဉ်များကို မြန်မာ့စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ပေးအပ်ထားသည့် ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့အနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ၊မရှိကို စိစစ်ဆောင်ရွက်ခဲ့ပါတယ်။ ယင်းသို့ စိစစ်ဆောင်ရွက်ရာတွင် ခွင့်ပြုမိန့်ချမှတ်ပေးစဉ်က ပြည်တွင်း၌ ထုတ်လုပ်ရန် သတ်မှတ်ထားသည့် အစိတ်အပိုင်းများဖြစ်သော Cab, Body and Frame များကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းမရှိသည့် အပြင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော မော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်ထား သည်ကို စစ်ဆေးတွေ့ရှိရပါတယ်။ ထိုသို့ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိဘဲ ထုတ်လုပ်သည့်  Super Custom (Multi Purpose Vehicle) မော်တော်ယာဉ်များနှင့်ပတ်သက်၍ မော်တော်ယာဉ်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆပ်ကော်မတီမှ တာဝန်ရှိသူများအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် ၁၅-၈-၂၀၁၂ ရက် နေ့တွင်တွေ့ဆုံပြီး အဆိုပါလုပ်ငန်းရှင်အားလုံး၏ သဘောတူညီချက်ဖြင့် ထုတ်လုပ်မှုစည်းကမ်းနှင့် မကိုက်ညီသည့် မော်တော်ယာဉ်များအတွက် ဒဏ်ကြေးငွေများကို နိုင်ငံတော်သို့ ပေးသွင်းစေပြီး  Inspection Certificate ကို ထုတ်ပေးမှုဆောင်ရွက်ခဲ့ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ထုတ်လုပ်ထားသည့်  Super Custom (Multi Purpose Vehicle) မော်တော်ယာဉ်အများစုကို သုံးစွဲသူ အများပြည်သူထံ ကြိုတင်ရောင်းချထားခြင်း၊ ဝယ်ယူထားသူအနေဖြင့် စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် လမ်းများအပေါ်တွင် သုံးစွဲခွင့်အခက်အခဲရှိနေခြင်းတို့ကြောင့် ဖြစ်ပေါ်နေ သည့်ပြဿနာများကို ပြေလည်စေရေး ရည်ရွယ်ပြီး အများပြည်သူအကျိုးငှာ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒဏ်ကြေးပေးသွင်းရသည့် Super Custom (Multi Purpose Vehicle) မော်တော်ယာဉ် များအနက် ၁ ရာခိုင်နှုန်း အရေအတွက်ပင်မရှိသော မော်တော်ယာဉ်များအတွက် ဒဏ်ကြေးငွေပေးသွင်း ရေးကိစ္စနှင့်ပတ်သက်၍ ဝယ်ယူထားသူအချို့မှာ သက်ဆိုင်ရာသို့ တိုင်ကြားလာသဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆပ်ကော်မတီအနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်သူလုပ်ငန်းရှင် ၇ ဦးကို             ၃၀-၁၂-၂၀၁၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။  ထိုသို့ ခေါ်ယူတွေ့ဆုံရာ၌ မော်တော်ယာဉ် ထုတ်လုပ်ခွင့်ကို သက်ဆိုင်ရာ မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းရှင်ကိုသာ ခွင့်ပြုပေးခဲ့ခြင်းဖြစ် သဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိဘဲ ထုတ်လုပ်ထားပါက ၎င်းလုပ်ငန်းရှင်များ၌သာ တာဝန်ဖြစ် ကြောင်းနှင့် ပြဿနာပေါ်ပေါက်လာပါက အဆိုပါလုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူသူကျေနပ်အောင် ဖြေရှင်းပေးရန် တာဝန်ရှိမည်ဖြစ်ကြောင်းကို အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းရှင် များအနေဖြင့်လည်း တိုင်ကြားသူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြေရှင်းပေးခဲ့ပြီး ဖြစ်သည့်အတွက် တိုင်ကြားသူများအနေနဲ့ ကျေးဇူးတင်ရှိကြောင်းကို သက်ဆိုင်ရာဆပ်ကော်မတီသို့ ပြန်လည်သတင်းပို့ခြင်း များရှိကြောင်း တွေ့ရှိရပါတယ်။ ထိုသို့ တရားမဝင်နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းလာသော Super Custom (Multi Purpose Vehicle)  မော်တော်ယာဉ်များနှင့် ပတ်သက်၍ သတ်မှတ်ဒဏ်ကြေးငွေများ ကို နိုင်ငံတော်သို့ ပေးသွင်းမှုဆောင်ရွက်စေခဲ့ရာ ၃၁-၃-၂၀၁၂ ရက်နေ့အထိ  အမေရိကန်ဒေါ်လာ ၁၈၇၅၃၀၃၁ နှင့် မြန်မာငွေ ၆.၂၆ ဘီလီယံကျပ်ကို နိုင်ငံတော်၏ငွေစာရင်းသို့ အပြီးအပြတ်ပေး သွင်းခဲ့ပြီးဖြစ်ပါတယ်။ ထို့နောက်ပိုင်း ၁-၄-၂၀၁၂ ရက်နေ့မှစတင်၍ Super Custom (Multi Purpose Vehicle)  မော်တော်ယာဉ်များနှင့်ပတ်သက်၍ အလားတူဒဏ်ကြေးငွေပေးဆောင်ရသည့် ကိစ္စများ ဆောင်ရွက်ခြင်းမရှိတော့ကြောင်း အသိပေးအပ်ပါတယ်။ ၎င်းအပြင် မူလအတည်ပြုထားသည့် မော်တော်ယာဉ်၏ ဒီဇိုင်းပုံစံနှင့် ကွဲလွဲသောအစိတ်အပိုင်း ဥပမာ- Wheel Length, Engine, Frame Length Breaking System စသည်တို့အတွက် နိုင်ငံတော်သို့ သတ်မှတ်ဒဏ်ကြေးငွေများ ပေးသွင်းမှု ဆောင်ရွက်စေလျက်ရှိပါတယ်။ အဆိုပါ အကြောင်းအရာများအားလုံး၏ ဇစ်မြစ်သည် ဝိသမလောဘ သားများမှ တရားမဝင်နည်းလမ်းမျိုးစုံ အသုံးပြုလျက် ပြည်တွင်းသို့ ခိုးသွင်းလာသော မော်တော်ယာဉ် များကြောင့်သာ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါကိစ္စရပ်များကို မော်တော်ယာဉ်ထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆပ်ကော်မတီအနေဖြင့် မော်တော်ယာဉ် လက်ဝယ်ရှိနေသည့် ပြည်သူများ၏ အခက်အခဲ၊ ပြည်တွင်းသို့ ရောက်ရှိနေပြီးဖြစ်သော အဆိုပါ မော်တော်ယာဉ်များ၏ ပြဿနာနှင့် နိုင်ငံတော်အနေနဲ့ ထိုက်သင့် သည့်အခွန်ဘဏ္ဍာငွေရရှိရေးတို့အတွက် ရည်ရွယ်ပြီး အညင်သာဆုံး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

          ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။              ။ (ဃ)အရ ဒုတိယဝန်ကြီးကို မေးမြန်းတင်ပြလို တာကတော့ ဝယ်ယူသူများကျေနပ်အောင် ဖြေရှင်းပေးခဲ့တယ်ဆိုပေမယ့် ယနေ့အထိ ဝယ်ယူသူတွေ ထဲက နစ်နာနေတဲ့သူတွေ၊ သူတို့ရဲ့ရင်ဖွင့်သံကို Venus ဂျာနယ်မှာ ဇွန်လ ၂၀ ရက်နေ့က နာမည်တွေ နဲ့သူတို့ထုတ်ဖော်ပြောကြားခဲ့တာကိုသိပါသလား။ ကနေ့အချိန်အထိ ဝယ်ယူသူတွေကို ကျေနပ်အောင် မလုပ်ပေးတဲ့ကုမ္ပဏီတွေကို နာမည်ပျက်စာရင်းသွင်းဖို့ရော စက်မှုဝန်ကြီးဌာနအနေနဲ့ အစီအစဉ်ရှိပါ သလား။ ရှင်းလင်းဖြေကြားပေးဖို့မေတ္တာရပ်ခံပါတယ်။

          ဦးမျိုးအောင်(ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)။   ။ ကျွန်တော်တို့အနေနဲ့ကတော့ မော်တော် ယာဉ်ထုတ်လုပ်တဲ့သူတွေနှင့် စောစောကဝယ်ယူတဲ့သူတွေကို ကျွန်တော်တို့ကိုလာရောက်အသိပေး ပြီးတော့ဆွေးနွေးတဲ့သူတွေကိုခေါ်ယူပြီးတော့ ညှိနှိုင်းပေးခဲ့ပါတယ်။ ဆွေးနွေးပေးလို့ စောစောက ကျွန်တော်တင်ပြသလိုပဲ ပြေလည်သွားတဲ့ ပုဂ္ဂိုလ်တွေအနေနဲလည်း ပြေလည်သွားတယ်ဆိုတာ ကျွန်တော်တို့ကိုပြောတာ ကျွန်တော်သိပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်း ဆိုရင် မပြေလည်တဲ့သူတွေလည်းရှိသေးတယ်လို့သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ကို လာရောက်ဆွေးနွေးခဲ့ရင် ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်လည်ညှိနှိုင်းဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးပါ့မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။