HIV, AIDS ရောဂါနှင့် ပတ်သက် ပြီးတော့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေလေးကို မေးခွန်းမမေးမီမှာ အကျဉ်းချုပ်လေး ကျွန်တော်တင်ပြပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၀၉ ခုနှစ် Estimate and Projection UNAIDS နှင့် WHO ကတင်ပြတဲ့ ၂၀၀၉ ခုနှစ်စာရင်းဇယားများအရ ကျွန်တော်တို့ အာရှပစိဖိတ်ဒေသတွင်းနိုင်ငံ ၁၁ နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံက HIV , AIDS ဖြစ်ပွားမှုနှုန်းနံပါတ် ၆ နေရာမှာရှိပြီးတော့ ရာခိုင်နှုန်း ၄.၉ လောက်ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ၂၀၀၉ ခုနှစ် စာရင်းဇယားမျာကိုလေ့လာသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် HIV ရောဂါဖြစ်ပွားတဲ့ People with Living HIV ပေါ့။ အဲ့ဒီဟာ ၂၀၀၉ ခုနှစ်အထိ လူနာပေါင်း ၂၄၀၀၀၀ ရှိပါတယ်။ ဒီ ၂၄၀၀၀၀ မှာ AIDS and Related Diseases နဲ့သေဆုံးတဲ့ လူနာဦးရေဟာ ၁၈၀၀၀ ရှိပါတယ်။ တစ်ခါ ကျွန်တော်တို့ HIV, AIDS နဲ့နှစ်စဉ်ဖြစ်ပွားမှုအသစ်ပေါ့။ ရောဂါအသစ်ပြန်လှန်ပြီးတော့ဖြစ်နေတဲ့ ကူးစက်မှုခံနေရတဲ့လူနာ ဦးရေဟာ နှစ်စဉ် ၁၇၀၀၀ နှင့် ၂၀၀၀၀ ပတ်ဝန်းကျင်မှာရှိပါတယ်။ အဲ့ဒီခုနက ကျွန်တော်တင်ပြခဲ့တဲ့ လက်ရှိ HIV ရောဂါခံစားနေရတဲ့ လူနာဦးရေလက်ရှိ ၂၄၀၀၀၀ ရှိတဲ့ အနက်မှာ ART လို့ခေါ်တဲ့ ခုခံအားကျတဲ့ရောဂါကိုကုသတဲ့ ART ဆေးတိုက်ကျွေးရမယ့်လူနာ ၁၂၀၀၀၀ လောက်ရှိပါတယ်။ ဒီ ၁၂၀၀၀၀ အနက်မှာ ART လက်ခံရရှိပြီးတော့ ဆေးကျွေးကုသပေးနေရတဲ့လူနာဦးရေဟာ ၂၁၁၃၈ ယောက်ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် ART ဆေးလက်ခံရရှိပြီးတဲ့ဆေးကျွေး လူနာဟာ ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ HIV, AIDS ဖြစ်ပေါ်နေတဲ့ ရောဂါခံစားနေရတဲ့လူနာတွေအပေါ် ဘယ်လို နည်းလမ်းတွေနဲ့ဖြေရှင်းဆောင်ရွက်မလဲဆိုတာ ကျွန်တော်တို့အတွက် ဒါဟာ Challenge စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ HIV, AIDS ရောဂါကူးစက်မှုကိုပြန်လည်ပြီးတော့ ကြည့်မယ် ဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာကူးစက်မှုတွေ၊ သွေးနှင့် သွေးရည်ကြည်ကနေပြီးတော့ ကူးစက်မှုတွေ၊ မိခင်ကနေ သန္ဓေသားကိုကူးစက်တာတွေ အကြောင်းအမျိုးမျိုးကြောင့် ဘယ်လိုပဲကူးစက်ကူးစက် ဒီကူးစက်ခံရတဲ့ HIV လူနာတွေအပေါ်မှာ ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပါဘူး။ ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒီလူနာတွေအပေါ်ကို ကျွန်တော်တို့က စာနာထောက်ထားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ဒီလူနာတွေကို ပစ်ပယ်ထားလိုက်တာနဲ့ ဒီရောဂါဟာ ပိုမိုပြီးတော့ ကြီးထွားကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ နိုင်ငံံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီရောဂါခံစားရတယ်ဆိုရင် ဒီရောဂါနှင့်ပတ်သက်ပြီးတော့ အလုပ်ကထွက်ရတဲ့အခါမှာ သူကို့မှီခိုစားသောက်နေရတဲ့မိဘဆွေမျိုး၊ ဇနီးသားမယား၊ သားသမီး အစရှိသဖြင့် ဒီမှီခိုနေရတဲ့လူတွေရဲ့စားဝတ်နေရေး၊ ဘဝရပ်တည်မှုအခြေအနေဟာ တော်တော်ကြီးကို ယိမ်းယိုင်ပြိုကွဲသွားပါတယ်။ အဲ့တော့ ဒီလူနာပိုင်း ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဝန်ထမ်းပိုင်း အနေနဲ့ ဒီရောဂါဖြစ်လာလို့ရှိရင်လည်း စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် ရုန်းကန်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာ ငွေကုန်ကြေးကျမများတဲ့ အကာအကွယ် မဲ့လုပ်မယ်ဆိုလို့ရှိရင် ဒီရောဂါကူးစက်မှုနှုန်းက ပိုမိုပြီးတော့ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ HIV ရောဂါနှင့်ပတ်သက်ပြီးတော့ ဒီလူနာတွေဟာ လူသားတွေလည်းဖြစ်တယ်။ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှာလည်းနေတဲ့အတွက်ကြောင့် ဒီလူနာတွေကိုလူမျိုးအနေနဲ့ ရေဘေး၊ လေဘေး၊ ငလျင်ဘေးအစရှိသဖြင့် ဒီစာနာထောက်ထားမှုတွေလုပ်နေသလိုပဲ ကျွန်တော်တို့တစ်တွေ စာနာထောက်ထားမှုအပြည့်အဝနဲ့ ဆေးကုသမှုပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုရင် လူ့ဘဝသက်တမ်းကြာကြာနေရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စာနာထောက်ထားစိတ်နဲ့ကြည့်ရှု ရမယ်ဆိုတဲ့အဖြေတစ်ခုဟာ ဒါထွက်လာတာ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အရင်တုန်းကကမ္ဘာကြီးရဲ့ အပြင်ဘက်မှာရောက်နေပြီးတော့ ၂၀၁၁ ကျတော့ ကမ္ဘာကြီးရဲ့အတွင်းပိုင်းကို ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ International Community ခေါ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနယ်ပယ် မှာ HIV, AIDS ရောဂါနှင့်ပတ်သက်ပြီးတော့ ဘယ်လိုပြုမူဆောင်ရွက်နေသလဲ Treatment တွေ၊ ဆေးကုသမှုတွေဘယ်လိုရရှိအောင်ဆောင်ရွက်နေသလဲ။ ဘဝရပ်တည်မှုတွေရရှိအောင် Social Welfare တွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ။ ဒီ HIV,AIDS ရောဂါနှင့် အခြားကူးစက်ရောဂါ တွေနှင့်ပတ်သက်ပြီးတော့ ဒီပြည်သူလူထုကိုအကာအကွယ်ရအောင်အတွက် ဥပဒေ၊ နည်းဥပဒေတွေ ဘယ်လို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသလဲဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ်ကြည့်ရှုသွား ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီမိုကရေစီအရေး၊ လူအခွင့်အရေးဆိုတဲ့ဟစ်တိုင်ကြီးမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ HIV,AIDS ရောဂါရဲ့ကိန်းဂဏန်းတွေ၊ နိုင်ငံ တကာစံသတ်မှတ်တဲ့ Standard Indicatorတွေ၊ Index တွေကို ကျွန်တော်တို့အနေနဲ့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကို ပွင့်လင်းမြင်သာထင်ရှားစွာ Transparent ဖြစ်မှသာလျှင် ကျွန်တော်တို့ National Image တက်မှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း ဒီလူ့အခွင့် အရေးတွေအတွက် လက်ရှိလည်းလုပ်နေတာပဲ လုပ်နေပေမယ့်လို့ ပေါ်လွင်ထင်ရှားမှုမရှိတဲ့ အတွက်ကြောင့် International Image မှာမကောင်းပါဘူး။ ဒါကြောင့်မို့ International Image ကောင်းဖို့အတွက်ကို မီဒီယာတွေကနေကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖော်ဖို့လိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီလွှတ်တော်ကလည်း HIV,AIDS နှင့်ပတ်သက်ပြီးတော့ အဖြေ Solution တစ်ခု ထွက်တယ်ဆိုလို့ရှိရင် International Community မှာ တော်တော်လေး သာသွားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ မေးချင်တဲ့မေးခွန်းက ဒီလူနာတွေအပေါ်မှာ လုပ်ငန်းတာဝန် ထမ်းဆောင်နေကြတဲ့ နိုင်ငံံ့ဝန်ထမ်းတွေ၊ နိုင်ငံံ့ဝန်ထမ်းဆိုတာမှာ အစိုးရဌာနဆိုင်ရာတွေမှာ တာဝန် ထမ်းဆောင်တဲ့ဝန်ထမ်းတွေပါသလို စက်ရုံအလုပ်ရုံတွေမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာပါဝင်နေကြတဲ့ ဝန်ထမ်းတွေပါပါတယ်။ ထို့အတူ ဝန်ထမ်းဆိုတဲ့ အလွှာပေါင်းစုံမှာလည်း အများကြီးပါပါတယ်။ ဒါကြောင့်မို့လို့ HIV ရောဂါအပါအဝင် အခြားကူးစက်ရောဂါများဖြစ်တဲ့ အသည်းရောင်အသားဝါ ရောဂါဘီ/စီ အစရှိတဲ့ရောဂါတွေနှင့်ပတ်သက်ပြီးတော့ ဒီဝန်ထမ်းလူနာတွေအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုဥပဒေ၊ နည်းဥပဒေတွေပြဋ္ဌာန်းပြီးတော့ အသေးစိတ်ချမှတ်ထားတဲ့မူဝါဒသဘောထားလေးကို ကျွန်တော်တို့ ဖြေရှင်းပြန်ကြားပေးဖို့ဖြစ်ပါတယ်။ မေးခွန်းတွေမေးတဲ့ကိစ္စမှာလည်း အားလုံးလည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများသိတဲ့အတိုင်းပဲ မေးခွန်းတွေမှာ အဖြေ သိလျက်နဲ့မေးတာတွေရှိပါတယ်။ အဖြေမသိလို့မေးတာတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ အဖြေသိရဲ့သားနဲ့ ကျွန်တော်မေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နှစ်ပေါင်းများစွာ နှစ်ပေါင်း ၃၀ ကျော်လောက် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းကိစ္စအဝဝကို ကျန်းမာရေး နှင့်ပတ်သက်တာကိုဘာပဲဖြစ်ဖြစ် သူများထက်စာရင် ကျွန်တော်သိပါတယ်။ သိရက်သားနဲ့ ကျွန်တော် မေးတာပါ။ ဘာဖြစ်လို့မေးရတာလဲဆိုတဲ့အခါကျတော့ ကျွန်တော်တစ်ယောက်တည်းသိလို့မရပါဘူး။ ဒီမှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ၊ ကျွန်တော်တို့ အာဆီယံဒေသတွင်းနိုင်ငံတွေ၊ ထို့အတူပဲ ကျွန်တော်တို့နှင့်ဆက်စပ် နေတဲ့ ပါလီမန်တွေ၊ ထို့အတူပဲ ပါလီမန်အစည်းအဝေးတွေမှာ သွားရောက်တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တွေ ဒီကိစ္စ၊ ဒီမေးခွန်းဟာ HIV,AIDS Issue ဟာ ခဏခဏမေးမြန်းခြင်းခံရတဲ့ Issue ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကိုမေးမြန်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ HIV အပါအဝင် အခြားကူးစက်တတ်တဲ့ရောဂါများအပေါ်မှာ လုပ်ငန်း ခွင်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ ဘယ်လိုချမှတ်ပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်ဆိုတာကို ဖြေရှင်းပြန်ကြားပေးဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကို တင်ပြ ချင်တာတစ်ခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကဏ္ဍမှာ HIV,AIDS ရောဂါဟာ အရေးကြီးတဲ့ Issue တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း တစ်ကမ္ဘာလုံးအရေးစိုက် နေကြတဲ့ Issue တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ Issue အပေါ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း မေးခွန်းများ ပြန်လည်ဖြေကြားပြီးလို့ရှိရင်လည်း သဘောထားမှတ်ချက်လေး Opinion and Recommendation လေးပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ မေးမြန်းပါသည်။
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနဟာ အလုပ်သမားများ၏အကျိုးကို ကာကွယ်စောင့်ရှောက် မှုပေးနိုင်ရန် ဥပဒေပါ ရပိုင်ခွင့်များပြည့်ပြည့်ဝဝနှင့် မှန်မှန်ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးရေးစတဲ့ အဓိကလုပ်ငန်းတာဝန်များ ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် အလုပ်နှင့်ဆက်နွယ်သည့် ရောဂါခံစားရမှုလျော့နည်းကျဆင်းစေရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေး စည်းကြပ်ခြင်း၊ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့် လုပ်ငန်းအမျိုးအစားအလိုက် အန္တရာယ်ရှိ သည့်စက်ရုံ၊ အလုပ်ရုံများအား လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ ကွင်းဆင်းတိုင်းတာပြီး လိုအပ် သလိုပြုပြင်ဆောင်ရွက်စေခြင်းစသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလုပ်နှင့် ဆက်နွယ်သည့် ရောဂါခံစားရမှုများကာကွယ်ပေးနိုင်ရန် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၃ အရ မတော်တဆထိခိုက်မှုဖြစ်ပွားပါက အလုပ်ရုံမန်နေဂျာမှ အကြောင်းကြားစာပေးပို့ရန်၊ ပုဒ်မ ၅၄ အရ အလုပ်သမားတစ်ဦးဦးဟာ အလုပ်သမားလျော်ကြေး ဥပဒေဇယား ၃ ပါ လုပ်ငန်းခွင် နှင့်ဆက်နွယ်သည့်ရောဂါဖြစ်ပွားပါက အလုပ်ရုံမန်နေဂျာမှာလည်းကောင်း အကြောင်းကြားစာပေး ပို့ရန်နှင့် ရောဂါခံစားရသူကိုဆေးကုနေသည့် တာဝန်ခံဆရာဝန်မှလည်းကောင်း ဤဦးစီးဌာနသို့ အကြောင်းကြားစာပေးပို့ရန် ပုဒ်မ ၅၅ အရ အလုပ်သမားလျော်ကြေးအက်ဥပဒေပါ ရောဂါဖြစ်ပွား သည်ဟု သို့မဟုတ် ထင်မြင်ယူဆပါက စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်နိုင် ပါကြောင်း၊ ပုဒ်မ ၅၆ တွင် အလုပ်ရုံတွင် အသုံးပြုရန်ရည်ရွယ်သည့်ပစ္စည်းသည် အလုပ်သမား ထိခိုက်နာကျင်ရန် သို့မဟုတ် ကျန်းမာရေးထိခိုက်သည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်ပါက အချိန်မရွေးအစိုးရဓာတုဗေဒအရာရှိ ဓာတ်ခွဲစမ်းသပ်ရန်အတွက်နမူနာယူနိုင်သည်ဟု ပြဋ္ဌာန်းထားပါ တယ်။ ပုဒ်မ ၅၂ အရ အလုပ်သမား၏ကိုယ်အင်္ဂါကိုထိခိုက်နာကျင်စေမည့် သို့မဟုတ် အဆိပ်မိစေမည့် သို့မဟုတ် ရောဂါဖြစ်စေသည့်လက္ခဏာရှိသည့်အလုပ်ကို သီးခြားသတ်မှတ်၍ ဘေးအန္တရာယ်ဖြစ်စေ သောအလုပ်အဖြစ်သတ်မှတ်၍ နည်းဥပဒေပြဋ္ဌာန်းခြင်း၊ မိန်းမ သို့မဟုတ် လူငယ်များခိုင်းစေခြင်း၊ တားမြစ်ကန့်သတ်နိုင်ခြင်း၊ ဆရာဝန်မှဆေးဘက်ဆိုင်ရာ ဆေးစစ်ခြင်းများဆောင်ရွက်၍ လုပ်ကိုင်ရန် သင့်၊ မသင့် ဆေးလက်မှတ်ရယူခြင်းအစရှိသည်တို့ အသေးစိတ်ပြဋ္ဌာန်းထားပါတယ်။ ထို့အပြင် ဤပုဒ်မအရ အန္တရာယ်ရှိသည့်လုပ်ငန်းများနည်းဥပဒေ (Hazardous Occupational Rule) ၇ မျိုးထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ ထို့အပြင် လုပ်ငန်းခွင်အသီးသီးရှိ အလုပ်သမားများသည် ၎င်းလုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ၊ အသုံးပြုသည့်ကုန်ကြမ်း၊ ဆက်စပ်ပစ္စည်းနှင့်ပြုလုပ်မှု လုပ်ငန်းစဉ်ကြောင့် အလုပ်နှင့်ဆက်နွယ်သည့် ရောဂါခံစားရခြင်းမရှိစေရန် ကြိုတင်ကာကွယ်ရေးနှင့် ရောဂါခံစားရရှိပါက ဆေးကုသရေး ဆောင်ရွက်ရမည့်အချက်များ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့်အညီ လုပ်ငန်းခွင်ဆက်စပ်ရောဂါများနှင့်ပတ်သက်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိပါ တယ်။ ILO မှထုတ်ပြန်ထားသော R197 List of Occupational Diseases Recommendation 2002 တွင် လုပ်ငန်းခွင်နှင့်ပတ်သက်သောရောဂါဘယများသတ်မှတ်ချက်တွင် HIV ရောဂါကို ထည့်သွင်းထားခြင်းမရှိကြောင်း၊ ထို့အပြင် အခုအသစ်ရေးဆွဲနေသောလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေတွင်လည်း လုပ်ငန်းခွင်နှင့်ဆက်စပ်ဖြစ်ပွားသောရောဂါ ၃၃ မျိုးအတွက်သာရေးဆွဲ၍ အကောင်အထည်ဖော်စည်းကြပ်ကာကွယ်စောင့်ရှောက်မှာ ဖြစ်ပါတယ်။ HIV ရောဂါသည် လူမှုရေးဆိုင်ရာဆက်ဆံမှုကြောင့်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ စမ်းသပ် စစ်ဆေးမှုအားနည်းချက်ကြောင့်လည်းကောင်း၊ သွေးနှင့်ပတ်သက်ပြီး ဆက်စပ်လုပ်ကိုင်ရာတွင် သတိ ပေါ့လျော့မှုကြောင့်လည်းကောင်း ကူးစက်ရတဲ့ရောဂါဖြစ်သဖြင့် ကူးစက်ရောဂါဆိုင်ရာ ထိန်းချုပ် ကာကွယ်သည့်လုပ်ငန်းကို ကျန်းမာရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရှိ HIV ရောဂါအပါအဝင် အခြားကူးစက်ရောဂါများကူးစက်မှုခံရသည့်လူနာများအတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ၁၉၉၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနမှ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာ လုပ်ငန်းခွင်အမှုထမ်းဆောင်သူဝန်ထမ်းများအတွက် ဆေးကုသခွင့်၊ နာမကျန်း ဆေးခွင့်၊ နာမကျန်းပင်စင်ခံစားခွင့်နှင့် အခြားလူမှုရေးဆိုင်ရာခံစားခွင့်များကို ဝန်ထမ်းလုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ပေးလျက်ရှိပါသည်။ HIV ရောဂါအပါအဝင် အခြားကူးစက်ရောဂါများ ကူးစက်မှုခံရသူများအနေဖြင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေအရ ဆက်လက်လုပ်ကိုင်နိုင်ပါက လည်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။ အလုပ်ခွင်ထဲတွင်လုပ်ကိုင်နေသည့် အလုပ် သမားများတွက် HIV ကူးစက်ခံရသူနှင့် ကူးစက်မခံရသူများရှိနိုင်ပါတယ်။ ၎င်းတို့အတွက် ရောဂါ ကူးစက်ခံရသူများအနေနဲ့ ရောဂါတိုးပွာမလာစေရန်အတွက် လူမှုဖူလုံရေးအဖွဲ့သို့ အာမခံကြေး ထည့်ဝင်ထားွခင်းဖြင့် လူမှုဖူလုံရေးအဖွဲ့၏ ကုသစောင့်ရှောက်မှုရယူခြင်း၊ ဆေးကုသစရိတ်များကို ကုသသူသမားတော်ထောက်ခံချက်ဖြင့် ပြန်လည်ထုတ်ယူခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်တဲ့ UNAIDS တို့၏ ကုသစောင့်ရှောက်မှုခံယူခြင်း၊ NGO များ၏ကုသစောင့်ရှောက်မှု ခံယူခြင်း၊ HIV ကူးစက်မခံရသူများအား ကူးစက်ခံရမှုမရှိစေရန်နှင့် ကူးစက်ခံရပြီးသူများအားနှိမ့်ချ ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ လုပ်ငန်းခွင်အတွင်းရော၊ လူထုအတွင်းမှာပါတစ်တန်းစားတည်း ဆက်ဆံ နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှညွှန်ကြားချက်များအတိုင်းလိုက်နာရန် လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှဆရာဝန်များနှင့် လူမှုဖူလုံရေးအဖွဲ့မှဆရာဝန်ကြီးများ အသိပညာပေးကွင်းဆင်းဟောပြောပို့ချမှု များစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်အောင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာဝန်ကြီးဌာနကတော့ ရှင်းလင်းတင်ပြပြီးသွားပါပြီ။ ဒေါက်တာ နေလင်းက ဥက္ကဋ္ဌကြီးရဲ့ Opinion and Recommendation တောင်းထားပါတယ်။ ပြီးတဲ့အခါမှာ အတင်းအကြပ်တော့မဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးရဲ့ဆန္ဒပါလို့ပြောပါတယ်။ အဲ့ဒီတော့ ဒေါက်တာနေလင်း တို့၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့ မေးမြန်းဖြေကြားသလိုပဲ ဒီရောဂါနှင့်ပတ်သက်ပြီးတော့ ကမ္ဘာအဝန်း ကစိတ်ဝင်စားပြီးတော့ ကမ္ဘာ့ရဲ့ကျန်းမာရေးဆိုင်ရာအရေးကြီးတဲ့ Issue တစ်ခုဖြစ်တာလည်းအမှန်ပါပဲ။ ကျွန်တော့်အနေနဲ့ ကျွန်တော်ရဲ့ Opinion ဆိုလို့ရှိရင်တော့ ကျန်းမာရေးနှင့်ဆိုင်တဲ့ Opinion ကို အရင်တင်ပြချင်ပါတယ်။ ဒါလည်း ကျွန်တော်တို့ ဆိုရိုးစကားတွေ ရှိပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းကပိုပြီးတော့ထိရောက်တယ်။ အကျိုးရှိတယ်ဆိုတဲ့အတွက် ကျန်းမာရေးနှင့်ဆိုင်တဲ့ကိစ္စ အားလုံးဟာ ကြိုတင်ကာကွယ်ခြင်းကပိုပြီးတော့ ထိရောက်ပါတယ်။ အသုံးဝင်ပါတယ်။ ဒီလိုကြိုတင် ကာကွယ်ဖို့ဆိုလို့ရှိရင် သက်ဆိုင်ရာတာဝန်ရှိတဲ့ ဝန်ကြီးဌာနနှင့် ဌာနအသီးသီးက ပညာပေးအသိပေး ခြင်းတွေ ရှေ့ကပြေးသွားဖို့လိုပါတယ်။ အဲ့ဒီလိုရှိတော့မှသာလျှင် ကာယကံရှင်ရော၊ ပတ်ဝန်းကျင်မှာ ရှိတဲ့လူရော ကာကွယ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဲ့လို ကာကွယ် တဲ့ကြားထဲက ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ ရောဂါဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ ကျန်းမာရေး ဝန်ကြီးဌာန၊ သက်ဆိုင်သည့်အဖွဲ့အစည်းများက ကုသပေးရမယ့်အပိုင်းကို ရောက်လာပါတယ်။ ဒီနေရာမှာ HIV,AIDS ရောဂါဟာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေ သန်း ၆၀ ရှိတယ်ဆိုတဲ့နေရာမှာ ဂဃနဏနားလည်မှာက ရာခိုင်နှုန်း ၅၀ ရှိချင်မှရှိပါမယ်။ မရှိတဲ့ အတွက် ဒီရောဂါမဖြစ်ပွားဖို့ကာကွယ်ခြင်းအပိုင်း၊ ကုသခြင်းအပိုင်းမှာလည်း သူများနိုင်ငံနဲ့စာလို့ရှိရင် အခက်အခဲပိုရှိနိုင်ပါတယ်။ တစ်ခါ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့စရိုက်အရ အရှက် အကြောက်ကြီးတယ်။ ဒီကိစ္စမျိုးတွေမှာဆိုလို့ရှိရင် ပြောဆိုဖို့၊ ဆွေးနွေးဖို့ အင်မတန်မှဝန်လေးပါတယ်။ မပြောရဲကြ၊ မဆိုရဲကြ အင်မတန်အရှက်အကြောက်ကြီးပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ကျွန်တော့်ရဲ့ Opinion ပြောမယ်ဆိုလို့ရှိရင် မိမိတို့ရဲ့ယဉ်ကျေးမှု စရိုက်လက္ခဏာတွေထဲကမှ နိုင်ငံသားတိုင်းရင်းသားများနှင့် လူသားများအတွက် ကျန်းမာရေးကိုထိခိုက်စေသော သို့မဟုတ်ရင် ဒီလူသားများရဲ့ အခွင့်အရေးကိုထိခိုက်စေသော အပြုအမူစရိုက်လက္ခဏာများရှိတယ်ဆိုလို့ရှိရင် သိမ်မွေ့ညင်သာစွာပြန်လည်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ အစဉ်အလာတစ်ခု၊ ရိုးရာတစ်ခု၊ ဓလေ့ စရိုက်တစ်ခုဟာ မိမိတို့အမြတ်တနိုးထိန်းသိမ်းထားရမှာ မှန်ပေမယ်လို့ အဲ့ဒီအစဉ်အလာကြောင့်၊ အဲ့ဒီ ရိုးရာကြောင့်၊ အဲ့ဒီဓလေ့စရိုက်ကြောင့် မိမိတို့တိုင်းရင်းသားများရော နိုင်ငံသားများရော လူသားများ အတွက်ကျန်းမာရေးဆိုင်ရာနှင့် အခြားအခက်အခဲများရှိတယ်ဆိုရင်လည်း ညင်သာစွာဆောင်ရွက် ရမယ်လို့ သိမ်မွေ့ညင်သာစွာဆောင်ရွက်ရမယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒေါက်တာနေလင်း ကဆန္ဒရှိရင်ဖြေပါ။ အတင်းအကျပ်မဟုတ်ပါဘူး။ ကျွန်တော်လည်း ကျွန်တော့်ရဲ့အမြင်နဲ့ ဒီလိုတင်ပြ ဖြေကြားခြင်းပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ ရှေ့အစီအစဉ်ကူးမယ်ဆိုတဲ့အချိန်မှာပဲ ထပ်ပြီးတော့ စဉ်းစား မိတာတစ်ခုက HIV,AIDS နှင့်ပတ်သက်ပြီးတော့ ကမ္ဘာကလည်းအလေးထားတယ်။ ကျွန်တော်တို့နိုင်ငံ ကလည်းအလေးထားတယ်။ အခုလည်း ဒီလိုဆွေးနွေးပြီးပြီဆိုရင်တော့ ဒီရောဂါကုသရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန Focal Ministry ကနေပြီးတော့ INGO, NGO နှင့် အခြားအဖွဲ့အစည်းများက ဦးဆောင်ဦးရွက်ပြုပြီးတော့ စနစ်တကျအကွက်ချပြီး စီမံဆောင်ရွက်မယ်ဆိုရင် ပိုပြီးသင့်ကြောင်း ထပ်လောင်းတင်ပြပါတယ်။
