(ခ)-၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၆.၇.၂၀၁၂)

ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်းမဲဆန္ဒနယ်)

မြန်မာနိုင်ငံမှာ လူဦးရေသန်းခေါင်စာရင်းဟာ ၁၉၈၃ ခုနှစ် နောက်ဆုံးထားပြီးကောက်ယူခဲ့တာ ဒီနေ့ အထိမကောက်ဖြစ်တော့ပါဘူး။ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပြန်လည်ကောက်ယူရမယ့်         ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းဟာဖြင့် တစ်နိုင်ငံလုံးရဲ့လူဦးရေအမှန်ကိုလည်း သိရှိရတော့မှာ ဖြစ်ပါတယ်။ ဤသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းဟာ ကြီးမားကျယ်ပြန့်ပြီးတော့ ခက်ခဲနက်နဲပြီး အဓိကအားဖြင့်ငွေကုန်ကြေးကျလွန်စွာကြီးမားတယ်ဆိုတာကို ကျွန်မသိရှိပါတယ်။ ကျွန်မတို့နိုင်ငံဟာ နိုင်ငံပေါင်း ၅ နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိတာပါ။ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ဝေးလံတဲ့ဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေ၊ တိုင်းရင်းသားတွေရဲ့ပြန့်ကျဲနေထိုင်မှုတွေ၊ ဘာသာစကားကွဲပြားမှုအပြင် ရွှေ့ပြောင်း လုပ်သား၊ နယ်စပ်ချင်းထိစပ်ပြီးနေထိုင်ကြသူများ၊ ငြိမ်းချမ်းရေးရယူပြီးသော တိုင်းရင်းသားများစတဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းဟာ ခက်ခဲမယ်လို့ကျွန်မသိပါတယ်။ သန်းခေါင် စာရင်းကောက်ယူရေးအတွက် ထောင့်ပေါင်းစုံကနေ နည်းပညာလိုအပ်ချက်၊ အသုံးပြုမယ့်ငွေကြေး လိုအပ်ချက်၊ လူအင်အားလိုအပ်ချက်နဲ့ပြည့်စုံမှသာ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန် အတွင်းအောင်မြင်စွာပြီးစီးလိမ့်မယ်လို့ သတ်မှတ်ယူဆမိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အကူအညီနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အကူအညီများ၊ ပြည်သူလူထုတစ်ရပ်လုံးပါဝင် ဆောင်ရွက်နိုင်မှသာ အချိန်မီလုပ်ငန်းပြီးစီးမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်ပိုင်းကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဒီသန်းခေါင်စာရင်း ကောက်ယူမှုကိုကျွန်မစိတ်ဝင်စားပါတယ်။ ဒီသန်းခေါင်စာရင်းရဲ့ရရှိလာမယ့် အကျိုးရလဒ်ဟာ တိုင်းပြည်ရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊  GDP   နှင့် သုတေသနလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်တဲ့အပြင် အသက်အပိုင်းအခြားအလိုက် လူ့စွမ်းအားအရင်းအမြစ်ကိုဖော်ထုတ် နိုင်မှာဖြစ်ပါတယ်။ အခြားအခြားသောကိစ္စရပ်များအတွက်လည်း ကိန်းဂဏန်းများတိကျမှန်ကန်စွာဖြင့် အထောက်အကူပြုမယ်လို့ယုံကြည်မိပါတယ်။ အစိုးရဝန်ကြီးဌာနတစ်ခုနဲ့သာမက ဒေသအသီးသီးရဲ့ အရည်အသွေးကိုလည်းမြှင့်တင်ပေးရာရောက်မယ်လို့ ထင်မြင်မိပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အတွက် ယခုအချိန်အထိလုပ်ဆောင်ပြီးတဲ့ အခြေအနေများ၊ လုပ်‌ဆောင်ဆဲအခြေအနေများအား လည်းကောင်း၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြုမူဆောင်ရွက်မယ့်လုပ်ငန်းကြီးဖြစ်တဲ့အတွက် အားလုံးကိုလွှမ်းခြုံပြီးတော့ပူးပေါင်းပါဝင်လာအောင် မည်ကဲ့သို့အသိပညာပေးဆောင်ရွက်မည်ကို လည်းကောင်းသိရှိလိုပါတယ်။ အောင်မြင်စွာပြီးမြောက်နိုင်ရန်အတွက် မည်ကဲ့သို့သောအခက်အခဲ များကိုတွေ့ကြုံနိုင်တယ်ကိုသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အဖြေ

 ၂၀၁၄ ခုနှစ်မှာပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့်ပတ်သက်လို့ ဆောင်ရွက်ပြီး၊       ဆောင်ရွက်ဆဲလုပ်ငန်းတွေ၊ တွေ့ကြုံရမယ့်အခက်အခဲတွေနှင့် ပြည်သူတစ်ရပ်လုံးအသိပညာပေး လုပ်ငန်းတွေနှင့်ပတ်သက်လို့ ဆောင်ရွက်နေတဲ့အခြေအနေကိုသိလိုကြောင်း မေးမြန်းထားတာတွေ့ ရပါတယ်။ ဒီလုပ်ငန်းဟာ တစ်တိုင်းပြည်လုံးဝိုင်းဝန်းကူညီရမယ့် အမျိုးသားရေးလှုပ်ရှားမှုလုပ်ငန်းကြီး တစ်ရပ်ဖြစ်တာကြောင့် အခုလိုမေးမြန်းတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မေးခွန်းရှင် အပါအဝင် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့  ရှေ့မှောက်မှာ ရှင်းပြခွင့်ရတာကြောင့် ကျွန်တော့်အနေနဲ့လည်း ဝမ်း‌ွမောက်ဝမ်းသာဖြစ်ရပါကြောင်း တင်ပြလိုပါတယ်။ မေးခွန်းက စုံအောင်မေးထားသလို၊ စုံအောင်ဖြေရမှာဖြစ်တာကြောင့် အချိန် အနည်းငယ်ယူပြီး ဖြေကြားခွင့်ပြပါရန်လည်း ဥက္ကဋ္ဌကြီးထံကြိုတင် တင်ပြအပ်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။     ၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ လုပ်ငန်းပမာဏကြီးမား   ရှုပ်ထွေးပြီး ကုန်ကျစရိတ်များလွန်းတဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ၁၀ နှစ်ကိုတစ်ကြိမ်သာ ဆောင်ရွက်လေ့ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် သန်းခေါင်စာရင်းမကောက်ယူနိုင်တဲ့အတွက် အခုကောက်ယူမယ့် ပြည်လုံးကျွတ် အဆင့်သန်းခေါင်စာရင်းဟာ နှစ် ၃၀ ကြာမှကောက်ယူရတဲ့ အတွေ့အကြုံပြတ်လပ်မှုတွေကြောင့် လစ်ဟာမှုမရှိရအောင် နောက်တစ်ချက်က ခေတ်သစ်နည်းစနစ်တွေအရ စာရင်းမကောက်ယူမီမှာ ကြိုတင်ပြင်ဆင်ရမယ့်အဆင်‌့တွေဟာ ယခင်ထက် ပိုမိုများပြားလာတာကြောင့် ကျွန်တော်တို့ကြိုတင် ပြင်ဆင်မှုအပိုင်းကို အသေးစိတ်အချိန်ယူပြီး စတင်ဆောင်ရွက်ရကြောင်း ကနဦးတင်ပြလိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူမယ့် လူဦးရေသန်းခေါင်စာရင်းကိုလုပ်ငန်းအဆင့် ၄ ဆင့် ခွဲခြားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမအဆင်‌့က ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအပိုင်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလကတည်းက ကျွန်တော်တို့စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၃၁-၃-၂၀၁၄ ရက် နေ့အထိကြိုတင် ပြင်ဆင်ခြင်းကာလဖြစ်လို့ ၃၅ လကြာအချိန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒုတိယအဆင်‌့ကတော့ စာရင်းကောက်ယူခြင်းလုပ်ငန်းဖြစ်ပြီးတော့ ၁-၄-၂၀၁၄ ကနေ ၃၁-၅-၂၀၁၄ ရက်နေ့အထိ ၂ လကြာ အချိန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ကောက်ယူပြီး စာရင်းများကိုစာရင်းပြုစုခြင်းလုပ်ငန်းရပ်တွေဖြစ်လို့ ၁-၆-၂၀၁၄ ကနေ ၃၁-၁၂-၂၀၁၄ အထိ ၇ လ ကြာဆောင်ရွက်ရန်လျာထားပါတယ်။ စတုတ္ထအဆင့်ဖြစ်တဲ့ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန် ခြင်းလုပ်ငန်းကိုတော့ ၁-၁-၂၀၁၅ ကနေ ၂၈-၂-၂၀၁၅ ရက်နေ့အထိ ၂ လကြာဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမယ့်အစီအမံတစ်ခုလုံးကို   ၃ နှစ်နှင့် ၁၀ လ ကြာဆောင်ရွက်မှာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့်တော့ ၂၀၁၅ ခုနှစ်အတွင်းမှာပဲ လူဦးရေဆိုင်ရာအခြေခံအချက်အလက်များကို ထုတ်ပြန်နိုင်မှာဖြစ်ပါကြောင်း ကနဦးတင်ပြလိုပါတယ်။

          ကျွန်တော်တို့ အခု ဆောင်ရွက်မယ့်သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး အခြေခံထားတဲ့ကိန်း ဂဏန်းများကိုဦးစွာတင်ပြလိုပါတယ်။ လူဦးရေနှင့်ပတ်သက်ပြီး တရားဝင်တင်ပြထားတဲ့ ၆၀.၃၈ သန်း ကိုအခြေခံပါ့မယ်။ အိမ်ထောင်စုကို ၁၁ သန်းကိုအခြေခံပါ့မယ်။ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၅၁၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၀၊ ကျေးရွာပေါင်း ၆၄၁၄၁ စတဲ့ကိန်းဂဏန်းများကို အခြေခံ ကိန်းဂဏန်းများအဖြစ် အသုံးပြုဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအခြေခံပေါ်မှာမူတည်ပြီးတော့ စာရင်း ကောက်တဲ့အခါမှာလွယ်ကူအောင်ဆိုပြီးတော့ ပျမ်းမျှအိမ်‌ွခေ ၁၂၅ ကနေပြီးတော့ ၁၅၀ ကြား၊ တချို့ နေရာတွေမှာ အိမ်ခြေ ၆၀ ကနေ ၇၀ ကြားကို ကောက်ကွက် ၁ ကွက်အဖြစ်သတ်မှတ်ဖွဲ့စည်းမှာမို့ တစ်နိုင်ငံလုံးမှာ ကောက်ကွက်ပေါင်း ၉၁၀၀၀ ခန့်ရှိမှာဖြစ်ပါတယ်။ ကောက်ကွက်တစ်ကွက်မှာ စာရင်းကောက် ၁ ဦးနှင့် ကောက်ကွက် ၅ ကွက်ကို စာရင်းစစ် ၁ ဦးခန့်ထားဆောင်ရွက်မှာဖြစ်တဲ့ အတွက်ကြောင့် စုစုပေါင်းကောက်ကွက် ၉၁၀၀၀ အတွက် အရန်အင်အားကိုပါထည်‌့တွက်ရင် စာရင်း ကောက်အင်အား ၁၀၀၀၀၀ နှင့် စာရင်းစစ်အင်အား ၂၀၀၀၀ ခန့်နှင့် ဒီစီမံချက်ကိုဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ အသင့်တော်ဆုံးဖြစ်မယ့် ပညာရေးဝန်ထမ်းများရဲ့ကူညီမှုနဲ့ဆောင်ရွက် မှာဖြစ်ပြီး မူလတန်းပြဆရာဆရာမလေးများကိုစာရင်းကောက်အဖြစ်လည်းကောင်း၊ အလယ်တန်းပြ ဆရာဆရာမလေးများကိုစာရင်းစစ်အဖြစ်လည်းကောင်း သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း တင်ပြလိုပါ တယ်။

          မြေပြင်ကွင်းဆင်းစာရင်းကောက်တဲ့လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ၇ ရက် နေ့အထိ ၇ ရက်တာဆောင်ရွက်မှာဖြစ်ပါတယ်။ မေးမြန်းကောက်ယူရာမှာ အသက်အရွယ်၊ ကျား၊မ၊ မွေးသက္ကရာဇ်၊ အိမ်ထောင်ရေးအခြေအနေ၊ လူမျိုး၊ မွေးဖွား၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက် စတဲ့ လူဦးရေပြောင်းလဲခြင်းဆိုင်ရာအချက်အလက်တွေ၊ ဝင်ငွေ၊ အသုံးစရိတ်စတာတို့ပါတဲ့ စီးပွားရေး ဆိုင်ရာအချက်အလက်တွေ။ စာပေတတ်မြောက်မှုစတဲ့ပညာရေးဆိုင်ရာအချက်အလက်တွေ။ အိမ်ရာ ပိုင်ဆိုင်မှု၊ ဘာသာစကားစတဲ့အချက်တွေကို ကောက်ယူမေးမြန်းသွားမှာဖြစ်ပါတယ်။ လူတစ်ဦးကို ပျမ်းမျှမေးခွန်း ၄၀ ခန့်မေးမြန်းနိုင်အောင်စီမံထားတာဖြစ်ပါတယ်။ ကောက်ယူပြုစုတဲ့အခါမှာ အိမ်ထောင်စုလိုက်နေတဲ့လူဦးရေတွေ။ ရွှေ့ပြောင်းသွားလာနေတဲ့လှေ၊ သင်္ဘောစတာတွေအပေါ်မှာ  နေထိုင်တဲ့လူဦးရေတွေ။ ရဲစခန်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ အကျဉ်းထောင်၊ လူမှုစောင့်ရှောက်ရေး ဂေဟာစတာတွေမှာနေထိုင်တဲ့လူတွေအပါအဝင် အဖွဲ့အစည်းအလိုက်ရှိနေတဲ့လူဦးရေတွေ။ အိမ်ရာ အတည်တကျမရှိဘဲနဲ့ ကြုံရာကျပန်းနေထိုင်သူတွေနှင့် လှည်‌့လည်သွားလာသူလူဦးရေ၊ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားဦးရေ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နေထိုင်သူ နိုင်ငံခြားသားများဦးရေ၊ ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့အသီးသီး (ငြိမ်းချမ်းရေးအဖွဲ့အစည်းများအပါအဝင်) စတာတို့မှာပါဝင်တဲ့ ဦးရေနှင့် သစ်တောကြိုးဝိုင်းတွေအတွင်းမှာရှိတဲ့လူဦးရေစသည်ဖြင့် အချက်အလက်ပေါင်းများစွာ ကောက်ယူမှတ်တမ်းတင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ စာရင်းကောက်ယူမယ့်မူအနေနဲ့ အမြဲတမ်း‌ နေထိုင်တဲ့အရပ်မှာကောက်ယူတဲ့မူ ပထမ ၆ ရက်အတွင်းမှာ ကောက်ယူသွားမှာဖြစ်ပြီးတော့ သတ္တမမြောက်နေ့မှာတော့ အိမ်ခြေမဲ့ ခြေသလုံးအိမ်တိုင်များအတွက် တွေ့ရာအရပ်မှာကောက်ယူတဲ့ Defecto Method ကိုသုံးပြီး ဒီနည်းလမ်း ၂ ခုနှင့် ပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်း ၂ ခုမှာလည်း မထပ်မကျန်ရအောင် စီမံထားရှိပြီးဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ စာရင်းကောက်ယူမယ့်နည်းလမ်းပိုင်းမှ ကမ္ဘာမှာသုံးတဲ့နည်းလမ်း ၂ သွယ်နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ စာရင်းကောက်ယူမယ့်သူတွေကို တစ်အိမ်တက်ဆင်းမေးမြန်းကောက်ယူတဲ့ နည်းလမ်း (Canvasser Method) ဆိုတဲ့နည်းကို အသုံးပြုမှာဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ မေးခွန်းတွေကိုအိမ်တွေကိုပို့ပြီ‌းတော့ သူ့ဟာသူ ဖြေကြားစေတဲ့ Household Method လို့ခေါ်တဲ့ နည်းကိုသုံးစွဲကြပါတယ်။ ဒါဟာ သန်းခေါင်စာရင်း ၁၀ နှစ် ၁ ကြိမ်ပုံမှန်ကောက်နေတဲ့နိုင်ငံတွေမှာ ကျင့်သားရနေလို့သုံးတာဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ လတ်တလောအခြေအနေအရ Canvasser Method ကပဲမှားယွင်းမှုမရှိဘဲ အသင့်တော်ဆုံးဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီနည်းကို အသုံးပြုရခြင်းဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ အလားတူပဲ ဝေးလံခေါင်ဖျားဒေသတွေ အဲ့ဒီအချိန် အထိ စာရင်းကောက်တဲ့အချိန်အထိ လုံခြုံရေးအခြေအနေအရ သွားလို့မရသေးတဲ့နေရာများရှိနေ သေးတယ်ဆိုရင်လည်း တပ်မတော်စစ်ကြောင်းများ၊ အဖွဲ့အစည်းများ၊ ထိုးဖောက်တပ်မတော်များ၊ လူဦးရေပညာဆိုင်ရာ ခန့်မှန်းတွက်ချက်နည်းများနှင့် တွက်ချက်ကောက်ယူသွားမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုံခြုံရေးအခြေအနေအရ သွားလို့မရနိုင်တဲ့ဒေသတွေကလည်း ကျွန်တော်တို့ ခန့်မှန်း တွက်ချက်မှုတွေအရ စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှုန်းခန့်ပဲရှိကြောင်း အလျဉ်းသင့်လို့ တင်ပြ အပ်ပါတယ်။

          မေးခွန်းထဲမှာ ဆောင်ရွက်ပြီးစီးမှုအပိုင်းကို မေးထားတာဖြစ်တဲ့အတွက်ကြောင့် ဒီကာလဟာ ကျွန်တော်တို့ရဲ့အချိန်ဇယားအရ ကြိုတင်ပြင်ဆြင်ခင်းကာလဖြစ်တာကြောင့် သန်းခေါင်စာရင်းကြိုတင် ပြင်ဆင်မှုလုပ်ငန်းတွေများစွာရှိတဲ့အနက်က ယနေ့အထိဆောင်ရွက်ပြီးစီးမှုကိုတော့ ကျွန်တော်အကျဉ်း ချုံးတင်ပြပါ့မယ်။ ပထမဦးဆုံး ကျွန်တော်တို့ပြီးစီးသွားတဲ့လုပ်ငန်းကတော့ သန်းခေါင်စာရင်းစီမံချက် ပြုစုခြင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ အတွေ့အကြုံရှိတဲ့ဝန်ထမ်း ဟောင်းတွေ၊ ပညာရှင်တွေ၊ ကျွန်တော်တို့နဲ့ပေါင်းစပ်ဆောင်ရွက်နေတဲ့ UNFPA ကတာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂအစီအစဉ်နဲ့စေလွှတ်ပေးတဲ့ နိုင်ငံတကာအကြံပေးပညာရှင်တွေ စတာတွေ နဲ့ အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးပြီးတော့ ခေတ်နှင့်အညီဖြစ်စေဖို့အကြိမ်ကြိမ်ပြင်ဆင်ပြုစုရေးဆွဲပြီးဖြစ် ပါတယ်။ ဒီလုပ်ငန်းနှင့် စီမံချက်ပေါ်မူတည်ပြီး လုပ်ငန်းတစ်ခုချင်းစီအတွက် လုပ်ငန်းအချိန်ဇယားများ ရေးဆွဲခြင်း၊ ဘဏ္ဍာငွေစာရင်းခန့်မှန်းတွက်ချက်ခြင်းစတဲ့ လုပ်ငန်းတွေကိုလည်းဆောင်ရွက်ပြီးဖြစ်ပါ ‌ကြောင်းတင်ပြအပ်ပါတယ်။  ဒုတိယပြီးတဲ့လုပ်ငန်းတစ်ခုကတော့ သန်းခေါင်စာရင်းကောက်တဲ့ အခါမှာအခြေခံရမယ့် လက်ရှိလူဦးရေနှင့် အခြေခံဒေသစာရင်းပြုစုခြင်းလုပ်ငန်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလုပ်ငန်းကို ၂၀၁၁ ခုနှစ်၊ မေလကတည်းက စတင်ဆောင်ရွက်နေပြီးတော့ ဒီလုပ်ငန်း ကတော့စဉ်ဆက်မပြတ်ဆက်လုပ်ရမယ့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြို့နယ်အဆင့်ကစပြီးတော့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ၆ လတစ်ကြိမ်ပေးပို့တဲ့ လူဦးရေနှင့် အခြေခံဒေသစာရင်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံကရရှိတဲ့စာရင်းတွေစုစည်းပြီး အချိန် ၆ လ ကြာတိုင်း ကြာတိုင်းမှာ ပြောင်းလဲမှုတွေကို Up to Date ဖြစ်အောင်မှတ်တမ်းတင်နေတာဖြစ်ပါတယ်။ အခုအခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ရဲ့လုပ်ငန်းတာဝန်တွေထဲမှာ လူပုဂ္ဂိုလ်၊ အိမ်ထောင်စု၊ ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး၊ မွေးဖွား၊ အိုးခွဲ၊ အိမ်ခွဲစတာတွေကိုမှတ်တမ်းတင် ရမယ့်တာဝန်တွေပါနေပြီဖြစ်တဲ့အတွက်ကြောင့် ၆ လတစ်ကြိမ် ပိုမိုမှန်ကန်တဲ့စာရင်းဇယားတွေ စုဆောင်းရရှိနိုင်ပြီလို့ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ အခြေခံပြီးလည်း ဆက်လက်ဆောင်ရွက် သွားနေတာဖြစ်ပါတယ်။

          တတိယဆောင်ရွက်ပြီးတဲ့လုပ်ငန်းကတော့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို အနီးကပ်ကြပ်မတ်ကွပ်ကဲနိုင်ဖို့ ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းကို နာယကအဖြစ် ဦးဆောင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျွန်တော်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူလို့ ဆက်စပ်ဝန်ကြီးဌာနမှအဖွဲ့ဝင် ၁၈ ဦးပါတဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဆက်စပ်ဝန်ကြီးဌာနမှအဖွဲ့ဝင် ၂၄ ဦးပါတဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီကိုလည်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အဲ့ဒီ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ မြေပြင်လုပ်ငန်းတွေကို တိုင်းဒေသကြီးနှင့်ပြည်နယ်တွေကို ရောက်လာတာနှင့်တစ်ပြိုင်နက်ဆောင်ရွက်ဖို့လည်း အသင့်ရှိနေကြပြီဖြစ်ပါတယ်။ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီအစည်းအဝေးတို့ကိုလည်း လုပ်ငန်းလိုအပ်ချက် တိုင်းမှာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။

          ဆောင်ရွက်ပြီး စတုတ္ထလုပ်ငန်းကတော့ မြေပုံရေးဆွဲခြင်းလုပ်ငန်းဖြစ်ပါတယ်။ သန်းခေါင် စာရင်းကောက်ယူရာမှာ ထပ်ခြင်း၊ ကျန်ခြင်းမရှိဘဲနဲ့ ကောက်ယူရမယ့်သူအားလုံးကိုပါအောင် ကောက်ယူဖို့အတွက် အခြေခံမြေပုံတွေရေးဆွဲခြင်း၊ စာရင်းကောက်ကွက်များခွဲနိုင်ဖို့ဟာ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ မြေပုံရေးဆွဲရာမှာ ပထမအဆင့်ဖြစ်တဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအားလုံးရဲ့မြေပုံတွေကို အဆောက်အဦစာရင်း၊ လူစာရင်းပါထည်‌့ပြီးတော့ရေးဆွဲရတာဖြစ်ပါ တယ်။ မျက်စိနဲ့ကြည့်ပြီး လက်နဲ့ဆွဲတဲ့ Manual နည်းနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နှင့် မြို့နယ်အညွှန်းစတဲ့မြေပုံ ၅ မျိုးကိုရေးဆွဲရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကွင်းဆင်းဆောင်ရွက်ရမယ့် လဝကဝန်ထမ်းတွေကို အဲ့ဒီကိစ္စတွေနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့နည်းပြသင်တန်းအဖြစ် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ၂ ပတ်ကြာ နေပြည်တော်မှာပို့ချပြီးတော့ ဆင့်ပွားသင်တန်းများကိုလည်း တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးမှာပို့ချထားပြီးဖြစ်ပါတယ်။ မြေပြင်မှာလည်း လဝကဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနှင့် မြေစာရင်းအရာရှိငယ်များပူးပေါင်းပြီးတော့ နိုင်ငံတစ်ဝန်းကွင်းဆင်းရေးဆွဲဆောင်ရွက်နေ ကြပြီဖြစ်ပါတယ်။ မြေပုံရေးဆွဲခြင်းလုပ်ငန်းဟာ အခြေခံကျသောလုပ်ငန်းပမာဏကြီးမားပြီး အချိန်ယူ ဆောင်ရွက်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီလုပ်ငန်းကို ကျွန်တော်တို့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၃၄ လကြာလောက်အချိန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပဏာမအဆင့် Manual နဲ့ကွင်းဆင်းရေးဆွဲထားတဲ့မြေပုံတွေကို ခေတ်မီနည်းနဲ့ဖြည့်စွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအစီအစဉ်အရ ပထမအကြိမ် မြေပုံကျွမ်းကျင်သူပညာရှင်တစ်ဦးက ၂ ပတ်ခွဲလောက်ကြာ ကျွန်တော်တို့ဝန်ကြီးဌာနကိုလာပြီးတော့ ဝန်ထမ်းတွေနဲ့ရက်တိုသင်တန်းများပို့ချပြီး ဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းမှာ ရပ်ကွက်တစ်ခုကို လမ်း၊ အိမ်၊ ထင်ရှားတဲ့အမှတ်အသားတွေဖော်ပြထား တဲ့ လက်နဲ့ဆွဲတဲ့မြေပုံကို ဂြိုလ်တုမြေပုံများ၊ UTM မြေပုံများနဲ့ထပ်လိုက်ခြင်းအားဖြင့် နယ်နိမိတ်တွေ၊ အဆောက်အဦတွေ၊ ထင်ရှားတဲ့နေရာတွေစသည်ဖြင့် အသေးစိတ်ထပ်ဖြည်‌့နိုင်တဲ့ Digital Type မြေပုံထုတ်လုပ်နည်းကိုရရှိနေပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် GPS အသုံးပြုပြီးတော့ မြေပုံဖြည့်စွက် ရေးသားနည်းများကိုလည်း စာတွေ့လက်တွေ့လေ့ကျင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့် ပေါင်းစပ်ပြီး တော့ Up Date ဖြစ်အောင်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။

          ဆောင်ရွက်ပြီး ပဉ္စမလုပ်ငန်းကတော့ နိုင်ငံတော်အကြီးအကဲနှင့် မစ္စတာဘန်ကီမွန်းတို့ ကြိုတင်ညှိနှိုင်းချက်အရ ကုလသမဂ္ဂနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ အကြား Land of Exchange ကိုလက်မှတ်ရေးထိုးလိုက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ စံချိန်စံညွှန်းမီ သန်းခေါင်စာရင်းဖြစ်ရေးအတွက် နည်းပညာ၊ စက်ကိရိယာ၊ ကျွမ်းကျင်သင်တန်းနှင့် အဆင့်တစ်ခုချင်း စီအတွက် ကျွမ်းကျင်ပညာရှင်များအပါအဝင် အကူအညီပေးရေးကိစ္စဖြစ်ပါကြောင်းတင်ပြအပ်ပါ တယ်။

          ဆောင်ရွက်ပြီး ဆဋ္ဌမလုပ်ငန်းအနေနဲ့ကတော့ ခေတ်နှင့်အညီသန်းခေါင်စာရင်းဥပဒေပြင်ဆင် ရေးဆွဲခြင်းလုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သန်းခေါင်စာရင်းဥပဒေအသစ်ကို ယခင်ရှိပြီးဖြစ်တဲ့ ၁၉၇၂ ခုနှစ် သန်ခေါင်စာရင်းဥပဒေအပေါ်မှာအခြေခံပြီး ပြင်ဆင်ရေးဆွဲသွားမှာဖြစ်ပါတယ်။ ဝန်ကြီး ဌာနအဆင့် ပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းပြီးဆုံးပါပြီ။ နိုင်ငံတကာစံချိန်စံညွှန်းမီဖြစ်စေဖို့အတွက် ကုလသမဂ္ဂဥပဒေရေးရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းများလည်းပြုလုပ်ပြီးဖြစ်ပါ တယ်။ အချောသတ်ပြီးဖြစ်တဲ့ ကျွန်တော်တို့ သန်းခေါင်စာရင်းဥပဒေသစ်ကို ရှေ့နေချုပ်ရုံးကိုသဘော ထားမှတ်ချက်ရယူဖို့ပေးပို့ထားပြီးဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း ကျွန်တော်တို့အပြန်အလှန်တွေ့ဆုံ ညှိနှိုင်းပြင်ဆင်နေကြဆဲဖြစ်ပါတယ်။ အချောသတ်ရရှိလို့ရှိရင် အကြီးအကဲထံတင်ပြပြီး ခွင့်ပြုချက်နဲ့ လွှတ်တော် ဥပဒေကြမ်းကော်မတီကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ အချိန်ဇယားအရ အချိန် လုံလောက်မှုရှိကြောင်းလည်းတင်ပြအပ်ပါတယ်။

          ကျွန်တော်အထက်ကတင်ပြခဲ့သလိုပဲ ဆောင်ရွက်ပြီးလုပ်ငန်းတွေရှိသလို လက်ရှိဆောင်ရွက် နေဆဲလုပ်ငန်းများလည်းရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီထဲက အချို့ကိုထုတ်နုတ်တင်ပြရရင် သန်းခေါင် စာရင်းနှင့်ပတ်သက်တဲ့ မေးခွန်းပုံစံများ၊ လက်စွဲစာစောင်များပြုစုခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ကျွန်တော်တို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နည်းပညာအသုံးပြု ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနတစ်ခုလုံး ကွန်ပျူတာစွမ်းရည်မြင့်မားရေးအတွက် စုစည်း ဆောင်ရွက်လေ့ကျင့်မှုလုပ်ငန်းများလည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လုပ်ငန်းနှင့်ပတ်သက်တဲ့ လုပ်ငန်းအကြံပေးကော်မတီများ၊ နည်းပညာအကြံပေးကော်မတီများ ဖွဲ့စည်းရေးအတွက်လည်း ညှိနှိုင်း တိုင်ပင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ စနစ်တကျရေးဆွဲပြုစုထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ မြေပုံများအပေါ်မှာ စာရင်းကောက်ကွက်တွေဖွဲ့စည်းဖို့၊ အဆောက်အအုံတင်ဖို့လုပ်ငန်းများလည်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ပြည်သူလူထုကိုချပြမယ့်မေးခွန်းပုံစံတွေနှင့်  အချက်အလက်အသုံးပြုရမယ့်သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲများလည်းကျင်းပဖို့လည်းဆောင်ရွက်နေ ဆဲလုပ်ငန်းဖြစ်ပါတယ်။ Final Life ဖြစ်တဲ့စာရင်းကောက်ယူခြင်းလုပ်ငန်းမစခင်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီအတွက် မြို့မှာကောက်ကွက် ၂ ကွက်၊ ကျေးလက်မှာကောက်ကွက် ၂ ကွက်စီကို စမ်းသပ်သန်းခေါင်စာရင်း Pre- Sunset ကောက်ဖို့လည်း ဝန်ထမ်းများကိုလေ့ကျင့်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှာသုံးမယ့် စက်တစ်မျိုးဖြစ်တဲ့ (ICR) Intelligent Character Recognition နည်းပညာအသုံးပြုဖို့အတွက် လိုအပ်တဲ့စက်ကိရိယာတပ်ဆင်ခြင်း၊ Software များ Install လုပ်ခြင်း၊ Calculatain  Plan ရေးဆွဲခြင်း၊ Data Entry Program များ၊ Editing Program များရေးသားခြင်းစတဲ့လုပ်ငန်းများကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်နေဆဲဖြစ်ပါ တယ်။  စာရင်းစစ်များ၊ စာရင်းကောက်များအတည်ပြုခန့်ထားခြင်းနှင့် လုပ်ငန်းခွင်သင်တန်းများ ပေးွခင်း လုပ်ငန်းများကိုလည်း အချိန်ဇယားအတိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါ တယ်။

          မေးခွန်းမှာဖော်ပြခဲ့တဲ့အတိုင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံးလွှမ်းခြုံပူးပေါင်းပါဝင် လာအောင် အသိပညာပေးရေးလုပ်ငန်းများဟာလည်း အလွန်အရေးကြီးပါတယ်။ သန်းခေါင်စာရင်းမှာ ပြည်သူတွေအပိုင်းကဖြေကြားဖို့တာဝန်ရှိမှုတွေ၊ မေးတဲ့မေးခွန်းအပေါ်မှာ အခွန်ဆောင်ခိုင်းမှာလား ဆိုပြီးတော့ မှားယွင်းတွေးတောချက်နဲ့ မမှန်မကန်လိမ်လည်ဖြေကြားမှုတွေမရှိရအောင်၊ အထူးသဖြင့် လူမျိုး၊ မျိုးနွယ်စုဆိုင်ရာဖြေကြားချက်တွေကို နိုင်ငံသားဖြစ်မှုနဲ့ ရောထွေးမစဉ်းစားမိဖို့ကိစ္စတွေ သန်းခေါင်စာရင်းဟာ ပြည်သူအားလုံးအတွက်ဖြစ်တယ်ဆိုတာကို ပြည်သူအများလက်ခံနားလည် သဘောပေါက်နိုင်ဖို့အတွက် သန်းခေါင်စာရင်းရဲ့အကျိုးကျေးဇူးတွေကိုသိရှိနားလည်နိုင်စေဖို့အတွက် စတဲ့အချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ပညာပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ယခင်အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံနှင့် လုပ်ငန်းအချိန်ဇယားတွေအရ လူထုပညာပေးရေး လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာစတင်ရန်ဖြစ်သော်လည်း ကျွန်တော်တို့နိုင်ငံမှာ သန်းခေါင် စာရင်းမကောက်တာ အလွန်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူများအနေနဲ့ သန်းခေါင်စာရင်းရဲ့သဘောတရားများအပေါ်မှာ ရှုပ်ထွေးမှုရှိနေတာကြောင့် အသိပညာပေးရေး လုပ်ငန်းများကို စောနိုင်သမျှဆောလျင်စွာဆောင်ရွက်နိုင်ဖို့အတွက် စတင်နေပြီဖြစ်ပါတယ်။ လက်လှမ်းတမီ အကြိုပညာပေးရေးလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစတဲ့ တိုင်း ၄ တိုင်းကိုတော့ ကျွန်တော်နှင့် တာဝန်ရှိ အဖွဲ့အစည်းများ စတင်တွေ့ဆုံညှိနှိုင်းဆွေးနွေးနေပြီဖြစ်ပါတယ်။ သတင်းမီဒီယာများနှင့်လည်း ၅ ကြိမ်၊ ၆ ကြိမ်လောက်တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။ အနည်းဆုံးတော့ ပြည်သူတွေကြားမှာ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်မယ်ဆိုတာလောက်တော့ သိပြီးဖြစ်တဲ့အဆင်‌့လောက်ထိတော့ ရောက်နေပြီ လို့ပြောရမှာဖြစ်ပါတယ်။ ဆက်ပြီးလည်း ကျွန်တော်တို့ ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။ ပြည်သူ လူထုတစ်ရပ်လုံးကသိရှိပြီး လူထုလှုပ်ရှားမှုအသွင်နဲ့ပါဝင်လာစေရေးအတွက် သတင်းပြန်ကြားရေး လုပ်ငန်းတွေဖြစ်တဲ့ သတင်းစာတွေ၊ စာစောင်တွေမှာ ကြော်ငြာထည်‌့တာတို့၊ ပညာပေးစာစောင်များ ဖြန့်ဝေတာတို့၊ သတင်းစာ၊ ဂျာနယ်ဆောင်းပါးများရေးသားတာတို့၊ တံဆိပ်ခေါင်းတွေထုတ်ဝေတာတို့၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှာတွေ့ဆုံခန်းတွေလုပ်တာတို့၊ တေးသီချင်းများစပ်ဆိုအသံလွှင့်တာတို့၊ ရုပ်မြင်ဇာတ်လမ်းများရိုက်ကူးတာတို့၊ မြို့နယ်ပေါင်း ၃၃၀ နှင့်မြို့နယ်ခွဲ ၈၂ ခုမှာ ဗီနိုင်းဆိုင်းဘုတ်တွေ စိုက်ထူတာတို့၊ နံရံကပ်ပိုစတာတွေရိုက်နှိပ်ဖြန့်ဝေတာတို့ စတာတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒါ့အပြင်လည်း နိုင်ငံတကာမှာဆောင်ရွက်နေတဲ့စနစ်တွေကို ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီသမျှ ထည်‌့သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ အသေးစိတ်အစီအမံများကိုလည်း ရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့လည်း ကုလသမဂ္ဂအစီအစဉ်အရ အသိပညာပေးရေးဆိုင်ရာပညာရှင်တစ်ဦး လည်းလာရောက်ပြီး ကျွန်တော်တို့ကို အကြံဉာဏ်ပေးမယ့်အစီအစဉ်လည်းရှိပါတယ်။ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း ဝိုင်းဝန်းကူညီရမှာဖြစ်တဲ့အတွက်ကြောင့် ပြည်သူပိုင်းကို တင်ပြလိုတဲ့အချက်ကတော့ သန်းခေါင်စာရင်းဟာ ပြည်သူလူထုအကျိုးအတွက်ကောက်ယူတာဖြစ် တယ်။ ဒါကြောင့်မို့လို့ ပြည်သူများက အမျိုးသားရေးလုပ်ငန်းတာဝန်အဖြစ် လူထုလှုပ်ရှားမှုအသွင်နဲ့ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ဒီသန်းခေါင်စာရင်းမှာ ကောက်ယူခဲ့တဲ့အချက်တွေက လည်း နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ အသုံးပြုမှာဖြစ်တဲ့အကြောင်းနှင့် အခွန်ဆောင် ခြင်းဆိုင်ရာကိစ္စတွေနှင့် ဘယ်လိုမှမပတ်သက်ကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များဟာ နိုင်ငံ့ ဝန်ထမ်းများဖြစ်တဲ့အတွက်ကြောင့် စာရင်းကောက်ယူဖို့လာရောက်ချိန်မှာ အိမ်တံခါးဖွင့်ပြီးကြည်ဖြူစွာ မေးခွန်းတွေကို ပြည်‌့စုံမှန်ကန်စွာဖြေကြားပေးဖို့အပိုင်းမှာလည်း ဝိုင်းဝန်းကူညီပေးဖို့ရှိပါကြောင်း တင်ပြအစီရင်ခံအပ်ပါတယ်။

          မေးခွန်းရှင်မေးမြန်းထားတဲ့အတိုင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ပါဝင်ရမယ့် အမျိုးသားရေးလှုပ်ရှားမှုဖြစ်ခြင်း၊ လုပ်ငန်းပမာဏကြီးမားခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ နှစ် ၃၀ ကျော်ကြာအတွေ့အကြုံပြတ်လပ်သွားခြင်းတို့ကြောင့် လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲများနဲ့ရင်ဆိုင်တွေ့ကြုံနိုင်ကြောင်း ကြိုတင်မှန်းဆထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စုပေါင်းအားနဲ့ ဒီအခက်အခဲကိုကျော်ဖြတ်သွားမှာဖြစ်ပါတယ်။ ဥပမာတစ်ခု ပြောရရင် မြေပုံရေးဆွဲရေးလုပ်ငန်းတွေမှာ ကျွန်တော်တို့ လဝကဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းအရာရှိများနှင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျက်စိနဲ့ကြည်‌့ပြီး လက်နဲ့ဆွဲတဲ့ Manual လုပ်ငန်းနဲ့စတင်ဆောင်ရွက် နေတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အချိန်မီပြီးစီးဖို့အတော်ခက်ပါတယ်။ လုပ်ငန်းချင်းနှီးနွယ်ဆက်စပ်နေတဲ့ ဌာနများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးမှသာ ဒီလုပ်ငန်းကြီးဟာအချိန်မီပြီးစီးနိုင်မှာဖြစ်ပါတယ်။ မြေပုံရေးဆွဲခြင်းလုပ်ငန်းမပြီးရင် သန်းခေါင်စာရင်း ကောက်ယူရာမှာထပ်ခြင်း၊ ကျန်ခြင်းဖြစ်နိုင်တဲ့အတွက်ကြောင့် ရလာမယ့်အချက်အလက်တွေကလည်း အရည်အသွေးထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကိုလည်း ကျွန်တော်တို့ကွင်းဆင်းပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတွက် စဉ်ဆက်မပြတ်နှိုးဆော်နေရတဲ့ အခက်အခဲများလည်းရှိပါတယ်။ နောက်တစ်ချက်က ဘဏ္ဍာငွေနှင့် အထောက်အကူပစ္စည်းများနှင့်ပတ်သက်လို့လည်း လိုအပ်ချက်များ ရှိနေဦးမှာဖြစ်ပါတယ်။ မူလကတော့  ကျွန်တော်တို့လုပ်ငန်းတစ်ခုလုံးစာအတွက် ဘဏ္ဍာငွေတွက်ချက် တင်ပြတောင်းခံထားခဲ့ပေမယ့် အတွေ့အကြုံတွေနည်းတာကြောင့် ထည်‌့သွင်းတွက်ချက်ရာမှာ မပါသွားတဲ့အချက်တွေကိုလည်း ထပ်မံလိုအပ်ချက်တွေအမြဲတမ်းရှိနေလို့ လိုနေသေးတဲ့အတွက် ကြောင့် ပြီးခဲ့တဲ့ဘတ်ဂျက်ကနေစပြီးတော့ နှစ်အလိုက်ပဲပိုင်းခြားတွက်ချက်တင်ပြပြီးတော့ တောင်း ခံသွားပါမယ်။ အရေးပေါ်လိုအပ်ချက်များရှိလို့ရှိရင်လည်း ဖြည့်စွက်ရန်ပုံငွေတင်ပြတောင်းခံခြင်းတွေ လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒါနှင့်ပတ်သက်ပြီးတော့လည်း ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကြီးထံ ကြိုတင်တင်ပြထားခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီနေရာမှာအခက်အခဲအနေနဲ့ ဥပမာ ပြောရရင် အိမ်ထောင်စုဝင် ၁၁ သန်းအတွက် မေးခွန်းအဖြေခကိုက ၃၃ သန်းစာလောက် စာရွက်စာတမ်းထိန်းရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် ICR စက်တွေတပ်ဆင်ဖို့နေရာတွေ၊ ဝန်ထမ်း တွေ၊ ယခင်ကဆိုဝန်ထမ်းပေါင်းလုပ်အားပေး ၁၀၀၀ လောက်ထပ်ခန့်ရပါတယ်။ အဲ့ဒါတွေ သုံးမှာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီလောက် များများစားစားလိုအပ်မှုမရှိပါဘူး။ ဝန်ထမ်းတွေမဖြစ်မနေ ဖြည်‌့စွက်ခန့်ထားရမယ့်အခြေအနေ၊ နောက်လက်ရှိခန့်မှန်းထားတဲ့ ရုံးတစ်ရုံးစာလောက်ထပ်ပြီး လိုအပ်ချက်တွေ၊ နောက်ပြီးတော့ ကွင်းဆင်းဆောင်ရွက်ရမယ့်သူတွေအတွက် နေ့တွက်စရိတ် တောင်းခံမှုတွေစတဲ့ကိစ္စတွေဟာ အရေးပေါ်ထပ်မံတွက်ချက်ရတဲ့ဟာတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီအခက်အခဲများကို ဘဏ္ဍာငွေတင်ပြတဲ့အခါမှာလည်း ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ ကျွန်တော့်အနေနဲ့ အလျဉ်းသင့်တုန်းတင်ပြအပ်ပါတယ်။

          နိဂုံးချုပ်အနေနဲ့ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်လို့ လုပ်ရင်းနဲ့ကြုံတွေ့လာမယ့်အခက်အခဲတွေကို ကိုယ်စားလှယ်တော်ကြီးများနှင်‌့အတူ ပူးပေါင်းလက်တွဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ ယခုအချိန်ထိ ဆောင်ရွက်ပြီးသမျှတွေမှာ ကျွန်တော်တို့ ဌာနတစ်ခုတည်းလောက်နဲ့ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေဖြစ်လို့ ဌာနတစ်ခုတည်းနဲ့ဆောင်ရွက်နေ သော်လည်းပဲ နောင်များမကြာမီလုပ်ငန်းစဉ်တွေမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့ ကွင်းဆင်း ဆောင်ရွက်ရမယ့် အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေဖြစ်နေတာကြောင့် အခုလိုအသိပေးခွင့်ရတာကို ဝမ်းသာကြောင်း ကျွန်တော် ကနဦးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လွှတ်တော်ပိုင်းမှာလည်း ဦးမောင်မောင်ဆွေဦးဆောင်တဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် နီးနီးကပ်ကပ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီဥစ္စာနှင့်ပတ်သက်ပြီးတော့ အကြံပြုလိုတဲ့ အချက်များရှိရင်ပဲဖြစ်ဖြစ်၊ ချို့ယွင်းအားနည်းချက်များကို ထောက်ပြရင်ပဲဖြစ်ဖြစ် မည်သည်‌့ကိစ္စမျိုးမဆို နေ့ညအချိန်အခါမရွေး ဆက်သွယ်ဆောင်ရွက်ချက်အပေါ်မှာ အထူးလေးစား ကျေးဇူးတင်စွာဖြင့် လက်ခံရယူသွားမှာဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများကလည်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တဲ့ ဒီလုပ်ငန်းစဉ်ကြီးကို ဒေသခံပြည်သူများနှင့်အတူ လိုအပ်သမျှ ကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် အသိပေးရှင်းလင်းသွားပါသည်။