(က)-ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်နှင့် လက်ခံမှု ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၆.၇.၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပြည့်စုံရမည့်အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်၊ တင်မြှောက်ပိုင်ခွင့် ရှိ၊ မရှိ သိရှိလိုပါတယ်ရှင့်။ အကျိုးအကြောင်းဖော်ပြချက်အရ ကရင်ပြည်နယ်မှာရှိတဲ့ ကျေးရွာဒေသ အချို့မှာ ကျေးရွာလူကြီးအဖြစ်ထားရှိရာမှာ ပြဿနာကို သိမ်မွေ့ညင်သာစွာ ဖြေရှင်းတတ်သော၊ ပို၍ ပြောဆိုဆက်ဆံတတ်သော အမျိုးသမီးများကိုသာ ရွာလူကြီးအဖြစ် ထားရှိကြပါတယ်ရှင့်။ သို့ဖြစ်ပါ၍ ကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပြည့်စုံရမည့်အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီး များအား ရွေးချယ်ပိုင်ခွင့်၊ တင်မြှောက်ပိုင်ခွင့်ရှိ၊ မရှိသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ကို     ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာလည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇ ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ဥပဒေများနှင့်စပ်လျဉ်းပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၃၈၆/၂၀၁၂) နှင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၃) ပုဒ်မ ၅ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများမှာ ပြည့်စုံရမယ့် အရည်အချင်းများနှင့်ပတ်သက်ပြီး နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊ အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ သင့်တင့်သော ပညာအရည်အချင်းရှိသူ ဖြစ်ခြင်း၊ စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ အတွင်း တစ်ဆက်တည်း အနည်းဆုံး ၁၀ နှစ် နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင် ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း၊ ခြွင်းချက်အနေနဲ့ ဒေသခံအငြိမ်းစား ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအတွင်း နေထိုင်သည်‌့ကာလကို လျှော့ပေါ့စဉ်းစားနိုင်ပါတယ်။ ရပ်ရွာက ကြည်ညိုလေးစားခြင်း ခံရပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊ ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကို ထမ်းဆောင် နိုင်စွမ်းရှိသူဖြစ်ခြင်း၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊ အတူနေမိသားစုဝင်များသည်လည်း အကျင်‌့စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူဖြစ်ခြင်း၊ တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်းဆိုပြီးတော့ ပြဋ္ဌာန်း ထားပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၄) ပုဒ်မ ၆ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ခန့်အပ်တာဝန်ပေးခြင်းနှင့်ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ် နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိတဲ့ ရပ်မိရပ်ဖ ၅ ဦးကိုရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်တင်မြှောက်ရာမှာ ဖော်ပြပါဥပဒေ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိတဲ့ ရပ်မိရပ်ဖ ၅ ဦးပါရှိတဲ့ ကြီးကြပ်ရေးအဖွဲ့နှင့် ရွေးချယ်တင်မြှောက်တဲ့ မည်သည်‌့ အမျိုးသား အမျိုးသမီးကိုမဆိုရွေးချယ်တင်မြှောက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။