(င)-တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၂၀၁၂ သင်္ချာမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၂)

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် ကျောင်းသားလူငယ်များရဲ့ အရေးကြီးဆုံး ဖြတ်သန်းရတဲ့ ဘဝပန်းတိုင် ဖြစ်တာမို့လို့ ကျောင်းသားများအတွက် နစ်နာမှုမရှိစေရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန မှလည်း အထူးသတိပြုစေရေး ရည်ရွယ်ပြီး မေးမြန်းရခြင်း ဖြစ်ပါကြောင်း ကြိုတင်တင်ပြလိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၂၀၁၂ သင်္ချာမေးခွန်း Section C မေးခွန်းအမှတ်စဉ်  10(a) ပေးမှတ် ၅ မှတ်တန် မေးခွန်းမှားယွင်းမှု ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ထပ်မံ၍ သိရှိရသည်မှာ No.1 Section A No.3 ပေးမှတ် တစ်မှတ်တန် မေးခွန်းတွင်လည်း ပေးထားတဲ့ အဖြေမှာ ရွေးချယ်ရန် အဖြေမရှိတဲ့အတွက် မှားနေကြောင်းကိုလည်း သိရှိရပါတယ်။ အဆိုပါမှားယွင်းမှုနှင့်ပတ်သက်လို့ စာစစ်ဆောင်ရွက်တဲ့အခါမှာတော့ အဆိုပါမေးခွန်းများကို နံပါတ် တပ်ထားခဲ့ရင် အမှတ်ပေးရန် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ သို့ရာတွင် အချို့ကျောင်းသားများ အနေနဲ့ မေးခွန်းမှားနေသည်ဟု ယူဆပြီး မဖြေဆိုဘဲ နံပါတ် မတပ်ဘဲ ထားခဲ့ကြတဲ့အတွက် နစ်နာမှုများ ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ၎င်းကိစ္စများနှင့်ပတ်သက်ပြီး မိဘပြည်သူများရဲ့ သဘောထားဆန္ဒကို တင်ပြရရင် မှားတတ်တဲ့ သဘောသဘာဝရှိသော်လည်း စာမေးပွဲဖြစ်တဲ့အတွက် မမှားစေရေး ဆောင်ရွက်သင့်ပါတယ်။ မှားသွားပါက တာဝန်ရှိသူများက တာဝန်ယူ၊ တာဝန်ခံရမည်သာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ ကျောင်းသားလူငယ်များရဲ့ အရေးကြီးသော ဘဝပန်းတိုင်ဖြစ်ပါကြောင်း စာမေးပွဲတွင် ၁ မှတ်၏ တန်ဖိုးသည်လည်း ဘဝအဆုံးအဖြတ်ဖြစ်တာမို့ မေးခွန်းထုတ်ပြန်တဲ့ နေရာမှာ အထူးသတိပြုစေချင်ကြောင်း၊ ကျောင်းသားဆိုသည်မှာ မှားနေရင် ‌ဖြေမှာမဟုတ်ပါကြောင်း၊ စာမေးပွဲခန်းမှာ မှားနေသည်ဟု ထောက်ပြသော်လည်း ချက်ချင်းအဖြေရနိုင်မှာ မဟုတ်ပါကြောင်း၊ ကျောင်းသားများရဲ့ နစ်နာမှုအတွက် နံပါတ်စဉ်တပ်သည် မတပ်သည်ကို ပြော၍ မရပါကြောင်း၊ မှားတယ်ဆိုရင် ကျောင်းသားများ အားလုံးအပေါ်တွင် ၎င်းအမှတ် ၆ မှတ်သည် ရသင့်ရထိုက်သော အမှတ်ဖြစ်တယ်လို့ ယူဆမိပါကြောင်း၊ လက်ရှိမေးခွန်းစာရွက်များဟာလည်း စာရွက်အရည်အသွေး ကောင်းမွန်မှုမရှိတဲ့အတွက် ကောင်းမွန်တဲ့ စာရွက်အမျိုးအစားများကိုသာ သုံးစွဲသင့်ပါကြောင်း မိဘ ပြည်သူတို့ရဲ့ သဘောထားကို သိရှိရပါတယ်။ သို့ပါ၍ တင်ပြမေးမြန်းလိုသည်မှာ (၁) မေးခွန်းများ မှားယွင်းခဲ့ခြင်းမှန်ကန်ပါက နောင်တွင်မဖြစ်ပေါ်စေရေး ပညာရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်ထားရှိမှု၊ (၂) တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အရေးကြီးပါသဖြင့် အရည်အသွေးကောင်းမွန်သော စာရွက်အမျိုးအစားများကို သုံးစွဲရန် ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာမေးခွန်းမှာ Section C (Answer Any Six Questions) မေးခွန်းအမှတ်စဉ် 10(a) မှာ  a.p အစား Typing Error ဖြစ်၍ ကွန်ပျူတာတွင် Shift နှိပ်မိပါက a>p ဟု ရိုက်နှိပ်မိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ အဆိုပါ ကိစ္စအတွက် ကျောင်းသူကျောင်းသားများအနေဖြင့် နစ်နာမှုမရှိစေရေးအတွက်လည်း စိစစ် ဆောင်ရွက်ပေးပြီးဖြစ်ပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းစာရွက်ရဲ့ အရည်အသွေးကိုတစ်ပြေးညီဖြစ်စေရန်အတွက် နိုင်ငံခြားစက္ကူ Foreign Paper 70 gram ကို အသုံးပြုထားခြင်းကြောင့် စာရွက်အရည်အသွေးမှာ ပြည့်မီပြီး အဆင့်မြင့်ကောင်းမွန်ပါကြောင်းနှင့် နောက်နောင်မေးခွန်းမှားယွင်းမှုမျိုးမဖြစ်ပေါ်စေရေး အတွက်လည်း စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။