(ခ)-တောင်ပေါ်ဒေသကျေးရွာများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင် စီမံပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၃.၇.၂၀၁၂)

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၈၀ ရှိပြီး ကျေးရွာအုပ်စု ၁၀ စုဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ထိစပ်နေတဲ့တောင်ပေါ်ဒေသများဖြစ်ပါတယ်။ အဆိုပါ တောင်ပေါ်ဒေသများ အနက် သဲပွတ်ကျေးရွာအုပ်စု၊ ဝါးရွက်ကျေးရွာအုပ်စု၊ ကျွဲတက်ကျေးရွာအုပ်စုများဟာ ရှမ်းပြည်နယ် ကလောမြို့နယ်၊ အောင်ပန်းမြို့နယ်မှတစ်ဆင့် ပင်းတယ-ရွာငံလမ်းအတိုင်းဝေးလံခက်ခဲစွာသွားရပါ တယ်။ တစ်ရွာနှင့် တစ်ရွာဆက်သွယ်ရာမှာ တောင်ဆင်းတောင်တက်ခြေလျင်ခရီးဖြင့်သာသွားလာကြရ ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းတဲ့အတွက် ဆေးရုံ၊ ဆေးခန်းကိုအချိန်မီသွားရောက်ကုသ နိုင်ဖို့အခက်အခဲများဖြစ်နေပါတယ်။ အဆိုပါဒေသများအနက် ငှက်ပျောတောကျေးရွာ၌ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခုသာရှိသဖြင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုမလုံလောက် ဖြစ်နေပါတယ်။ သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ ဝေးလံခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်‌့တောင်ပေါ်ဒေသကျေးရွာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်စီမံ ပေးနိုင်မည်‌့အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါကဆောင်ရွက်ပေးမည်‌့အချိန်ကာလအားသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်
အဖြေ

သာစည်မြို့နယ်အတွင်း ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊   ၁၆ ခုတင်ဆံ့ညောင်ရမ်း တိုက်နယ်ဆေးရုံတစ်ရုံ၊ ၁၆ ခုတင်ဆံ့ ယင်းမာပင်တိုက်နယ်ဆေးရုံတစ်ရုံ၊ စုစုပေါင်းဆေးရုံသုံးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၈ ခုဖွင့်လှစ်ထားရှိပြီးတော့ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးရှင့်။ သာစည်မြို့နယ်အတွင်းမှာရှိတဲ့ ဝေးလံခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ဒေသကျေးရွာများအတွက် ထပ်မံ ဖြည်‌့ဆည်းဆောင်ရွက်ပေးစေလိုပါက ကျေးလက်ကျန်းမာရေးဌာန သို့မဟုတ် ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်ဖွင့်လှစ်လိုသည့် ကျေးရွာအမည်အားတိကျစွာဖော်ပြလျက် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနများမှတစ်ဆင်‌့ ထောက်ခံတင်ပြလာပါက အသစ်ထပ်မံ ဖွင့်လှစ်ခွင့်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည်‌့ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။