လာမည့် ၂၀၁၅ ခုနှစ်မှာ အာဆီယံကုန်ဈေးနှုန်းဆိုရမယ့် အာဆီယံအသိုက်အဝန်း ASEAN Economic Community ကို သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကုန်သွယ်ရေးတွင် ဈေးကွက်အရင်းအနှီး၊ ဝန်ဆောင်မှုနှင့် ကျွမ်းကျင်လုပ်သားကိစ္စများလည်း ပေါင်းစည်းလာမှာ ဖြစ်ပါ တယ်။ အာဆီယံ ၁၀ နိုင်ငံအတွင်းရှိ ဦးရေ ၆၀၁ သန်းအတွက် စီးပွားရေးလုပ်ငန်းအတွက် အခွင့်အရေးများ ရရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ AEC နှင့် AFTA အတွက် မျှော်မှန်းပြီး ပြည်တွင်းမှာရှိတဲ့ SME, SMI လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးဖို့ မဖြစ်မနေလိုအပ်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ AEC အတွက်ရော၊ AFTA အတွက်ရော စိုးရိမ်ပူပန်မှုများစွာရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ SME အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အသေးစားလုပ်ငန်းနှင့်ပတ်သက်လို့ လူဦးရေ ၁၀ ဦးမှ ၅၀ ဦး၊ အရင်းအနှီးအနေနဲ့ ကျပ် တစ်သန်း၊ လျှပ်စစ်သုံးစွဲမှုအနေနဲ့ မြင်းကောင်ရေ ၃ ကောင်မှ ၂၅ ကောင်၊ နှစ်စဉ်ထုတ်လုပ်မှုအနေနဲ့ ၃.၅ သန်း ဖြစ်ပါတယ်။ အလတ်စားလုပ်ငန်းအနေနဲ့ လူဦးရေ ၅၁ ဦးမှ ၁၀၀ ဦး၊ အရင်းအနှီး ၁ သန်းကနေ ၅ သန်းဖြစ်ပြီး၊ လျှပ်စစ်သုံးစွဲမှုအနေနဲ့ မြင်းကောင်ရေ ၂၅ ကောင်မှ ၅၀ ကောင်အထိ ဖြစ်ပြီးတော့ နှစ်စဉ် ထုတ်လုပ်မှုအနေနဲ့ ကျပ်သန်းပေါင်း ၁.၅ သန်းကနေ ၁၀ သန်းအထိရှိရမှာ ဖြစ်ပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်များအနေနဲ့ FTM နှင့်ယှဉ်ပြိုင်နိုင်ဖို့ရော AEC အတွက်ရော အဓိကလိုအပ်ချက်ကတော့ အရင်းအနှီးဖြစ်တာကို တွေ့ရပါတယ်။ အရင်းအနှီးသာ စိုက်ထုတ်ပေးနိုင်မယ်ဆိုရင် များစွာ အထောက်အကူရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဘဏ်စနစ်မှာ လိုအပ်ချက်များကို လျင်မြန်စွာပြောင်းလဲပေးဖို့ လိုနေပြီဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်စနစ်မှာ မြန်မာနိုင်ငံအခြေအနေများကို လေ့လာလျှင် ယနေ့ Standard Channel Group ကနေပြီးတော့ အာဆီယံ ၉ နိုင်ငံမှာ ဘဏ်တွေ စတင်ပြီးတော့ ဖွင့်လှစ်ရင်းနှီးနေပြီဖြစ်ပါတယ်။ မကြာမီ ကျွန်တော်တို့ နိုင်ငံအတွင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်မှာ အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်လျက်ရှိပြီးတော့ စီးပွားရေးအခန်းကဏ္ဍကို ပြည်သူပိုင်ကဏ္ဍကို စွန့်လွှတ်ပြီးတော့ ပုဂ္ဂလိက ဘဏ်အဖြစ် ပြောင်းလဲနေပါတယ်။ ပုဂ္ဂလိကလိုဆိုရာမှာ အရင်းအနှီးအင်အားကြီးမားတဲ့ ပြည်တွင်း လုပ်ငန်းရှင်များထက် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် လုပ်ငန်းငယ်များကို ဦးတည်ပြီး ပံ့ပိုးဆောင်ရွက်နိုင်မှသာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေအတွက် မှန်ကန်တဲ့အဓိက နည်းဗျူဟာတစ်ခု ဖြစ်လာမှာဖြစ်ပြီးတော့ များပြားလှတဲ့အလယ်အလတ်တန်းစားလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေတိုးပွားလာပြီး ဥစ္စာဓနပိုင်ဆိုင်မှုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ အသေးစားနှင့် အလတ်စားကဏ္ဍဟာ လုပ်ငန်းအားလုံးရဲ့ ၉၉.၇ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အာဆီယံအသင်းဝင်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာ အသေးစားနှင့် အလတ်စားလုပ်ငန်း အရေအတွက်ဟာ ၂၀၀၅ ခုနှစ်မှာ ၁၄၉၀၀၀ အထက်မှာရှိပြီးတော့ ပြည်တွင်းမှာ တည်ထောင်ထားတဲ့ လုပ်ငန်းအားလုံးရဲ့ ၉၉.၄ ရာခိုင်နှုန်းရှိပါတယ်။ လုပ်သားအားဖြင့် ၆၂.၃ ရာခိုင်နှုန်းဟာ SME လုပ်ငန်း တွေမှာ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ SME လုပ်ငန်းဟာ လုပ်ငန်းအားလုံးရဲ့ ၂၁.၆၃ ရာခိုင်နှုန်းရှိတာ ဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်မှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစား များအနေနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်တဲ့အခါမှာ ငွေအရင်းအနှီး စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရင်ဆိုင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ဘဏ်တွေဟာ အောက်ခြေလူ တန်းစားများနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေပြီးတော့ ချမ်းသာတဲ့လူအများစု ဘဏ်ထောင်ပြီးတော့ ထိုဘဏ်တွေမှာ ငွေအရင်းအနှီးရယူလိုလျှင် လုံခြုံမှုအတွက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းနှင့်မြေ အဆောက်အဦရှိမှသာ အပေါင်ခံပြီးတော့ ငွေချေးတဲ့အတွက် ကိုယ်ပိုင်မြေနှင့် အဆောက်အဦ မရှိတဲ့ လုပ်ငန်းရှင်များအတွက် ဘဏ်ချေးငွေဟာ မမျှော်လင့်ကောင်းတဲ့အရာတစ်ခု မဟုတ်တာကို တွေ့ရပါ တယ်။ ဒါကြောင့် SME လုပ်ငန်းများ တိုးတက်စေဖို့အတွက် မေးခွန်း (၁)အနေနဲ့ လိုအပ်တဲ့အရင်းအနှီး များကို လိုအပ်သလို ဖြည့်ဆည်းပေးပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ပြည့်စုံကောင်းမွန်သော ဘဏ်စနစ် (Comprehensive Banking System) ကို အကောင်အထည် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ မေးခွန်း (၂)အနေနဲ့ SME လုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် အစိုးရက ထောက်ခံအားပေးသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖန်တီး၍ ကျယ်ပြန့်သော ကူညီမှုများပေးခြင်း၊ မြန်ဆန်လွယ်ကူသော ငွေချေးစနစ်ဖန်တီးပေးခြင်း၊ တိုင်းဒေသကြီးအစိုးရသို့ လုပ်ပိုင်ခွင့်များ လွှဲအပ် ခြင်း၊ SME ကဏ္ဍနှင့်ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်ကနေ သတ်မှတ်ထားတဲ့ အဓိက ညွှန်းကိန်းတွေ ဖြစ်တဲ့ လုပ်ငန်းစတင်တည်ထောင်ရာမှာ လွယ်ကူခြင်း၊ လုပ်သားငှားရမ်းမှု လွယ်ကူခြင်းနှင့် နယ်စပ် ဖြတ်ကျော်ရောင်းဝယ်ဖောက်ကားမှု လွယ်ကူခြင်းတို့နှင့် ပတ်သက်ပြီးတော့ မည်သို့ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်ကို ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။
မေးခွန်း(၁)နှင့် ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်တဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းများအနက် ၉၀ ရာခိုင်နှုန်းကျော်ဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ပါတယ်။ ၎င်းတို့မှ သွင်းကုန်အစားထိုး ပစ္စည်းများကို အများဆုံး ထုတ်လုပ်လျက်ရှိပြီးတော့ စီးပွားရေးတိုးတက်မှုဟာ စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် အခြေခံသဖြင့် ၎င်းအသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ငွေကြေး အကူအညီအနေဖြင့် ချေးငွေများ ထုတ်ချေးပေးရန် လိုအပ်နေပါတယ်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှစ၍ ဘဏ်အတိုးနှုန်းများကို လျှော့ပေါ့ သတ်မှတ်ပေးခဲ့ရာ ချေးငွေအပေါ် အတိုးနှုန်းကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၁၃ ရာခိုင်နှုန်းအထိ လျှော့ပေါ့ ကောက်ခံခဲ့ပါတယ်။ ထို့အတူ စက်မှုဇုန် ချေးငွေနှင့် စီမံကိန်းဝင် စိုက်ပျိုးရေးချေးငွေများ အတွက် အတိုးနှုန်းကိုလည်း ယခင် ၁၄ ရာခိုင်နှုန်းမှ ယခု ၁၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ပေးခဲ့ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ရောင်းချသော နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ၊ မြေ၊ အဆောက်အဦ၊ ပစ္စည်းများကို ဝယ်ယူသည့် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များသို့လည်း အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ဘဏ်များမှ ချေးငွေများ ထုတ်ချေးပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ရှိတဲ့အနက် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ် တို့ဟာ ချေးငွေများ ထုတ်ချေးလျက်ရှိရာတွင် စုစုပေါင်းချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို စက်မှုလက်မှု ကဏ္ဍသို့ ထုတ်ချေးပေးလျက် ရှိပါတယ်။ ထို့အပြင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အဖြစ် ပြောင်းလဲ၍ ပြည့်စုံကောင်းမွန်သော ဘဏ်စနစ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
မေးခွန်း(၂)နှင့် ပတ်သက်ပြီးတော့ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဟာ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်သဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို စက်မှုဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ ဖွဲ့စည်းတည်ထောင်ပြီး ရေတိုရေရှည် ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် ရှင်သန်ရပ်တည် နိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ငွေကြေး အရင်းအမြစ်ကဏ္ဍစတဲ့ အဓိကကျတဲ့ ကဏ္ဍကြီးများမှာ ခိုင်မာလာစေရေးအတွက် နိုင်ငံတော်အနေနဲ့ သင့်လျော်တဲ့ မူဝါဒများချမှတ်ပြီး ဦးဆောင်မှု ပေးရမယ်ဟု ခံယူထားပါတယ်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ မြန်ဆန်လွယ်ကူစွာဖြင့် ငွေကြေးအရင်းအနှီး အထောက်အပံ့ပေးနိုင်ရေး အတွက် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်အဖြစ် ပြောင်းလဲဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ တည်ဆောက်ပြီး စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသများမှာ စက်မှုဇုန် အသစ်များ တည်ဆောက် အကောင်အထည်ဖော်ရေးကို စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းများမှာ လိုအပ်တဲ့ အခြေခံအဆင့် ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းများ ဖွင့်လှစ်ပြီး လူသားအရင်းအမြစ်များကို မွေးထုတ် လျက်ရှိရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အစိုးရနည်းပညာ အထက်တန်းကျောင်းများကို လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ စက်မှုသင်တန်းကျောင်းများတွင် အခြေခံအင်ဂျင်နီယာပညာရပ်များ၊ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်း၊ ဘွိုင်လာကိုင်တွယ်မှု ကျွမ်းကျင်သင်တန်းတို့ကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ ကျွမ်းကျင်မှု ပညာသင်တန်းများကို လည်းကောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ လည်း ကျွမ်းကျင်လုပ်သားသင်တန်းများကို လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များအတွက် ရည်ရွယ်ပြီး နယ်စပ်ဒေသများတွင် စက်မှုလက်မှုပညာ သင်တန်းကျောင်း များကို လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအနေနဲ့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများအပြင် ပို့ကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်များအပေါ်လိုင်စင်ခွင့်ပြုခြင်းနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်း၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရန် One Stop Service ဆောင်ရွက်ရေးနှင့် e-Procurement စနစ်များ ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး ၎င်းမှတစ်ဆင့် အကြီးစား စက်မှုလုပ်ငန်းများ တည်ဆောက်နိုင်ရေးကို ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
