(စ)-ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသော ပေါင်းနက်ရေလှောင်ဆည်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်သော်လည်းကောင်း၊ ဘဏ္ဍာငွေခွဲဝေမှုအပေါ်မူတည်၍ နှစ်အလိုက်စဉ်ဆက်မပြတ် အပြီးသတ်သော်လည်းကောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့၏ကျေးလက်တွင် မိုးရေချိန်လက်မက ၆၅ လက်မ၊ ၇၀ လက်မရှိပါကြောင်း၊ ရေကို သိုလှောင်နိုင်မည့် ရေကန်၏ပမာဏက ၂၂၅၈၆ ဧကပေ သိုလှောင်နိုင်မည် ဖြစ်ပါကြောင်း၊ ရေပေးဝေနိုင်မည့် ဧရိယာက ဧက ၅၀၀၀၀ နှင့် ၁၀၀၀၀ ကြားတွင်ရှိမည်ကို ကွင်းဆင်း လေ့လာတွေ့ရှိရပါကြောင်း၊ ၎င်းစီမံကိန်းကို ခန့်မှန်းကုန်ကျတွက်ချက်မှုက ကျပ်သန်းပေါင်း ၂၂၆၁၀ ခန့် တွက်ချက်ထားသည်ကို သိရှိရပါကြောင်း၊ အဆိုပါစီမံကိန်းကြီးအကောင်အထည်ဖော်ပြီးစီးပါက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ နှစ်စဉ်တောင်သူများအား စိုက်ပျိုးဧက ၅၀၀ ကို မိုးစပါး အပြည့်အဝစိုက်ပျိုးနိုင်မည်ဖြစ်သည့်အပြင် နွေစပါးနှင့် အခြားသီးနှံဧက ၂၀၀ အား ရေပေးဝေပြီးမှ စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် ကချင်ပြည်နယ်၏စတုတ္ထစပါးကျီအဖြစ် စီမံချက်ကိုလည်း အထောက် အကူပြုပေးနိုင်မည် ဖြစ်ပါ ကြောင်း၊
ပေါင်းနက်ချောင်းတည်ဆောက်နိုင်ရန် Pilot Project အနေဖြင့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဇလဗေဒနှင့် ဘူမိဗေဒမြေတိုင်းတာမှုများကို ၁၉၉၅-၉၆ ခုနှစ်တွင် ပဏာမ စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၂-၀၃ ခုနှစ်တွင် အကြိုတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၂၀၀၃-၀၄ ခုနှစ်တွင်လည်း အသေးစိတ် တိုင်းတာတွက်ချက်မှုများ ပြုလုပ်ပြီးမှ အင်ဂျင်နီယာမှူးများက စူးစမ်းလေ့လာမှုအားလုံးကိုလည်း ဆောင်ရွက်ခဲ့ပြီးသည်ကို သိရှိရပါကြောင်း၊ နှစ်စဉ်အလိုက် ရန်ပုံငွေသုံးစွဲမှုမှာ ပေါင်းနက်ချောင်း စီမံကိန်းလုပ်ငန်းစတင်သည့် ၂၀၀၂-၀၃ ခုနှစ်မှ ၂၀၁၆-၁၇ ခုနှစ်အထိ ယနေ့သုံးစွဲထားသောငွေ ကျပ်သန်းပေါင်း ၁၆၇၆.၉၅၃ သန်း ဖြစ်သည့်အတွက် အဆိုပါရေလှောင်ဆည်ကြီးကို အကောင် အထည်ဖော်သင့်ပါကြောင်း၊
ပေါင်းနက်ချောင်းဆည်၏လုပ်ငန်းပြီးစီးမှုသည် ၃၁.၃၉ ရာခိုင်နှုန်းအထိ ပြီးစီးနေပါကြောင်း၊ ခွင့်ပြုငွေစီမံကိန်းကို ကုန်ကျသော ကျပ်သန်း ၂၂၆၁၀ အား ပြန်လည်စိစစ်စေလိုပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပေါင်းနက်ချောင်းကို ၁၆၅၀၀ ပေတူးဖော်ခြင်းမှာ ခွင့်ပြုငွေက ကျပ်သန်း ၁၉၀ ဖြစ်သော်လည်း မြေပြင်တွင် မိမိကွင်းဆင်း လိုက်သည့်အခါ နာရီ ၂၁၀ သာ ဆောင်ရွက်ထားပြီးမှ တစ်နာရီလျှင် ၈၀၀၀၀ ကျပ်ဖြင့် တွက်ပါက သုံးစွဲထားသည့်ငွေပမာဏ သိန်း ၂၀၀ ခန့်သာ ကုန်ကျပါကြောင်း၊ ထို့ကြောင့် ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသော ပေါင်းနက်ရေလှောင်ဆည်အား ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်သော်လည်းကောင်း၊ ဘဏ္ဍာငွေခွဲဝေမှုအပေါ်မူတည်၍ နှစ်အလိုက် စဉ်ဆက်မပြတ် အပြီးသတ်သော်လည်းကောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာအနီးရှိ ပေါင်းနက်ရေလှောင် တမံစီမံကိန်းကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် အထူးစီမံကိန်း များ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၃၀-၆-၂၀၀၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၀၃) ခွင့်ပြုချက်ဖြင့် ၂၀၀၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို ရွှေကူမြို့နယ်အတွင်းရှိ လယ်ယာမြေဧရိယာ ဧက ၅၀၀၀ ခန့်ကို မိုးစပါးစိုက်ပျိုးရေပေးဝေရန်နှင့် နွေစပါးနှင့် အခြားသီးနှံ ၂၀၀၀ ဧကခန့်ကို စိုက်ပျိုးရေပေးဝေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပေါင်းနက်ရေလှောင်တမံ စီမံကိန်း၏ အဓိကလုပ်ငန်းကဏ္ဍများဖြစ်သော တမံတည်ဆောက်ခြင်းလုပ်ငန်း၊ ရေထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ တမံတည်ဆောက်ခြင်း လုပ်ငန်းသည် ၁၂.၃၂ ရာခိုင်နှုန်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်းလုပ်ငန်းသည် ၈၈.၈၃ ရာခိုင်နှုန်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းသည် ၆၁.၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစပြီး ရန်ပုံငွေခွဲဝေရရှိမှု မရှိခဲ့သည့်အတွက် စီမံကိန်းလုပ်ငန်းများကို ယာယီ ရပ်ဆိုင်း ထားခဲ့ရသည့် အခြေအနေဖြစ်ပါကြောင်း၊
ပေါင်းနက်ရေလှောင်တမံစီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ-စက်တင်ဘာလဘဏ္ဍာနှစ်ရန်ပုံငွေအတွင်း တင်ပြ တောင်းခံသွားရန်အတွက် လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းပြီးဆုံးသည်အထိ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်သည့်အခါ နှစ်ပေါင်းများစွာကြာခဲ့သည့်အတွက် မြေပြင်အခြေအနေတွင် အမှန် တကယ်ကွင်းဆင်းစစ်ဆေးပြီးမှ ရန်ပုံငွေကို ချင့်ချိန်သုံးစွဲသည့်ပုံစံမျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် တင်ပြအပ်ပါကြောင်း၊ ပေါင်းနက်ရေလှောင်တမံ စီမံကိန်းသည် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့သောလုပ်ငန်း ဖြစ်သည် နှင့်အညီ စီမံကိန်း၏လျာထားလုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်နိုင်မှသာ ဒေသခံ ပြည်သူများ၏ စီမံကိန်းအကျိုးကျေးဇူးကို ဆောလျင်စွာခံစားရမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုနှင့်အညီ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးဇာနည်မင်း(ရွှေကူမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အပြီးသတ်ပြီးစီးနိုင်အောင် တည်ဆောက်နိုင်မည့််အခြေအနေရှိမှသာ အပြီးသတ်ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာ၏လိုအပ်ချက်ရှိသည်ကို သုံးသပ်မိသည့်အတွက် ဘဏ္ဍာ၏သုံးစွဲမှုအပေါ် ထိထိရောက်ရောက် ဖြစ်စေရန်၊ ၎င်း Project ကြီး အမြန်ပြီးမှ တောင်သူများ ဆောလျင်စွာ ခံစားနိုင်ရန်အတွက်၊ သိန်း ၁၉၀၀ ချပေးလိုက်သည့် လုပ်ငန်းကို တကယ့်မြေပြင်တွင် သိန်း ၂၀၀ သာ လုပ်ငန်းပြီးစီးနေသည့်အတွက် သိန်း ၁၇၀၀ ခန့် ကွာဟနေသည့်အတွက် မြေပြင်ကွင်းဆင်းပြီးမှ ခွင့်ပြုပြီးထားသော ကျပ် ၂၂၆၁၀ သန်းကို ထိထိရောက်ရောက် သုံးစွဲနိုင်အောင် ပြန်လည်စိစစ်ပြီးမှ ဆောင်ရွက်နိုင်ခြေရှိ/မရှိကို မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ပေါင်းနက်ရေလှောင်တမံစီမံကိန်း လုပ်ငန်းတစ်ရပ်ကို အကောင်အထည်ဖော်သည့်အခါ လုပ်ငန်းအပိုင်းအခြား များစွာရှိပါကြောင်း၊ တမံတည်ဆောက်သည့်လုပ်ငန်း၊ ရေထုတ်ပြွန်လုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်းနှင့် ရေသောက်လုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါကြောင်း၊ နှစ်ကာလအလိုက် ရရှိသည့်ဘဏ္ဍာရန်ပုံငွေအပေါ်စိစစ်ပြီး ဆောင်ရွက်နိုင်မည့်လုပ်ငန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် မိမိဖြေကြားခြင်းဖြစ်ပါကြောင်း၊ မြေပြင်အခြေအနေတွင် လက်တွေ့တည်ရှိ နေသောအနေအထားအပေါ် ပြန်လည်သုံးသပ်ပြီးမှ နှစ်ကာလအလိုက်ပိုင်းခြားပြီး တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
