(ည)-ရေကြီးနစ်မြုပ်လေ့ရှိသော မြို့နယ်များအလိုက် ကာကွယ်နည်းများ ဆောင်ရွက်သွားမည့် အစီအမံများ လျာထားမှုရှိ၊ မရှိနှင့် မျိုးအရန် သိုလှောင်ထားရှိမှု၊ ထိခိုက်ပျက်စီးသူ တောင်သူလယ်သမားများထံ အရန်မျိုးရရှိရေး မည်သို့ စီမံဆောင်ရွက်သည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

ရေကြီးနစ်မြုပ်လေ့ရှိသော မြို့နယ်ဒေသများအလိုက် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက် ထားခြင်း၊ လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများ လျာထားမှု ရှိ၊ မရှိနှင့် မျိုးအရန် သိုလှောင် ထားရှိမှု၊ ထိခိုက်ပျက်စီးသူ တောင်သူလယ်သမားများထံ အရန်မျိုးလက်ဝယ်ရောက်ရှိရေး မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် တစ်ယောက်ဖြစ်တဲ့အားလျော်စွာ တောင်သူလယ်သမားများရဲ့ နစ်နာမှု၊ တောင်သူလယ်သမား လယ်ယာလုပ်ငန်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အမြဲတမ်းမျက်ခြေမပြတ်ကြည့်ရှုပြီးတော့ လွှတ်တော် ကနေတစ်ဆင့် လိုအပ်တဲ့ မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းမယ်လို့ ခံယူချက်ရှိတာနဲ့အညီ ပြီးခဲ့တဲ့နှစ် က မိုးရာသီကာလမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီးမှာ ဧကပေါင်း ၁၉၀၀၀ ကျော်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၇၀၀၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၆၀၀၀၀ ကျော် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စပါးဧက ၆၀၀၀၀၀ ကျော် ရေကြီးနစ်မြုပ်ပျက်စီးတယ် ဆိုတဲ့ သတင်းကို ရရှိပြီးတဲ့အခါမှာ ဒီလိုနှစ်စဉ်ရေကြီးနေတဲ့ ဒဏ်ကို နိုင်ငံတော်အနေနဲ့ တတ်နိုင် သလောက်ကာကွယ်ပေးသင်‌့တယ်လို့ အမြင်ခံယူချက်ရှိပြီးတော့ ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို ပြီးခဲ့တဲ့ လွှတ်တော် ပြီးဆုံးတဲ့နေ့မှာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကျွန်တော်တို့ မကြာသေးမီကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ပဲခူး တိုင်းဒေသကြီးကို ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့အခါမှာ ပြည်သူလူထုက အခု ကျွန်တော်မေးတဲ့ မေးခွန်းမျိုးရဲ့ ရည်ရွယ်ချက်မျိုးပါတဲ့ တင်ပြချက်များကို တင်ပြလိုက်တာကို တွေ့ရှိလေ့လာလိုက်ရပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ မေးခွန်းဟာ တောင်သူလယ်သမားများအကျိုး၊ နိုင်ငံတော်ရဲ့ အကျိုးကို ရှေးရှုပြီးတော့ အောက်ပါအတိုင်း မေးမြန်းသွားလိုပါတယ်။ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးမှာ အတိုင်းအတာနဲ့ ဧကပေါင်း ၆၀၀၀၀၀ ကျော်စပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ရကြောင်း လေ့လာသိရှိရပါတယ်။ ယခင်နှစ်များမှာလည်း ဒေသအလိုက် မိုးကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံများ ရေနစ်မြုပ်ပျက်စီးခဲ့ရတဲ့အတွက် တောင်သူများ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါတယ်။ ထိုသို့ ပျက်စီးခဲ့ရတဲ့ လယ်‌ြမေများရာသီအမီပြန်လည်စိုက်ပျိုး နိုင်ရေးအတွက်လည်း နိုင်ငံတော်မှ မျိုးစပါးများနဲ့ စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ထုတ်ပေးကူညီ ခဲ့ရကြောင်း လေ့လာသိရှိရပါတယ်။ ဤကဲ့သို့ စိုက်ခင်းများ ကျယ်ပြန့်စွာနဲ့ ပမာဏများပြားစွာ ရေကြီး နစ်မြုပ်ထိခိုက်ပျက်စီးမှုများဟာ တောင်သူတစ်ဦးချင်းအနေနဲ့ နစ်နာမှုရှိသလို နိုင်ငံတော်ရဲ့ လယ်ယာ ကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကိုလည်း အဟန့်အတားဖြစ်စေတဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွား ဖွံ့ဖြိုးမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်နစ်နာလာနိုင်တဲ့ အ‌ြခေအနေများဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နောက်နောင်မှာ ဤကဲ့သို့စိုက်ခင်းများ မိုးကြီးရေနစ်၍ ဆုံးရှုံးနစ်နာမှု မရှိစေရန်သော် လည်းကောင်း၊ ထိခိုက်နစ်နာမှု လျော့နည်းသက်သာစေရန်အတွက်လည်းကောင်း ယခင်နှစ်များရဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီးတော့ ဒေသအလိုက် မြောင်းကော၊ ချောင်းကောများ ရေစီးရေလာကောင်းအောင် ပြုပြင်ခြင်း၊ ရေနုတ်မြောင်း ရေထုတ်မြောင်းပြန်လည်ထိန်းသိမ်းခြင်း၊ အနိမ့်ပိုင်းစိုက်ခင်းများကို ရေဝင်မှုမှ တားဆီးရမယ့် တာဖို့တာပတ်လုပ်ငန်းများကို မြေပြင်လေ့လာ စူးစမ်းခြင်းများ ဆောင်ရွက်လျက် နှစ်စဉ်ဦးစားပေးအစီအစဉ်အလိုက် ဘဏ္ဍာငွေခွင့်ပြုချက် တောင်းခံတင်ပြပြီး ရေကြီးနစ်မြုပ်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို သက်ဆိုင်ရာဝန်ကြီးဌာနမှ အစီအမံများ ဆောင်ရွက်ချမှတ်သင့်ပါတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့်မို့လို့ ဒီရေကြီးနစ်မြုပ်မှု ကာကွယ်ရေးအစီအစဉ်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်း မေးခွန်းများကို မေးမြန်းလိုပါတယ် ခင်ဗျား။ (၁) ၂၀၀၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် ရေကြီးနစ်မြုပ်မှုနှင့် ယခင်က ရေကြီးနစ်မြုပ်မှု အတွေ့အကြုံများကို အခြေခံပြီးရေကြီးနစ်မြုပ်မှုရှိသော မြို့နယ်ဒေသများအလိုက် ကာကွယ်ရမည့် နည်းလမ်းများကို လေ့လာစူးစမ်းတိုင်းတာတွက်ချက် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ။ (၂) လေ့လာစူးစမ်း တိုင်းတာတွက်ချက်ပြီးပါက မည်သည့်ကာလတွင် မည်သည့်မြို့နယ်၊ မည်သည့်ဒေသတွင် မည်သည့် လုပ်ငန်းများ ခွင့်ပြုငွေတင်ပြဆောင်ရွက်သွားမည့် အစီအမံများ စီမံလျာထားမှုရှိ၊ မရှိနဲ့ (၃) ရေကြီး နစ်မြုပ်၍ ပျက်စီးထိခိုက်သွားသော စိုက်ခင်းများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် တောင်သူများအား မျိုးသီးနှံရရှိနိုင်ရေးအတွက် နိုင်ငံတော်အပိုင်းမှ မျိုးအရန်သိုလှောင်ထားရှိမှု အမှန်ထိခိုက် ပျက်စီးသည့် တောင်သူလယ်သမားထံ အရန်မျိုးလက်ဝယ်အရောက် ရောက်ရှိရေး အစီအမံများ နိုင်ငံတော်မှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို ဖြေကြားပေးပါရန် တောင်သူလယ်သမား များနှင့် နိုင်ငံတော်အကျိုးကိုရှေးရှုပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်သွင်းအပ်ပါတယ် ခင်ဗျား။ 


 

ဖြေကြားသူ
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)
အဖြေ

ရေကြီး၊ ရေနစ်မြုပ်မှု ဖြစ်ပေါ်နေသောဒေသများအလိုက် ကာကွယ်ရမည့်နည်းလမ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လေ့လာစူးစမ်း တိုင်းတာချက်များဖြင့် တိုင်းတာတွက်ချက်ရမည့် လုပ်ငန်းဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ် ဝန်ကြီးဌာနများအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး များနှင့် ပြည်နယ်အစိုးရအဖွဲ့ကြီးများကပါ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည့် လုပ်ငန်းကြီးဖြစ်ပြီး ဖော်ထုတ်ရရှိသည့် စီမံချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ အတည်ပြုချက်ရယူဆောင်ရွက်သင့်သည့် စီမံကိန်းလုပ်ငန်း ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ 
    ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော်တို့ လက်ရှိအခြေအနေတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စူးစမ်းလေ့လာတိုင်းတာမှုများအရ ပဲခူးတိုင်းဒေသကြီးတွင် စီမံကိန်း ၇ ခု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် စီမံကိန်း ၃ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် စီမံကိန်း ၄ ခု၊ ရခိုင်ပြည်နယ်တွင် စီမံကိန်း ၁ ခုနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်းရှိ ရေဘေးကာကွယ်ရေး နှင့် ရေငန်တားတာတမံများ တောင့်တင်းခိုင်မာအောင် ပြုပြင်ခြင်းလုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
    တတိယအချက်အနေနဲ့ ကျွန်တော်တင်ပြပါမယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်မြေများအား အချိန်မီ စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးဖြန့်ဖြူး ပေးနိုင်ရေးအတွက် အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းသုံးစွဲနိုင်ရန် လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ယခင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ခွင့်ပြုရန်ပုံငွေစာရင်းတွင် စိုက်ပျိုးရေးပညာပေးရေးဌာနခွဲ လက်အောက်ရှိ မျိုးထွန်လုပ်ငန်းခွင့်ပြု ရန်ပုံငွေနှင့် ဌာနမှ မျိုးစေ့လိုအပ်ချက်များကို အခမဲ့ဖြန့်ဖြူး ပေးနိုင်ရန် ငွေစာရင်းခေါင်းစဉ်အမှတ် သ ၀၂၀(၁) မျိုးစေ့ဖြင့် ခွင့်ပြုရန်ပုံငွေများ ချမှတ်ပေးခဲ့ခြင်း ရှိခဲ့ပါတယ်။ ယခုအခါ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးရေးဦးစီးဌာနအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည့်အတွက် အထက်ပါရန်ပုံငွေစာရင်းများ ချမှတ်ပေးထားခြင်းမရှိတော့ပါ။ သို့ဖြစ်ပါ၍ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာမြေစိုက်ခင်းများ ပျက်စီးမှုကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစေ့လိုအပ်ချက်များကို အရေးပေါ်ဖြည့်ဆည်းပေးနိုင် ရန် လိုအပ်သည့် ခွင့်ပြုရန်ပုံငွေများကို ပြည်နယ်တိုင်းဒေသကြီးအဆင့် ဘဏ္ဍာရန်ပုံငွေတွင် ဘတ်ဂျက် တည့်သွင်းတောင်းခံ၍ ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်မြေများအား အချိန်မီ စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးလိုအပ်ချက်များကို တောင်သူများကိုယ်တိုင် ဒေသနှင့်သင့်တော်ကိုက်ညီသည့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ ကို ကြိုတင်စုဆောင်းထားရှိရေး၊ ပြန်လည်စိုက်ပျိုးနိုင်မည့်ကာလကို မှန်းဆ၍ ကုန်းမြင့်နေရာများတွင် သက်တမ်းတိုစပါးမျိုးများကို အချိန်မီ ကြိုတင်ပျိုးထောင်ထားရှိရေး၊ ရေမနစ်မြုပ်နိုင်သည့် သက်တမ်း တို စပါးစိုက်ခင်းများမှ သားတက်နှုန်းကိုခွဲ၍ ကောက်ကွက်ပြည့် ရှင်သန်နိုင်ရန် စိုက်ပျိုးရေးတို့ကို ဆောင်ရွက်နိုင်ရန်လည်း နှိုးဆော်ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင်ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်မြေများ အချိန်မီ စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အစိုးရ၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကများမှ လှူဒါန်းသော မျိုးစေ့များဖြင့် ဖြည့်ဆည်းကူညီပေးလေ့ရှိပါတယ်။ မျိုးစပါးများကို ဒေသအတွင်း နီးစပ်ရာဒေသများမှ စုဆောင်းရယူပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီများမှ ရေကြီးနစ်မြုပ်ပျက်စီးသည့်ဒေသသို့ အရောက် မျိုးစပါးများဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်တတ်သည့် ဒေသများတွင် မျိုးစပါးလိုအပ်ချက်များကို အလွယ်တကူရရှိ ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့ဒေသနှင့် ကိုက်ညီဖြစ်ထွန်း အောင်မြင်သည့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများကို မျိုးသန့်ဇုန်များ တည်ထောင်၍ စိုက်ပျိုးထုတ်လုပ်ရေးကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကြိုတင် စီမံဆောင်ရွက်ကြရန်ကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နှိုးဆော်တိုက်တွန်း ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလများအတွင်းက မိုးရွာသွန်းမှုများသဖြင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ မိုးစပါး ၂၇၈၅၈၂ ဧက ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး မိုးစပါးပြန်လည်စိုက်ပျိုးရန် အချိန်မီသည့် ၂၉၀၀၃၀ ဧကကို မျိုးစပါးများအချိန်မီရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျန်ပျက်စီးဧကများမှာ မိုးစပါးစိုက်ပျိုးရန် ရာသီနောက်ကျပြီးမှ စိုက်ပျိုးနိုင်မည့်အခြေအနေကြောင့် မိုးစပါးအစား ဆောင်းသီးနှံကိုသာ စိုက်ပျိုး ရန် စီမံဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ်ရေကြီးနစ်မြုပ်မှုအတွက် မျိုးစပါးလိုအပ်ချက်ကို နိုင်ငံတော်မှ ၁၇၄၃၇၉ တင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၂၉၅၈ တင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၁၉၃၀ တင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းမှ ၂၉၅၀၀ တင်း၊ ဆန်ကုန်သည် ကြီးများအသင်းမှ ၁၀၀၀ တင်း၊ Care Myanmar NGO အဖွဲ့မှ ၁၀၀၀၀ တင်း၊ ပုဂ္ဂလိက လှူဒါန်းသူမှ ၂၀၀ တင်း၊ အာမိုကုမ္ပဏီမှ ၅၀၀ တင်း၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ မှ ၄၀၀ တင်း၊ စုစုပေါင်း ၂၃၀၈၆၇ တင်းကို ဧရာဝတီတိုင်းဒေသကြီးသို့ ၁၃၅၄၄၆တင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ ၁၈၃၁၈ တင်း၊ ပဲခူးတိုင်းဒေသကြီးသို့ ၇၁၉၃၃ တင်း၊ ကရင်ပြည်နယ်သို့ ၅၁၇၀ တင်း ထောက်ပံ့ ကူညီနိုင်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။