(ဈ)-နမ့်လှဆည်ဆောက်လုပ်ရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုတွင် တည်ရှိသော နမ့်လှဆည် ဆောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မောက်မယ်မြို့နယ်၏  အဓိကစိုက်ပျိုးသီးနှံသည် ဆန်စပါး ဖြစ်ပြီး ဒေသန္တရနယ်မြေအနေအထားအရ လယ်ကွင်းများဟာ မြို့ကို ဝန်းရံထားသော အနေအထားမှာ တည်ရှိပါတယ်။ မြို့၏အနောက်ခြမ်းတွင် နမ့်ဆိုင်းဆည်တည်ရှိပြီး မြို့၏မြောက်ဘက်ခြမ်းတွင် နမ့်တန် ဆည်တည်ရှိပါသည်။ မြို့၏အရှေ့ဘက်ခြမ်းတွင် နမ့်လှဆည်တည်ရှိပါတယ်ခင်ဗျား။ နမ့်လှဆည်ကို ယခင်က တောင်သူများ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လက်ရိုက်ဆည်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ကွန်ကရစ်ဆည်တည်ဆောက်ပေးခဲ့ရာ ယနေ့အထိဆိုလျှင် အချိန်ကာလအားဖြင့် ၇ နှစ်၊ ၈ နှစ် ဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့ တိုင် ရေပေးဝေနိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် ယခင်ဆည်ရေသောက်လယ်များမှာ ယာခင်းဖြစ်သွား ခြင်း၊ ရေတစ်လျှောက်ချောင်းများ ပျက်စီးခြင်းစသည့်ပြဿနာများ ပေါ်ပေါက်လာခဲ့ရပါတယ်။ နမ့်လှ ဆည်၏ အကျိုးပြုဧကကို ၃၅၈ ဧကဝန်းကျင်နှင့် နောက်ထပ်မျှော်မှန်းဧကများစွာ အကျိုးပြုနိုင်မည် ဟု မြို့နယ်ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ နမ့်လှဆည်ဆောက် လုပ်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး အောက်ပါမေးခွန်းများကို လွှတ်တော်မှတစ်ဆင့် ရိုသေစွာ မေးမြန်း အပ်ပါသည်။ 
    မေးခွန်း(၁) မောက်မယ်မြို့နယ် စဉ်‌့ဝင်ကျေးရွာအုပ်စု နမ့်လှဆည်ဆောက်လုပ်ရေးနှင့် ပတ်သက်၍ မည်သည့်ကိစ္စရပ်များကြောင့် ကြန့်ကြာနေရပြီး မည်သည့်နှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်မည်နည်း။ မေးခွန်း(၂) နမ့်လှဆည်၏ အကျိုးပြုဧက စုစုပေါင်းတို့ကို သိရှိလိုပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။ 


 

ဖြေကြားသူ
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာန)
အဖြေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ် နမ့်လှရေလွှဲဆည်သည် ဆည်‌ြမောင်းဦးစီးဌာနမှ တည်ဆောက်ပေးခဲ့ပြီး ကျေးရွာမှ ထိန်းသိမ်းထားသော ဆည်တစ်ခုဖြစ်ပါတယ်။ နမ့်လှရေလွှဲဆည်၏ အကျိုးပြုဧရိယာမှာ မောက်မယ်မြို့နယ်၏ အရှေ့မြောက်ဘက်ရှိ မြို့မနှင့် စဉ့်ဝင်ကျေးရွာအုပ်စုတွင် ပါဝင်သည့် နမ့်လှဆည် ရေသောက်နှင့် မောက်မယ်ရေသွယ်လျောက် ရေသောက်ဧရိယာတို့ပါဝင်ပြီး စုစုပေါင်းအကျိုးပြု ဧရိယာ ၄၇၀ ဧက ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပျက်စီးခဲ့သည့် ရေလွှဲဆည်၏ အထက်ဘက်တစ်မိုင်ခန့်အကွာ နားလင်းရွာအနီးတွင် ကျောက်ပန်းရံ ရေလွှဲဆည်အသစ်ကို ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ အဆိုပါ ရေလွှဲဆည်သည် ၂၀၀၁ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထပ်မံကျိုးပေါက်ခဲ့ပါတယ်။ နမ့်လှသံကူကွန်ကရစ် ရေလွှဲဆည်အသစ်ကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ပါတယ်။ အသစ် ပြန်လည်တည်ဆောက်လျက်ရှိသော နမ့်လှရေလွှဲဆည်၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ရရှိရန်ပုံငွေအပေါ် မူတည်ပြီး ဆည်အဝင်အထွက် လမ်းတံတားများ ပြုပြင်ခြင်း၊ စခန်းအဆောက်အဦများ ဆောက်လုပ်ခြင်း၊ ယာယီရေတားတမံ တည်ဆောက်ခြင်း၊ ရေလွှဲမြောင်းဖောက်လုပ်ခြင်း၊ မြောင်းထိပ်ရေတံခါးတည်ဆောက်ခြင်းစသော ဆက်နွယ်ဆောင်ရွက်ရ သည့်လုပ်ငန်းများ အပါအဝင် ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် တောမီးလောင်မှုကြောင့် နမ့်လှရေလွှဲဆည်ရေ သောက်စနစ်ရှိ မောက်မယ်ရေသွယ်လျောက် အမှတ်(၂) ပျက်စီးခဲ့ပြီး အသစ်ပြန်လည်တည်ဆောက် ခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ် မေလတွင် ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နမ့်လှရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀ ရရှိထားပြီးဖြစ်၍ နမ့်လှပင်မရေလွှဲဆည် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်ဆောင်ရွက်လျက် ရှိပါတယ်။ ယခုနှစ် ဘဏ္ဍာရေးနှစ်ကုန်တွင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါတယ်။ ဆောင်ရွက်ရန်ကျန် ရှိနေသေးသည့် နမ့်လှရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၇၀ တင်ပြတောင်းခံထားပြီး ရန်ပုံငွေ ရရှိပါက စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ နမ့်လှရေလွှဲဆည်တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်အလိုက် ရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ရခြင်းကြောင့် ပြီးစီးနှောင့်နှေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။