(ဂ)-မိမိလက်ရှိပိုင်ဆိုင်မြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကို တရားမဝင်လုပ်ကိုင်နေရမှုများအား လယ်ယာမြေအခြားနည်းသုံးစွဲခွင်‌့များကို သတ်မှတ်ကာလအတွင်းထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၅.၂၀၁၈)

 

(ဂ)-လယ်ယာမြေ၊ မိမိလက်ရှိပိုင်ဆိုင်မြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကို တရားမဝင် လုပ်ကိုင်နေရမှုများအား တရားဝင်လုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေအခြားနည်းသုံးစွဲခွင်‌့များကို သတ်မှတ်ကာလအတွင်းထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

လယ်ယာမြေ သို့မဟုတ် မိမိလက်ရှိပိုင်ဆိုင်မြေများတွင် လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများနှင်‌့ အုတ်ဖုတ်လုပ်ငန်းများတွင် တရားဝင်အခွန်ဆောင်၍ လုပ်ကိုင်နိုင်ခြင်းမရှိသည့်  လုပ်ငန်းများစွာရှိပါ ကြောင်း၊ တရားဝင်အခွန်မဆောင်ကြရသော်လည်း တရားမဝင်လိုင်းကြေး၊ ဆပ်ကြေးများပေးပြီး လုပ်ကိုင် နေကြရခြင်းသည် တရားဝင်ပေးဆောင်ရသည့် အခွန်၊ အခထက်များပြီး ပေးဆောင်နေကြရသည့် အတွက် ၎င်းမွေးမြူရေးနှင်‌့ အုတ်လုပ်ငန်းများ လုပ်ကိုင်သူများနှင့် နိုင်ငံတော်အတွက်ပါ များစွာနစ်နာလျက်ရှိပါ ကြောင်း၊  ၎င်းလုပ်ငန်းများသည် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအရပါ တရားဝင်အားပေးသင့်သည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ အချို့နေရာများတွင် ရာသီဥတု၊ ရေခံမြေခံ၊ သဘာဝအရ လယ်ယာမြေစိုက်ပျိုးရေးလုပ်ငန်းများသည် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေသည့်အတွက် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်များလည်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာ မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကို အာရုံထားနေခြင်းမျိုးမဟုတ်ဘဲ အခြားတွက်ခြေကိုက် သည့်လုပ်ငန်းများကို တရားဝင်လုပ်ကိုင်နိုင်ရန် အတွက် လယ်ယာမြေအခြားနည်း သုံးစွဲခွင်‌့များကိုလည်း တိတိကျကျဆောင်ရွက်ပေးသင်‌့ပါကြောင်း၊  တရားဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လယ်ယာမြေအခြား နည်း သုံးစွဲခွင့်များကို ဥပဒေ၊ နည်းဥပဒေများနှင်‌့အညီ တိတိကျကျ စိစစ်ခွင်‌့ပြုခြင်း လုပ်ငန်းစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည့်အတွက် အထက်ဖော်ပြပါ လုပ်ငန်းများအပေါ် မတရားလိုင်းကြေး၊ ဆပ်ကြေးကောက်ခံခွင်‌့ပြုထားသလို ဖြစ်နေပါကြောင်း၊  လယ်ယာမြေအခြားနည်းသုံးစွဲခွင်‌့များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင်‌့အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါက လယ်ယာမြေဆုံးရှုံးမှုများကိုလည်း ကာကွယ်ပေးနိုင်ပါကြောင်း၊ ဥပမာ လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရ အခြားနည်းအသုံးပြုခွင်‌့ရသည့်နေ့မှ ခြောက်လအတွင်း သတ်မှတ်သည့်နည်းလမ်းများအတိုင်း စတင်အသုံးမပြုလျှင် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိလျှင် ဗဟိုလယ်/စီအဖွဲ့မှ ၎င်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊  ၎င်းကိစ္စများကို တိတိကျကျဆောင်ရွက်နိုင်ရန် နည်းဥပဒေ ၉၀ တွင် တိုင်းဒေသကြီး/ ပြည်နယ်/ လယ်/စီ အဖွဲ့များသည် လယ်ယာမြေအခြားနည်းဖြင်‌့ အသုံးပြုခွင်‌့ပြုထားသည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက် မှု အခြေအနေများကို ခရိုင်/မြို့နယ်/လယ်/စီအဖွဲ့များသို့ ကွင်းဆင်းစစ်ဆေးတင်ပြပြီး တွေ့ရှိချက်များကို ဓာတ်ပုံမှတ်တမ်းများနှင်‌့အတူ စိစစ်တွေ့ရှိချက်ပုံစံ(၁၆)ချက်ဖြင့် ဗဟိုလယ်/စီ အဖွဲ့ကို ခြောက်လတစ်ကြိမ် တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်‌့အပြင် နည်းဥပဒေ ၉၁ တွင် ခရိုင်/မြို့နယ်/ လယ်/စီ အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးရာ အခြားနည်းအသုံးပြုခွင်‌့ရယူထားသူသည် ခွင်‌့ပြုသည်‌့နေ့/ရက်မှ ခြောက်လအတွင်း သတ်မှတ်နည်းလမ်းများအတိုင်း အသုံးမပြုလျှင်သော် လည်းကောင်း၊ သတ်မှတ် ကာလအတွင်း လုပ်ငန်း ပြီးစီးခြင်းမရှိလျှင်သော်လည်းကောင်း တွေ့ရှိပါက သီးခြားကိစ္စတစ်ရပ်အဖြစ် အမှုတွဲဖွင်‌့လှစ်၍ နေပြည်တော် ကောင်စီတိုင်းဒေသကြီးနှင်‌့ ပြည်နယ်/လယ်/စီအဖွဲ့များသို့ ဓာတ်ပုံ မှတ်တမ်းများနှင့် အတူ တင်ပြရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊  တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက်များ အတိုင်း တိတိကျကျ၊ မှန်မှန် ကန်ကန် စိစစ်ဆောင်ရွက်ပါက အကျိုးမဲ့ လယ်ယာမြေဆုံးရှုံးမှုများကိုလည်း ကာကွယ်တားဆီး နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံတော်နှင်‌့ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိသည့် မွေးမြူရေး လုပ်ငန်းနှင့် အုတ်လုပ်ငန်းများ တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင်‌့များကို သတ်မှတ် ကာလအတွင်းထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

လယ်ယာမြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်း နှင်‌့အခြားလုပ်ငန်းများ တရားဝင်လုပ်ကိုင်ခွင့်ရရှိရန် အတွက် လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လျှောက်ထား ဆောင်ရွက်ရပါကြောင်း၊ ၎င်းဥပဒေအရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြားနည်းအသုံးပြုနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင်‌့ပြုထားပါကြောင်း၊  သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သည်  လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းဖြင်‌့အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ထောက်ခံချက်ဖြင်‌့ ခွင်‌့ပြုနိုင်သည်ဟု  ဥပဒေတွင် ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပြဋ္ဌာန်း ပြီးချိန်မှစ၍ စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုခွင်‌့လျှောက်ထားသည့် အမှုတွဲများကို စိစစ်ဆောင်ရွက် သည့်နေရာတွင် လယ်ယာမြေဥပဒေပုဒ်မ ၃၀(ခ)အရ လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်း အသုံးပြုခွင်‌့ လျှောက်ထားသူများအနက် ခွင်‌့ပြုထားသူဦးရေ ၄၇၃ ဦး၊ ဧရိယာ ၃၄၅၁ ဧက ၊ လယ်ယာ မြေဥပဒေပုဒ်မ ၃၀(က)အရ လယ်ယာမြေကိုအခြားနည်းဖြင်‌့အသုံးပြုရန် ခွင်‌့ပြုထားသူဦးရေ ၄၇ ဦး၊ ဧရိယာ ၃၆၀ ရှိပါကြောင်း၊ ခွင်‌့ပြုထားသူအနက်မှ အုတ်ဖုတ်လုပ်ငန်း အတွက် ရှစ်ဦး၊ ဧရိယာ ၁၀ ဧက၊ မွေးမြူရေးလုပ်ငန်းအတွက် ၁၀ ဦး၊ ဧရိယာ ၈၀ ခန့်ခွင်‌့ပြုထားပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကိုအခြားနည်းဖြင်‌့ အသုံးပြုခွင်‌့လျှောက်ထားသည့် လုပ်ငန်းနှင်‌့စပ်လျဉ်းပြီး အသုံးပြု ခွင်‌့ ရရှိလိုသူများသည် နည်းဥပဒေ ၈၂ အရ မြို့နယ်ဦးစီးဌာနရုံးဖြစ်သည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနရုံးကို လျှောက်လွှာပုံစံ(၁၄)ဖြင့် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊  နည်းဥပဒေ ၈၃ အရ မြို့နယ်ဦးစီးရုံးသည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင်‌့ လုပ်ငန်းစာတွဲဖွင့်ပြီး၊ နည်းဥပဒေ ၈၄ အရ ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းစာတွဲကို စိစစ်ဆောင်ရွက်ရပါကြောင်း၊

          မြို့နယ်ဦးစီးရုံးမှ နည်းဥပဒေ ၈၅ အရ သဘောထားမှတ်ချက်နှင့် လုပ်ငန်းစာတွဲကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ တင်ပြရခြင်းဖြစ်ပါကြောင်း၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နည်းဥပဒေ ၈၆ အရ ၁၅ ရက်အတွင်း လုပ်ငန်းစာတွဲကိုစိစစ်ပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ တစ်ဆင်‌့ နေပြည်တော်ကောင်စီသို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ ဆက်လက်တင်ပြရပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နည်းဥပဒေ ၈၇ နည်းဥပဒေ ခွဲ(က)အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ သဘော ထားမှတ်ချက်ဖြင့် တင်ပြလာသည့်လယ်မြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်နှင်‌့ စပ်လျဉ်းပြီး ခွင်‌့ပြုမည်ဆိုပါ က အသုံးပြုဖို့ခွင်‌့ပြုမိန့်ပုံစံ(၁၅)နှင့် လယ်ယာမြေမှတစ်ပါး အခြားလယ်ယာမြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင်‌့စပ်လျဉ်းပြီး အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ ၁၅(က) တို့ကို ထုတ်ပေးရပါကြောင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင်‌့များကို သတ်မှတ် ကာလအတွင်း ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့စပ်လျဉ်းပြီး လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသော်လည်းကောင်း၊ အစုအဖွဲ့များ ဖြင်‌့သော် လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း၊ ယခုလိုလျှောက်ထားသည့်နေရာတွင် လျှောက်ထားလိုသူများ သည် အမှန်တကယ် အသုံးပြုမည်ဖြစ်သည့်အကြောင်း ကတိခံဝန်ချက်၊ လုပ်ငန်းအကောင် အထည်ဖော် မည်‌့စီမံချက်၊ အသုံးပြုမယ့်အဆောက်အဦပြမြေပုံ(Site Plan)၊ လုပ်ငန်းအမျိုးအစားပေါ်တည်ပြီး သက်ဆိုင် ရာ ဦးစီးဌာနများ၏ ထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှစပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင်‌့ဆင်‌့တို့၏ သဘောထားမှတ်ချက်အပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ သဘောထားမှတ်ချက်တို့ဖြင့် ပြည့်စုံစွာတင်ပြလာမည်ဆိုပါက လယ်ယာမြေအခြားနည်း သုံးစွဲခွင်‌့ ခွင်‌့ပြုမိန့်ထုတ်ပေးရာတွင် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံစေရေးကို ထိခိုက်မှုရှိ/မရှိ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းရှိ/မရှိ နှင့် ဒေသဖွံ့ဖြိုးရေးကိုအကျိုးပြုသည့် လုပ်ငန်းများဖြစ်/မဖြစ်တို့ အပေါ်မူတည်စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အကယ်၍ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင်‌့ ခွင့်ပြုမိန့်မရရှိမီ ကြိုတင်ဆောင်ရွက်ခဲ့မည်ဆိုပါက  လယ်ယာမြေဥပဒေပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည့်အတွက် လယ်ယာမြေဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်များအတိုင်း အရေးယူခြင်းကို ခံရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေပေါ်တွင် တရားမဝင် လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများအနေဖြင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင်‌့အညီ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားသွားရန်လိုအပ်ပါကြောင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင်‌့ လျှောက်ထားမှုကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဆင်‌့ဆင်‌့ကို စိစစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့ဗဟို လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်  လစဉ်အစည်းအဝေး များခေါ်ယူပြီး ဥပဒေနှင်‌့အညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးထွန်းထွန်းနိုင်(ကနီမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 မကွေးတိုင်းဒေသကြီးတွင် အခြားနည်း သုံးစွဲခွင်‌့အတွက် ၁၀  ဧက၊   မွေးမြူရေးလုပ်ငန်းအတွက် ၈၀ ဧက လောက်ခွင်‌့ပြုထားသည်ဟု သိရပါကြောင်း၊ ခွင်‌့ပြုချက်ပေးသည့်နေရာတွင် အုတ်လုပ်ငန်းသို့မဟုတ် မွေးမြူရေးလုပ်ငန်း ဖြစ်ဖြစ် အခြားနည်းသုံးစွဲခွင်‌့တင်ထားသည့် များကို  နှစ်နှစ်၊ သုံးနှစ်ကြာမှ တိုင်အောင် ခွင်‌့ပြုခြင်း ၊ ခွင်‌့မပြုခြင်းများ မသိသည့်ကိစ္စ ဖြစ်လာသည့်အတွက် တရားမဝင်လုပ်သည့် လုပ်ငန်းများ ပေါ်လာခြင်း၊ ပိုပြီးများလာခြင်းတို့ဖြစ်လာပါကြောင်း၊ ထို့ကြောင့် အခြားနည်းသုံးစွဲခွင်‌့ တင်ထားသည့် ကိစ္စများနှင့် ပတ်သက်ပြီး ခွင်‌့ပြုခြင်းဖြစ်ဖြစ်၊ ခွင်‌့မပြုခြင်းဖြစ်ဖြစ် အဓိကအားဖြင်‌့ ခွင်‌့မပြုနိုင်ပါက မည်သည့် အတွက် ခွင်‌့မပြုနိုင်ကြောင်းကို ဖြေကြားပေးနိုင်ခြင်းရှိ/မရှိ ကိုသိရှိလိုပါ ကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်

မိမိလျှောက်ထားသည့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီးဌာနတွင် မိမိ လျှောက်ထားမှု ပြည့်စုံခြင်းရှိ/မရှိ၊ ခွင်‌့ပြုခြင်းရှိ/မရှိနှင့် နိုင်ငံတော်မှသတ်မှတ်ပြဋ္ဌာန်းထားချက်များနှင့် အညီ ညီညွတ်မှုမရှိ၍ ခွင်‌့ပြုခြင်းရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင်‌့ စာရင်းအင်းဦးစီး ဌာနများတွင်  စုံစမ်းစိစစ်မေးမြန်းနိုင်ပါကြောင်း၊ တချို့ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင်‌့မရခင် အုတ်ဖုတ်လုပ်ငန်းဖြစ်စေ၊ အခြားသောလုပ်ငန်းကိုဖြစ်စေဆောင်ရွက်နေသည့် လုပ်ငန်းရပ်များအပေါ် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်ရန် မိမိတို့သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ အသိပေးအကြောင်းကြား ထားပြီးဖြစ်ပါကြောင်းဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။