(ဇ)-တောင်သူလယ်သမားများ အတိုးကြွေးနွံနစ်ပြီး ဆင်းရဲမှုတိုးပွားရေးကို ရှေးရှုနေခြင်းမှ ကာကွယ်တားဆီး ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်လို့ ပထမအချက်အနေနဲ့ တောင်သူလယ်သမားများ အတိုးကြွေးနွံ နစ်ပြီးတော့ ဆင်းရဲနွမ်းပါးမှုတိုးပွားမှုဖြစ်ရခြင်းအကြောင်းကို တင်ပြပါမယ်။ တောင်သူလယ်သမားများ ဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စုစုပေါင်း သုံးနှစ်နီးပါးခန့် စိုက်ပျိုးရာသီတွေမှာ (၁) ရာသီ ဖောက်ပြန်မှု၊ (၂) ရေကြီးရေလျှံမှု၊ (၃) ပိုးမွှားရောဂါကျရောက်မှု စတာတွေကြောင့် စပါးရော၊ ပဲပါ အထွက်နှုန်းလျော့နည်းပြီးတော့ သီးနှံဈေးနှုန်းမှာ ကျဆင်းမှုကြောင့် နှစ်စဉ်ဆက်တိုက်အရှုံးပေါ်ကာ ကြွေးမြီဝန်ထုပ်ဝန်ပိုးဒဏ်ကို မြန်မာ့တောင်သူလယ်သမားများ အလူးအလဲခံနေကြရပါတယ်။ စိုက်ပျိုး စရိတ် ချေးငွေပြန်ဆပ်ဖို့ မပြေလည်ကြလို့ ရှိတာပေါင်နှံရောင်းချအတိုးကြီးနှင့် ထပ်ချေးဆပ်ကြရပါ တယ်။ တောင်သူလယ်သမားများခမျာ သုံးနှစ်နီးပါးဆက်တိုက်ရှုံးတော့ ပုဂ္ဂလိကချေးတဲ့ငွေတွေကို ပြန်မဆပ်နိုင်ကြလို့ အတိုးနှင့်အရင်းပေါင်း အတိုးပေါ်အတိုးဆင့် လယ်သိမ်း၊ နွားသိမ်း၊ မြေသိမ်း၊ အိမ်သိမ်းတာတွေတောင်ခံကြရပါတယ်။ တချို့တရားစွဲခံရလို့ ရှိတာအကုန်အကြွေးထိုးဆပ်ပြီးတော့ တစ်ဖက်နိုင်ငံမှာ ရရာအလုပ်သွားလုပ်ကြရပါတယ်။ လူကုန်ကူးမှုကိုလည်း အကြီးအကျယ်ခံကြရ ပါတယ်။ အကြွေးမဆပ်နိုင်လို့ ထွက်ပြေးတိမ်းရှောင်နေကြရသူတွေလည်း ရခဲလှတဲ့လူ့ဘဝကို အဆုံးစီရင်သွား သူတွေတောင်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေသည် တကယ်ဆင်းရဲ နေကြပါတယ်။ 
ဒုတိယအချက်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝရရှိစေရေးနှင့်ပတ်သက်လို့ တင်ပြပါမယ်။ လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုဟာ ပျမ်းမျှငွေကျပ် ၁၅၀၀၀၀ မှ ၁၈၀၀၀၀ ခန့် အထိ ကုန်ကျပါတယ်။ အစိုးရက လယ်တစ်ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၅၀၀၀၀ နှုန်းနှင့် လယ်သမားတစ်ဦးကို ၁၀ ဧကအထိပဲ ချေးပေးပါတယ်။ ကျွန်တော်တို့ သနပ်ပင် မှာတော့ တကယ်လယ်သမားရတာ ၉ ဧကအထိပဲရပါတယ်။ လယ်ရှိသူက ချေးငွေမရဘဲနှင့် လယ်မရှိသူက ချေးငွေယူတာတွေလည်း ရှိနေပါတယ်။ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းတွေနဲ့ပေါင်းပြီးတော့ အမည်ပေါက် နာမည်အမျိုးမျိုးပြောင်းရပါတယ်။ ဝိုင်းကြီးချုပ်စနစ်နဲ့ ပေးချေတဲ့စနစ်မို့လည်း တစ်ရွာလုံးကြေမှ ပြန်ထုတ်ချေးပေးပါတယ်။ ယခုနှစ်စိုက်ပျိုးစရိတ်ကို မိုးရာသီမှာကော အခုဆောင်းရာသီမှာပါ နောက်ကျပြီးမှ ထုတ်ချေးပြီးတော့ စိုက်ပျိုးစရိတ်မဟုတ်ဘဲနှင့် ရိတ်သိမ်းစရိတ် ဖြစ်နေပါတယ်။ တောင်သူလယ်သမားများမှာ အမှန်တကယ်အရင်းအနှီးလိုအပ်ချိန်မှာ ချေးငွေမရဘဲ နှင့် နောက်အတော်ကြာမှ ရကြပါတယ်။ စိုက်ပျိုးစရိတ် အရင်းမလုံလောက်တဲ့အတွက် ဖြစ်သလို စိုက်ပျိုးကြရပါတယ်။ အကွက်ပြည့်အောင်လည်း မစိုက်နိုင်ဘဲနှင့် ဖြစ်ကြရပါတယ်။ လုပ်အား အရင်းအနှီးကို ပြင်ပပုဂ္ဂလိကထံက အတိုးကြီးကြီးနဲ့ ချေးယူသုံးစွဲစိုက်ပျိုးကြရပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သက်လို့ (၁) လယ်သမားများ အမှန်တကယ်လိုအပ်ရင် တစ်ဧကကို ကျပ်တစ်သိန်းနှုန်း အထိ ထုတ်ချေးပေးပါ။ (၂) အမှန်တကယ်စိုက်ပျိုးတဲ့ လယ်ဧကအရှိအတိုင်း အလုံအလောက် ထုတ်ချေးပေးပါ။ (၃) စိုက်ပျိုးစရိတ်ကို အချိန်အခါမီ ထုတ်ချေးပေးပါ။ (၄) သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပါက ချေးငွေများကို ဆိုင်းငံ့ပေးပါရန်နှင့် (၅) တစ်ရွာလုံးဝိုင်းကြီးချုပ်စနစ် အားလည်း ပြန်လည်သုံးသပ်ပြင်ဆင်ပေးပါရန် တင်ပြပါတယ်။ 
တတိယအချက်အနေနဲ့ ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်အောင်ပြုပြင်ပေးရေး တင်ပြပါ မယ်။ ရေကြီးရေလျှံဖြစ်ရတဲ့ အဓိကအကြောင်းအရင်းမှာလည်း မြစ်ချောင်းများတိမ်ကောလာခြင်းနှင့် မြစ်ချောင်းပိတ်ငါးဖမ်းခြင်းများကြောင့်ပဲ ဖြစ်ပါတယ်။ မြစ်ကြောင်းများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဖို့ လိုအပ်သလို ချောင်းများ၊ မြစ်များ၊ တိမ်ကောနေတာကိုလည်း ပြန်လည်တူးဖော်ပေးပြီး ရေထိန်းတံခါးများလည်း တည်ဆောက်ပေးသင့်ပါတယ်။ နိုင်ငံတော်မှ သိန်းပေါင်းများစွာ အကုန်ကျခံ တူးဖော်ပြုပြင်ပေးထားတဲ့ တူးမြောင်းများ၊ ယင်းများ၊ တာတမံများ ပိတ်၍ ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကိုလည်း တားမြစ်သင့်ပါတယ်။ တာတမံများပိတ်၍ ငါးဖမ်းခြင်းကြောင့် နုန်းကို ပျက်စီး စေပါတယ်။ အင်းများကရရှိတဲ့ အခွန်ငွေထက် ချောင်းမြောင်းများ ပြန်လည်တူးဖော်စရိတ်နှင့် လယ်သမားများ စပါးထွက်ရှိရေး ထိခိုက်ဆုံးရှုံးမှုက ပိုကြီးပါတယ်။ လယ်သမားများနှင့် ငါးသမားများ ပဋိပက္ခရန်ပွဲများဟာလည်း ဒေသမြို့နယ်အတော်များများမှာ ဖြစ်ပွားလျက်ရှိနေပါတယ်။ ရေသွင်း ရေထုတ်မြောင်းများနှင့်အတူ ကုန်ထုတ်ဆက်သွယ်ရေးလမ်းများကိုပါ တစ်ပါတည်း တည်ဆောက်သွား သင့်ပါတယ်။ မိမိတို့ရဲ့ ရှေ့ရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆည်တည်ဆောက်ပုံစနစ်၊ လယ်ကြား မြောင်းများ၊ ရေသွင်းရေနုတ်မြောင်းများ၊ ရေအလေအလွင့်မရှိအောင် တည်ဆောက်ထားပုံ၊ ရေကြီးရေလျှံမဖြစ်အောင် ဆောင်ရွက်ပုံတွေကို ကုန်ထုတ်ဆက်သွယ်ရေးလမ်းများ တည်ဆောက်ပုံ တွေကို နမူနာယူလေ့လာဆောင်ရွက်သင်‌့ပါတယ်။ အဓိကအကြံပြုချင်တာကတော့ (၁) ငွေကုန် ကြေးကျများတဲ့ ဆည်အသစ်တွေဆောက်တာကို ရပ်ဆိုင်းထားပါ။ (၂) အထက်မြန်မာပြည်မှာ ရေရှားပါးမှုအတွက် ရှိပြီးသားဆည်တွေကို စွမ်းအားမြင့်အောင် ပြုပြင်ပေးပါ။ (၃) ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှုမဖြစ်အောင် ရေကို လိုအပ်သလိုသွင်းထုတ်နိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ 
စတုတ္ထအချက်အနေနဲ့ စိုက်ပျိုးစရိတ် နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ရရှိရေးကို တင်ပြ ပါမယ်။ စိုက်ပျိုးစရိတ်နည်းပညာကို မြန်မာနိုင်ငံမှာ အခြေခံပညာကစလို့ သင်ရိုးညွှန်းတမ်းများမှာပါ ရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်။ စိုက်ပျိုးနည်းပညာကို ရက်ရှည်သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ မီဒီယာမျိုးစုံအသုံးပြုလို့ ပညာပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးထွန်းကားသော ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများကို တောင်သူလယ်သမား များကိုပါ စေလွှတ်ပေးသင့်ပါတယ်။ သုတေသနဓာတ်ခွဲခန်းများလည်း တည်ဆောက်ပေးသင့်ပါတယ်။ မျိုးကောင်းမျိုးသန့် သုတေသနပြုလုပ်ပေးဖို့၊ ဒေသရာသီဥတုနဲ့ကိုက်ညီ၍ အရည်အသွေးမြင့် အထွက်နှုန်းကောင်းတဲ့စပါးများ အလုံအလောက်ရရှိရေး ဆောင်ရွက်ပေးသင့်ပါတယ်။ 
ပဉ္စမအချက်အနေနဲ့ လယ်ယာမြေ စနစ်ပြုပြင်ရန် လိုအပ်ပါတယ်။ လယ်ယာမြေတွေကို (၁) မြေမျက်နှာပြင်ညီညာအောင်ဆောင်ရွက်ခြင်း၊ (၂) လယ်ကွက်သေးများကို ဧကကွက်များ ဖော်ဆောင် ခြင်း၊ (၃) ရေသွင်းရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ (၄) ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။ ယင်းလုပ်ငန်းများဟာ အရင်းအနှီး ကုန်ကျမှုများတဲ့အတွက် အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီ များက ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ပေးသင့်ပြီးတော့ တောင်သူလယ်သမားများ ရေနှင့်မြေသယံဇာတ များကို စွမ်းအားပြည့်အသုံးချနိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ 
ဆဋ္ဌမအချက်အနေနဲ့ စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေးနှင့် ပတ်သက် ၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းများကို တစ်ရွာလျှင် တစ်ယောက်နှုန်း အလုံအလောက်တိုးချဲ့ခန့်ထားပေးပြီး နည်းပညာပံ့ပိုးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသင့်ပါတယ်။ 
သတ္တမအချက်အနေနဲ့ ဈေးကွက်ခိုင်မာရေးနှင့် ပတ်သက်လို့ တင်ပြချင် ပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ခိုင်မာဖို့၊ ဈေးနှုန်းအာမခံချက်ရှိဖို့ အရေးကြီးပါတယ်။ သီးနှံတွေ ဈေးကောင်းရဖို့ ဈေးကွက်ရှိတဲ့သီးနှံတွေကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ဖို့ သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီရဖို့ သိရှိဖို့လည်း လိုအပ်ပါတယ်။ ဈေးကောင်း ရဖို့ အရည်အသွေးကောင်း ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး က ထွက်တဲ့ပေါ်ဆန်းဟာ ပြည်တွင်းဈေးကွက်မှာ အလွန်လူကြိုက်များသလို အပြည်ပြည်ဆိုင်ရာ ဆန်စပါးပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက်ဆုရတယ်။ ပထမဆုအထိရခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အကြံပြုချင်တာက (၁) ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးမြင့် အထွက်နှုန်းကောင်း စပါးမျိုးများကို ဈေးနှုန်းသက်သက်သာသာနှင့် အလုံအလောက်ဖြန့်ဖြူးပေးပါ။ (၂) ဈေးကွက်ခိုင်မာ တဲ့ သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေး ပါ။ ပံ့ပိုးကူညီဆောင်ရွက်ပေးပါ။ (၃) သွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို သက်သာတဲ့ဈေးနှုန်းနဲ့ လုံလောက်စွာ ဆောင်ရွက်ပေးပါ။ (၄) စံချိန်မီအရည်အသွေးမြင့် လယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ကြိတ်ခွဲစက်များကို နှစ်တိုနှစ်ရှည်ချေးငွေများဖြင့် ရောင်းချပေးပါ။ (၅) တောင်သူလယ်သမားများ တစ်စုံတစ်ရာ အကျိုးအမြတ်ရှိမယ့် အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူပေးပါ။ ဈေးနှုန်းကမောက်ကမဖြစ်တဲ့အခါမှာ အစိုးရက ဝင်ရောက်ထိန်းညှိပေးပါ။ 
အဋ္ဌမအချက်အနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းပေါ်ပေါက် စေရန် ဆောင်ရွက်ပေးရပါမယ်။ ဒါမှသာ တောင်သူလယ်သမားများက မိမိတို့ရဲ့ အခက်အခဲပြဿနာ များ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်နှင့် လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားအဖွဲ့အစည်း နည်းဥပဒေကိုလည်း အမြန်ပြဋ္ဌာန်းပေးရန် လိုအပ်ပါတယ်။ သို့ပါ၍ မေးမြန်းလိုတဲ့ မေးခွန်းများမှာ (၁)တောင်သူလယ်သမား များ အတိုးကြွေးနွံနစ်ပြီး ဆင်းရဲမှု တိုးပွားရေးကို ရှေးရှုနေခြင်းမှ ကာကွယ်တားဆီးရေး၊ (၂) စိုက်ပျိုး စရိတ်ချေးငွေများ အပြည့်အဝရရှိစေရေး၊ (၃) ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်အောင်ပြုပြင် ပေးရေး၊ (၄) ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ (၅) လယ်ယာမြေကို စနစ်တကျပြုပြင်ပေးရေး၊ (၆) စိုက်ပျိုးရေးနည်းပညာ၊ ကျွမ်းကျင်ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေး၊ (၇) ဈေးကွက်ခိုင်မာစေရေးနှင့် (၈) တောင်သူလယ်သမားအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်း ပေါ်ပေါက်စေရေးတို့ကို ပြည်ထောင်စုအစိုးရမှာ စနစ်ကျနစွာ စီမံခန့်ခွဲမှုဖြင့် အရှိန်မြှင့်ဆောင်ရွက် ပေးပါရန်အစီအစဉ်များရှိ၊ မရှိသိလိုပါကြောင်း မဲဆန္ဒရှင်များကိုယ်စား မေးမြန်းအပ်ပါတယ်။ 


 

ဖြေကြားသူ
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်‌ြမောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများဘဝ ဝင်ငွေ နှစ်ဆတိုးတက်ရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များကို တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများပေါ် စိုက်ပျိုးရေးအရ တွက်ခြေကိုက်မှုရှိပြီး ခိုင်မာသော ဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဈေးကောင်းရမည့် မျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ ခေတ်မီ သိပ္ပံနည်းကျစိုက်နည်းစနစ်များ အသုံးပြုခြင်း၊ အခြေခံသော့ချက်ကြီး ငါးချက်နှင့်အညီ ဆောင်ရွက် သွားနိုင်ကြရေးအတွက် စဉ်ဆက်မပြတ် ပညာပေးခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ တောင်သူ လယ်သမားများနှင့် လယ်ကွင်းထဲတွင် အတူပူးပေါင်း၍ စံနမူနာပြ စိုက်ခင်းများထူထောင်ခြင်းဖြင့် ဈေးကွက်တွင် တွက်ခြေကိုက်သော ဈေးနှုန်းများရရှိရေးအတွက် ဆက်စပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း အားဖြင့် အစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစွာရှင်းလင်းဖြေကြား အပ်ပါတယ်။ 
    မိမိတို့အစိုးရသစ်ကာလတွင် ကိုယ်တိုင်ဆန္ဒပြင်းပြစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သော တောင်သူလယ်သမားများကိုယ်တိုင် အကျိုးကျေးဇူးခံစားကြရပြီး ကြွေးတင်ခြင်း၊ ဆင်းရဲခြင်းမှ ကင်းဝေးလျက် လှူနိုင်တန်းနိုင်ကြပြီး လူနေမှုအဆင့်အတန်းများ အထိုက်အလျောက် မြင့်တက်လာ နိုင်ကြပြီ ဖြစ်ပါတယ်။ သို့ရာတွင် ထိုကဲ့သို့သော တောင်သူပမာဏမှာ နိုင်ငံတော် လူဦးရေနှင့် နှိုင်းယှဉ် ပါက အလွန်ပင်နည်းပါးလျက်ရှိကြောင်း အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း တင်ပြလို ပါတယ်။ အဓိကသော့ချက်လိုအပ်ချက်မှာ ကာယကံရှင်တောင်သူလယ်သမားတစ်ဦးချင်းကိုယ်တိုင် တိုးတက်ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်နှင့် ကိုယ်တိုင်ကာယကံမြောက် ဝီရိယရှိရှိဖြင့် ကိုယ်တိုင် ပါဝင် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါတယ်။ မိမိကိုယ်တိုင် ကြံစည်ကြိုးစားအားထုတ်မှုမရှိပါက မည်မျှပင်တိုက်တွန်းစေကာမူ ဆင်းရဲတွင်းနက်နေကြမည် ဖြစ်ပါ တယ်။ တောင်သူလယ်သမားများအတွက် အရင်းအနှီးလိုအပ်ချက်ကို ကူညီဖြေရှင်းပေးနိုင်ရန် အလို့ငှာ လွှတ်တော်အဆင့်ဆင့်မှ အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပြီးဖြစ်သော လယ်ယာ‌ြမေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်စွာဖြင်‌့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် လယ်ယာလုပ်ငန်းခွင် တွင် အရင်းအနှီးလိုအပ်ချက်ကို မိမိတို့လုပ်ကိုင်ခွင့်ရရှိထားကြသော လယ်ယာမြေများကို ရောင်းခြင်း၊ ပေါင်ခြင်း၊ ငှားခြင်းနည်းလမ်းများဖြင့် အရင်းအနှီးများရရှိပြီး အကျိုးရှိစွာဆောင်ရွက်နိုင်မည် ဖြစ်ပါ တယ်။ 
    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ် အရင်းအနှီးလိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် စိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာတွင် စပါးသီးနှံတစ်ဧက ယခင်ကျပ် ၈၀၀၀၀ နှုန်းမှ  ကျပ် ၁၀၀၀၀၀ နှုန်းသို့ ၂၀၁၃-၂၀၁၄ မိုးစပါးသီးနှံရာသီမှစ၍လည်းကောင်း၊ ကြံသီးနှံတစ်ဧကလျှင် ယခင် ၁၀၀၀၀ နှုန်းမှ ကျပ် ၁၀၀၀၀၀ နှုန်းသို့၂၀၁၂-၂၀၁၃ ကြံစိုက်ရာသီမှစတင်၍လည်းကောင်း တိုးမြှင့်ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ရရှိလာမည့်အရင်းအနှီးများကို လယ်ယာ လုပ်ငန်းခွင်တွင် အမှန်တကယ်ရင်းနှီးမြှုပ်နှံကြရန်လည်း အရေးကြီးပါတယ်။ တောင်သူလယ်သမား များ ဈေးကွက်တွက်ခြေကိုက်မည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကို လုံလောက်စွာ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်တွေ့တောင်သူလယ်သမားများ စိုက်ပျိုးရာတွင် တစ်ဧက တင်း ၂၀၀ ကျော်ထွက်ရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့် ပုလဲသွယ် စပ်မျိုးစပါးများကို စိုက်ပျိုးရေးသုတေသန ပညာရှင်များအနေဖြင့် လက်တွေ့အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ကြပြီး ကိုယ်တိုင်တိုးတက် ကြီးပွားလိုကြသည့် ကိုယ်တိုင်ဆန္ဒဖြင့် စိုက်ပျိုးလိုကြသော ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ တောင်သူများထံသို့ ၂၀၁၁-၂၀၁၂ ခုနှစ် နွေစပါးရာသီတွင် ၇၅၂၇ ဧကနှင့်    ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးရာသီတွင် ၃၁၁၇၉ ဧက စိုက်ပျိုးရန်အတွက် မျိုးစေ့များ ဖြန့်ဖြူးပေး နိုင်ခဲ့ပြီးဖြစ်ပါတယ်။ 
    ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးရာသီနှင့် နွေစပါးရာသီတို့တွင် ပုလဲသွယ်စပ်မျိုးစပါးများနှင့် အခြားစပ်မျိုးစပါးများကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၈၁၆၂၁ ဧက၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၅၇၈ ဧက၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၇၀၇၀ ဧက၊ ကချင်ပြည်နယ်တွင် ၅၈၇၈ ဧကနှင့် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၈၇၂၆ ဧက၊ စုစုပေါင်း ၂၀၄၁၇၃ ဧက စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါကြောင်းကိုလည်း တင်ပြအပ်ပါတယ်။ တစ်နိုင်ငံလုံး စိုက်ပျိုးဧကနှင့် နှိုင်းယှဉ်ပါက ပမာဏအား ဖြင့် လွန်စွာနည်းပါးနေသေးသော်လည်း တောင်သူလယ်သမားများ၏ လိုအင်ဆန္ဒအပြည့်အဝကို ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိပြည်နယ်/တိုင်းဒေသ အသီးသီး၏ ရာသီဥတုအခြေခံနှင့်ကိုက်ညီသော ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် မိဘလိုင်းများ ပွားများနိုင်ရေးအတွက် သုတေသနလုပ်ငန်းများအား ပြည်တွင်းပညာရှင်များ၊ တရုတ်ပညာရှင်များ၊ ဘယ်လ်ဂျီယံပညာရှင်များ၊ အိန္ဒိယပညာရှင်များ၊ ဖိလစ်ပိုင်ပညာရှင်များဖြင့် စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းအဆင့်နှင့် စီးပွားဖြစ် မျိုးစေ့ထုတ်ခြင်းအဆင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ 
    ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ကုမ္ပဏီများ ပေါ်ထွန်းလာရေးအတွက် လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ စပါးသီးနှံအပြင် ကြံသီးနှံ တွင် ယခင်က တစ်ဧကတန် ၂၀ ထွက်ရှိရာမှ ယခုတစ်ဧက တန် ၆၀ ထွက်ရှိလာသောကြောင့် သုံးဆခန့် ပိုမိုထွက်ရှိလာခဲ့ပါတယ်။ တစ်သျူးမျိုးပွားနည်းဖြင့် ပွားများထုတ်လုပ်သော ကြံမျိုးများကို တိုးတက်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အစိုးရသစ်ကာလတွင် ကြံတောင်သူများ၏ တစ်ဦးချင်းဝင်ငွေများ တိုးတက်လာခြင်းမှာ ကြံဈေးနှုန်းနှင့် ကြံအထွက်နှုန်း တိုးတက်လာခြင်းကြောင့် ယခင်ကထက် သုံးဆကျော်တိုးတက်လာခြင်း ဖြစ်ပါကြောင်း တင်ပြအပ်ပါ တယ်။ တောင်သူများတွက်ခြေကိုက်မှုကြောင့်  ကြံစိုက်ဧကများ တိုးတက်လာပြီး ယခင်က ပြည်ထောင်စုချုပ် စုစုပေါင်းအထွက်တန်ချိန် ၉.၂ သိန်းသာလျှင် ထွက်ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတန်ချိန် ၂၂.၃ သိန်းအထိ သုံးဆခန့် ပိုမိုတိုးတက် စိုက်ပျိုးထွက်ရှိလာကြောင်း တင်ပြအပ်ပါတယ်။ ယနေ့ ကြံတစ်တန်လျှင် အခြေခံအနိမ့်ဆုံး ကျပ် ၃၀၀၀၀ ဈေးဖြင့် တွက်ချက်ပါက ကြံတန်ချိန် ၂၂.၃  သိန်းအတွက် တန်ဖိုး ငွေကျပ် ၆၆.၉ ဘီလီယံအထိ တိုးတက်ရရှိပါတယ်။
    အလားတူ အစေ့ထုတ်ပြောင်းသီးနှံတွင်လည်း ယခင်က ပျမ်းမျှ ၅၈ တင်းထွက်ရာမှ ယခုအခါ တွင် တစ်ဧကလျှင် ၁၀၀ တင်းကျော်ထွက်ရှိသော စပ်မျိုးများကို တပ်ကုန်းစိုက်ပျိုးရေး သုတေသနခြံ တွင် စိုက်ပျိုးရေးပညာရှင်များဖြင့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နေပြီဖြစ်ပါတယ်။ မြေပဲသီးနှံတွင် လည်း ယခင်က ပျမ်းမျှတစ်ဧကလျှင် ၅၆ တင်းထွက်ရှိရာမှ ယခုအခါ တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိသည့်မြေပဲမျိုးများကို ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းတို့မှ တင်သွင်းခဲ့၍ နေပြည်တော်ကောင်စီနယ်မြေတွင် မျိုးသန့်မျိုးပွား ၂၇ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ် ဆောင်းရာသီတွင် ဆက်လက်မျိုးသန့်မျိုးပွားစိုက်ပျိုး၍ တောင်သူများလက်ဝယ်သို့ အသီးသီးဖြန့်ဝေ နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ စီးပွားရေးအရတွက်ခြေကိုက်မည့် နေကြာ၊ ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများကို သုတေသနပြုလုပ်ပြီး မျိုးသန့်မျိုးပွားထုတ်လုပ်ပေးလျက်ရှိပါတယ်။
    သွင်းအားစုဓာတ်မြေသြဇာ ထုတ်လုပ်ဖြန့်ဖြူးရေးလိုအပ်ချက်ကို နိုင်ငံပိုင်အခန်းကဏ္ဍမှ လုံလောက်မှုမရှိ၍ ပုဂ္ဂလိကအခန်းကဏ္ဍမှ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်လည်းကောင်း နိုင်ငံပိုင်စက်ရုံများမှ စွမ်းအားပြည့် တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့်လည်းကောင်း နီးကပ်စွာအကြိမ်ကြိမ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေပါတယ်။ သွင်းအားစုလိုအပ်ချက်မှာ အလွန်အရေးပါသော လိုအပ်ချက် ဖြစ်ပါ တယ်။ သွင်းအားစုကို ထိရောက်စွာအသုံးပြုနိုင်ပါက လယ်ယာထွက်ကုန်များ အရှိန်အဟုန်ဖြင့် နှစ်ဆ၊ သုံးဆတိုးတက်ထွက်ရှိပြီး တောင်သူတစ်ဦးချင်းသာမက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြင့်မားစွာဖြင့်တိုးတက်စေနိုင်မည် ဖြစ်ပါသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်းလည်း တင်ပြအပ်ပါတယ်။ 
    ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်တင်ပြရပါက မြန်မာနိုင်ငံသည် အဓိကစိုက်ပျိုးရေး အခြေခံနိုင်ငံ ဖြစ်သော်လည်း လယ်တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရတ်၊ ပိုတက်ရှ်ဓာတ်‌ြမေသြဇာ ပျမ်းမျှ သုံးစွဲနိုင်မှုမှာ ၅၀ ကီလိုဂရမ်ဝင်အိတ် ဝ.၂၈ အိတ်သာ သုံးစွဲနိုင်ပြီး တစ်နှစ်လျှင် မက်ထရစ်တန် ဝ.၅၇ သန်းသာလျှင် သုံးစွဲနိုင်မှုရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မိမိတို့နိုင်ငံထက် စိုက်ဧက လျော့နည်းသော ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် မက်ထရစ်တန် ၁.၉၉ သန်း သုံးစွဲ၍ မြန်မာနိုင်ငံထက် ၃.၄၉ ဆ ပိုမိုသုံးစွဲလျက်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် တစ်နှစ်လျှင် မက်ထရစ်တန် ၁.၈၁ သန်းဖြင့် ၃.၁၆ ဆပိုမိုသုံးစွဲလျက်ရှိသည်ဖြစ်၍ နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် သွင်းအားစု လိုအပ်ချက် လွန်စွာအားနည်းနေသေးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်မှာ အမှန်ပင်ဖြစ်ပါတယ်။ 
    စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးအတွက် ဆန်စပါးအပါအဝင် သီးနှံအလိုက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တောင်သူလယ်သမားများအတွက် ပညာရှင်များကို လေ့ကျင့်ပညာပေး၍ သင်တန်းခန်းမဓာတ်ခွဲခန်းများမှ လယ်ကွင်းထဲကိုအရောက်နည်းပညာပေး ဆောင်ရွက်လျက်ရှိပါ တယ်။ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ စိုက်ပျိုးရေးသုတေသနဌာနနှင့် စိုက်ပျိုးရေးခြံများ တွင် မြေလွတ်၊ မြေလပ်မကျန် သုတေသန စိုက်ကွင်းများထူထောင်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးပညာရှင်များ ကိုယ်တိုင်လက်တွေ့ပါဝင်လျက် လေ့ကျင့်ပညာပေး ဆောင်ရွက်နေခြင်း၊ အောင်မြင်လျက်ရှိသော တောင်သူစိုက်ကွင်းများကို  တည်ထောင်လျက် ပိုမို တိုးတက်လာအောင် လေ့ကျင့်ပေးလျက်ရှိခြင်း နည်းလမ်းများအပါအဝင် မြို့နယ်တစ်မြို့နယ်တွင် အဓိကစားသုံးသီးနှံ ဆန်စပါးအပါအဝင် ဒေသနှင့်ကိုက်ညီသော စီးပွားဖြစ်သီးနှံများရွေးချယ်၍ စံနမူနာပြ စိုက်ခင်းများထူထောင်ခြင်းအားဖြင့် ဒေသအလိုက် ဟန်ချက်ညီညီတိုးတက်လာစေရန် စိုက်ပျိုးရေးနည်းပညာများကို သီးနှံအမယ်အလိုက်ထိရောက်သော နည်းပညာပေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်းလည်း ရှင်းလင်းတင်ပြအပ်ပါတယ်။
    ထိုမျှသာမက မိမိတို့နိုင်ငံတွင် တောင်သူလယ်သမား မိသားစုဝင်များအနေဖြင့် မိဘဘိုးဘွား တို့၏ အမွေကိုဆက်ခံ၍ လယ်ယာလုပ်ငန်းခွင်အတွင်း အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိရာ သားသမီးငယ်များအား စိုက်ပျိုးရေးနည်းပညာများ ခိုင်မာစွာ ရရှိစေရေးအတွက် သူငယ်တန်းမှ ဒသမတန်းထိ အတန်းအလိုက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရေးဘာသာရပ်ကို အဓိကပြဋ္ဌာန်း ဘာသာရပ်အဖြစ် ယခုပညာသင်နှစ်မှစ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းလျက် ပြဋ္ဌာန်းသင်ခန်းစာ စာစောင်များရေးသားပြုစုနိုင်ခဲ့ပြီး စိုက်ပျိုးရေးဘာသာရပ် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများကို အခြေခံပညာကျောင်းမှပင်လျှင် နက်ရှိုင်းစွာစတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
    ရေသောက်စနစ်များကိုထူထောင်ရာတွင် လက်ရှိစုစုပေါင်းစိုက်ဧက ၃၄.၅၈ သန်းတွင် ၁၆.၇ ရာခိုင်နှုန်းနှင့် ညီမျှသောစုစုပေါင်းဧက ၅.၇၇ သန်းအတွက်သာ ဆည်ရေသောက်စနစ်များ ထူထောင် ပေးထားနိုင်ပြီး ဆည်ရေသောက်စနစ် တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြ လိုပါတယ်။ နိုင်ငံတော် ဘဏ္ဍာရေးသုံးစွဲမှု ခွင့်ပြုပေးနိုင်သည့်အပေါ်မူတည်၍ ဆည်ရေသောက်စနစ် များ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို ရေရှည်တည်တံံ့ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး တစ်သီး၊ နှစ်သီး၊ သုံးသီး၊ သီးထပ်၊ သီးညှပ်များစိုက်ပျိုးနိုင်ပြီး သီးနှံထုတ်လုပ်မှုစွမ်းအားမြင့်မား တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း ရှင်းလင်းတင်ပြအပ်ပါတယ်။ 
    လေးစားအပ်သော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ တောင်သူလယ်သမားများ ဝင်ငွေတိုးစေရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဈေးကွက်ခိုင်မာမှုနှင့် ဈေးကွက်၏ အဓိကအရေးပါမှုကို အကျဉ်းမျှ ရှင်းလင်းတင်ပြလိုပါ တယ်။ ယနေ့ကာလအထိ မြန်မာ့ဆန်စပါးအပါအဝင် လယ်ယာကဏ္ဍထွက်ကုန်များ ဈေးနှိမ်ခံရခြင်းမှာ လယ်ယာသီးနှံများကို ကုန်ကြမ်းအဖြစ်သာတင်ပို့နိုင်ခြင်းကြောင့် မူလလယ်ယာထွက်ကုန်များ ဈေးနှုန်း ကောင်းမွန်စွာ မရရှိခြင်းမှာ ဆင်းရဲနေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည့် ကုန်ချောနှင့် အဆင့်ဆင့်ကုန်ချောများထုတ်လုပ်ပြီး ခေတ်မီ ကုန်ချောထုတ်စက်ရုံများ အပြည့်အဝပေါ်ထွန်းလာရေးစည်းရုံး ဆောင်ရွက်လျက်ရှိပါတယ်။ 
    ဥပမာ-ဆန်စပါးသီးနှံတွင် ကျောက်ပြားဝိုင်းနှင့် ကြိတ်သည့်စက် (Stone Roller) ဆန်စက် စနစ် ဖြင့် ဆန်ကြိတ်ခွဲရာမှာ စပါးတင်း ၁၀၀ လျှင် အကျိုးအကြေများ ပါဝင်နေသည့် ၂၅ မှတ်ဆန် ၄၀ တင်း အောက်သာထွက်ရှိနိုင်ပြီး၊ ခေတ်မီ Satake ဆန်စက်၊ Roller ဆန်စက်ကဲ့သို့ အဆင့်မြင့် Rubber Roller စက်များဖြင့် ပြောင်းလဲအသုံးပြုကြိတ်ခွဲပါက စပါးတင်း ၁၀၀ လျှင် အကျိုးအကြေ ၅ ရာခိုင်နှုန်း ခန့်သာပါဝင်သည့် ၅ မှတ်ဆန် ၆၀ တင်းအထက်ထွက်ရှိနိုင်ပြီး နိုင်ငံတော်၏ ဆန်တင်ပို့မှု ကမ္ဘာ့ ဈေးကွက်တွင် နေ့ချင်းညချင်း တိုးတက်ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ပါတယ်။ နိုင်ငံတော်၏ ဆန်စပါးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် မဖြစ်မနေဆောင်ရွက်ကြရမည့် ခေတ်မီဆန်စက်များသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆန်မှထွက်သည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုဆီ အသုံးပြုနိုင်ခြင်း၊ အကျိုးအကြေဆန်များကို ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ စပါးခွံကို လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်တွင် ဘေးထွက်ပစ္စည်းများမှ လွန်စွာအကျိုးရှိစေမည်ဖြစ်ပါတယ်။ 
    သို့ဖြစ်ပါ၍ နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၃ ခုနှစ် အတွင်း ပုဂ္ဂလိကများမှ ခေတ်မီအဆင့်မြင့်ဆန်စက် တန် ၂၀၀ ဆန်စက်များ အလျင်အမြန် ပေါ်ထွက် လာရေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံလာရေးကို စည်းရုံးဆောင်ရွက်လျက်ရှိနေပါကြောင်းလည်း တင်ပြအပ်ပါတယ်။ အလားတူပင် ဆန်စပါးသီးနှံ အပါအဝင် ကြံသီးနှံ၊ သစ်သီးဝလံ၊ ဆီထွက်သီးနှံများစသည်‌့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်လျက်ရှိနေပါ ကြောင်း တင်ပြအပ်ပါတယ်။ 
    လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အစိုးရသစ်ကာလတွင် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူ လယ်သမားများ ဝင်ငွေတိုးတက်စေရေးကို ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်အဝဖြင့် နိုင်ငံတကာဈေးကွက် တွင် မြန်မာ့ဆန်စပါးအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ ဈေးကွက်နေရာရရှိစေရေးအတွက် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်လာရေးအတွက် စဉ်ဆက်မပြတ် ညှိနှိုင်းပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ 
    သို့ဖြစ်ပါ၍ ကာယကံရှင်တောင်သူလယ်သမားများကိုယ်တိုင် ကာယကံမြောက်ပါဝင်ကြပြီး ပုဂ္ဂလိကပိုင်အခန်းကဏ္ဍ၊ လွှတ်တော်အဆင့်ဆင့်၏အခန်းကဏ္ဍ၊ နိုင်ငံတော်အစိုးရ အခန်းကဏ္ဍ၊ ပြည်နယ်/တိုင်းဒေသအစိုးရအဖွဲ့ဝင်များ၏ အခန်းကဏ္ဍအားလုံး ကဏ္ဍအလိုက် တက်ညီလက်ညီပါဝင် ကူညီရိုင်းပင်းဆောင်ရွက်ကြခြင်းအားဖြင့် မြေသယံဇာတ၊ ရေသယံဇာတ၊ လူသယံဇာတ၊ ရာသီဥတု အခြေအနေ၊ အခြေခံကောင်းများနှင့် ပြည့်စုံကြွယ်ဝသော နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ မေးမြန်းချက် ကို ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။