ကွန်ဟိန်းမြို့နယ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့်တာချီလိတ် လမ်းမကြီးတစ်လျှောက်မှာ တည်ရှိပါတယ်။ မြို့နယ်အတွင်းမှာ လူဦးရေ ၃၀၀၀၀ ကျော်ရှိသော်လည်း စီးပွားရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍကို များစွာအထောက်အကူပြုနိုင်သော ပြည်သူများက ယုံကြည် စိတ်ချလုံခြုံသော နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲရုံးအဆောက်အဦမရှိသေးပါ။ လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲရုံးဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲလျက်ဖွင့်လှစ်ထားကြောင်း တွေ့ရှိရပါတယ်။ ဘဏ်တစ်ခုတွင် ရှိသင့်တဲ့ လုံခြုံမှုနှင့် ဝန်ဆောင်မှုတို့မရှိတဲ့အပြင်မှာ မိမိရဲ့ကိုယ်ပိုင် အဆောက်အဦ မရှိသေးလို့ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မြင်တွေ့ကြားသိခဲ့ရပါတယ်။ မြို့နယ်ဒေသခံများ က မြို့နယ်အတွင်း ယုံကြည်စိတ်ချလုံခြုံတဲ့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ခွဲရုံး အဆောက်အဦ အလျင်အမြန်ရလိုကြောင်း တောင်းဆိုလာလို့ ပြည်သူများရဲ့ကိုယ်စား မေးမြန်းရခြင်း ဖြစ်ပါတယ်။ မေးခွန်းများမှာ ကွန်ဟိန်းမြို့မှာ ပြည်သူတွေလိုလားသော ယုံကြည်စိတ်ချလုံခြုံတဲ့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ခွဲရုံး အဆောက်အဦ ဆောက်လုပ်ရန် အစီအစဉ်ရှိ ပါသလား။ အဆောက်အဦဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် ထည့်သွင်းပေးနိုင်ပါမည် လား။ ဘတ်ဂျက်တွင် မထည့်သွင်းနိုင်သေးဘူးဆိုပါက အဘယ်ကြောင့်နည်း။ မည်သည့်အချိန်ကာလ တွင် တည်ဆောက်ရန် စီစဉ်ထားပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ကွန်ဟိန်းဘဏ်ခွဲကို ၁-၉-၁၉၉၈ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်လှစ်တဲ့အခါမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ တွဲဖက်ပြီးတော့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်တုန်းကတော့ အဆင်ပြေပေမယ့် ယခု အခါမှာ ကွန်ဟိန်းမြို့နယ်မှာ စီးပွားရေးရော၊ လူဦးရေရောတိုးတက်လာတဲ့အတွက်ကြောင့် ဘဏ်လုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိနေပါတယ်။ ထို့အတွက် ကြောင့် ကိုယ်ပိုင်ဘဏ်ရုံးခွဲဖွင့်လှစ်ဖို့အတွက် မြေနေရာရှာခဲ့တာကို မြေနေရာရရှိပြီး ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း ငွေလုံးငွေရင်းရန်ပုံငွေတောင်းခံမှုပြုလုပ်ထားတာလည်းရှိပါ တယ်။ သို့ဖြစ်၍ ရန်ပုံငွေအတည်ပြုခွဲဝေရရှိတဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ကွန်ဟိန်းဘဏ် ငွေတိုက်ခွဲကို အလျင်အမြန်ဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြာပါသည်။
