(ဂ)-ကိုကိုးကျွန်း-ရန်ကုန် သင်္ဘောခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးမည်ဆိုပါက မည်သည်‌့အချိန်တွင် စတင်ပြေးဆွဲပေးမည်နှင့် တစ်နှစ်လျှင် ပုံမှန်အခေါက်ရေမည်မျှ ပြေးဆွဲပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ မှနေပြီးတော့ အနောက်တောင်ယွန်းယွန်း ၂၇၀ မိုင်ဝေးတဲ့ ပင်လယ်ပြင်မှာ ထီးထီးတည်ရှိတဲ့ကျွန်း ဖြစ်ပါတယ်။ အလျားအားဖြင့် ၇ မိုင်၊ အနံအားဖြင့် ၁.၂ မိုင်ရှိပါတယ်။ စတုရန်းမိုင်အားဖြင့် ၈.၄ စတုရန်းမိုင်ရှိပါတယ်။ ကျွန်းပေါ်မှာ အုန်းပင်များနှင့် အနောက်ဘက် တောင်ကုန်းပေါ်မှာ သစ်တော များဖုံးလွှမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့ကျွန်းရဲ့ပတ်ဝန်းကျင်မှာ ကျွန်းငယ်ပေါင်း ၇ ကျွန်းရှိပါတယ်။ အဲ့ဒီမှာ ကိုကိုးလေးနဲ့ စားပွဲတင်ကျွန်းရှိပါတယ်။ ကိုကိုးလေးရဲ့ တောင်ဘက်မိုင်၂၀ ခန့်မှာ အိန္ဒိယနိုင်ငံ ပိုင်တဲ့ ကပ္ပလီကျွန်းရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျွန်းဟာဝေးလံတဲ့ နယ်စွန်နယ်ဖျား၊ နယ်စပ် မှာရှိတဲ့ ကျွန်းတစ်ကျွန်း၊ မြို့တစ်မြို့ဆိုရင်မှားမယ် မဟုတ်ပါဘူး။ ထို့အတူ ကျွန်တော်တို့ကျွန်းဟာ ပင်လယ်ထဲမှာတည်ရှိနေတဲ့အတွက်ကြောင့် မြန်မာ့ပင်လယ်မှာ မြန်မာနိုင်ငံရဲ့မြေပြင်ဧရိယာ အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၆၇၇၀၀၀ ရှိပါတယ်။ မြန်မာ့စီးပွားရေးဇုန်ဧရိယာဟာ ၄၈၆၀၀၀ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တင်ပြလိုတဲ့ အချက်ကတော့ ကျွန်တော်တို့ ပင်လယ်ပြင်ရဲ့ ဧရိယာဟာ ကုန်းမြေရဲ့ဧရိယာ သုံးပုံ နှစ်ပုံ ကျွန်တော်တို့ နိုင်ငံကပိုင်ဆိုင်ပြီးရှိပါတယ်။ ဒီလိုပိုင်ဆိုင် တာလည်း ကျွန်တော်တို့ ကိုကိုးကျွန်းရဲ့တည်နေရာအနေအထားကြောင့် ပံ့ပိုးပေးလို့လည်းဖြစ်ကြောင်း တင်ပြချင်ပါတယ်။ ဒါကြောင့် ကိုကိုးကျွန်းအနေနဲ့ တင်စားခေါ်ရမယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူး။

ကျွန်တော်ဆက်လက်တင်ပြလိုတာကတော့ ကိုကိုးကျွန်းပေါ်မှာ မြို့နယ် အဆင့်ဌာန ၁၆ ခုရှိပါတယ်။ ဌာနဝန်ထမ်းများနှင့် ၎င်းတို့ရဲ့မိသားစုများ ကျွန်းနေပြည်သူ ပြည်သားများ အားလုံးစုစုပေါင်း ၁၀၀၀ ကျော်နေထိုင်လျက်ရှိပါတယ်။ ၎င်းမိသားစုများဟာ သွားရေးလာရေးနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ခေတ်အဆက်ဆက်ကစပြီးတော့ ရေပြင်၊ ပင်လယ်ပြင်ကို အားကိုးပြီး တော့ ကျွန်တော်တို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် အားကိုးပြီးတော့ သွားလာလှုပ်ရှားခဲ့ရပါတယ်။ ကိုကိုးကျွန်းပေါ်မှာ ပေ ၆၀၀၀ ရှိတဲ့ လေယာဉ်ပျံကွင်းတစ်ကွင်းရှိပါတယ်။ သို့သော်လည်း များသော အားဖြင့် ကျွန်းသူကျွန်းသားဝန်ထမ်းများဟာ ပင်လယ်ပြင်မှာပဲ ရေကြောင်းကိုအားကိုးပြီးတော့ ကူးလူး ဆက်ဆံနေရပါတယ်။ အဲ့လိုကူးလူးဆက်ဆံတဲ့အခါနဲ့ပတ်သက်လို့ ယခင်ကဆောင်ရွက်ခဲ့တဲ့ မှတ်တမ်း များ အရတင်ပြရမယ်ဆိုလို့ရှိရင် ၁၉၅၄ ခုနှစ်မှ ၁၉၉၀ ခုနှစ် အောက်တိုဘာလထိ ကျွန်းများကိုသွားတဲ့ ရေတပ်မှသ‌င်္ဘောကြုံများ သို့မဟုတ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နည်းပြပိုင်းကိစ္စများကို ဆောင်ရွက်ရန်အတွက် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ပေးရန်အတွက် သွားတဲ့နည်းပြသ‌င်္ဘောများဖြင့် သာ သ‌င်္ဘောကြုံများဖြင့် ကျွန်းနဲ့ပြည်မကြီးကို သွားလာခဲ့ရပါတယ်။ သို့သော်လည်း ၁၉၉၀ ခုနှစ် နိုဝင်ဘာလကနေစပြီးတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာလထိကတော့ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ကြယ်ငါးပွင့်သ‌င်္ဘောလုပ်ငန်းမှ တောင်ကြီး-ဟားခါး-မြစ်ကြီးနား ကမ်းရိုးတမ်းသ‌င်္ဘောများဖြင့် မိုးကာလမှအပ  ပွင့်လင်းရာသီမှာ တစ်လတစ်ကြိမ် ရေများဖြည့်စွက်ပေးရတဲ့အတွက်ကြောင့် ကျွန်းနေ မြို့သူမြို့သားများဟာ သွားရေးလာရေးအတွက်အဆင်ပြေခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၀ ခုနှစ်  အောက်တိုဘာလနောက်ပိုင်းမှစပြီးတော့ ကြယ်ငါးပွင့်သ‌င်္ဘောပြေးဆွဲနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ မြို့သူမြို့သားများအနေနဲ့  ပွင့်လင်းရာသီမှာ သွားရေးလာရေးအတွက် ကျွန်းကို ရောက်လာတဲ့ တပ်မတော်(ရေ)မှ ယာဉ်များကိုအားကိုးပြီးတော့ ရေယာဉ်ကြုံစီးပြီးတော့ လိုက်ပါ ပို့ဆောင်သွားလာနေရတဲ့အတွက်ကြောင့် သွားရေးလာရေးဟာ အခက်အခဲတွေဖြစ်လာပါတယ်။ သွားရေးလာရေးအခက်အခဲနဲ့အတူ ကျွန်တော်တို့စားဝတ်နေရေးကို ပြည်ပကိုပဲ အားကိုးနေရတဲ့ အတွက်ကြောင့် ကျွန်းမြို့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကျွန်းသူကျွန်းသား၊ ကျွန်တော်တို့ မြို့သူ မြို့သားအားလုံးဟာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စားဝတ်နေရေးပါ အခက်အခဲဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်တင်ပြလိုတဲ့အချက် ကတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမတိုင်မီအထိ နိုင်ငံတော်မှတာဝန်ယူ၍ တစ်နည်းအားဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ မြန်မာ့ကြယ်ငါးပွင့်ကမ်းရိုးတန်းသင်္ဘောများ ပြေးဆွဲပေး သကဲ့သို့ ကိုကိုးကျွန်း-ရန်ကုန်ခရီးစဉ်များကို အမြန်ပြန်လည်ပြေဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြတောင်းခံအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အကယ်၍ ကိုကိုးကျွန်း-ရန်ကုန် ခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးမည်ဆိုပါက ကျွန်တော်‌့အနေနဲ့ မေးခွန်း ၂ ခု မေးလိုပါတယ်။ မေးခွန်း (၁) ကတော့ မည်သည့်အချိန်တွင် စတင်ပြေးဆွဲမည်ကို သိလိုပါတယ်။ မေးခွန်း (၂) ကတော့ တစ်နှစ်လျှင် ပုံမှန်အခေါက်ရေ မည်မျှပြေးဆွဲမည်ကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်စိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာနက ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခင်က ကျွန်တော်တို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ ဌာနခွဲ ၆ ခု တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေပြုပြီး မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးများမှာ မြစ်တွင်းသွားရေယာဉ်များဖြင့်လည်းကောင်း၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ပင်လယ်ပြင်သွားကုန်တင်သင်္ဘောများဖြင့် ကမ်းရိုးတန်းသွား လူစီးကုန်တင် သင်္ဘောများဖြင့်လည်းကောင်း သယ်ယူပို့ဆောင်ရေးဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအနေနဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ကမ်းရိုးတန်းခရီးစဉ်များကို ယခင်ကပြေးဆွဲခဲ့သည့်နည်းတူ ပွင့်လင်းရာသီ များမှာလည်း ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်များကို တစ်လတစ်ခေါက် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းရဲ့ ပိုင်ဆိုင်မှုများကို ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်သို့ ၂၀၁၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကနေစပြီးတော့ လွှဲပြောင်းရောင်းချပေးခဲ့ပါတယ်။ အဲ့ဒီလို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ပို့ဆောင်ရေးဝန်ကြီးဌာန အနေနဲ့ မြစ်တွင်းသွားရေယာဉ်များသာရှိပြီးတော့ ကမ်းရိုးတန်းသွားသင်္ဘောများ လက်ရှိမှာ မရှိတော့ ပါဘူး။ ဒါ့ကြောင့်မို့လို့ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းထားတဲ့ ကိုကိုးကျွန်း-ရန်ကုန် သင်္ဘောခရီးစဉ်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အောက်က ရှိတဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းနှင့် ညှိနှိုင်းစီစဉ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အထူးကိစ္စရပ် များအတွက် လေကြောင်းနှင့် ပို့ဆောင်ရန် လိုအပ်မည်ဆိုပါကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။