ယနေ့ နိုင်ငံတော်အစိုးရသစ်ရဲ့လက်ထက်မှာ မနှစ်က ကျွန်တော်တို့ သဲကုန်းမြို့နယ်အတွင်းမှာ တောင်နဝင်း ဆည်နှင့်ပတ်သက်လို့ချောင်းတွေ၊ မြောင်းတွေတူးဖော်ပေးခဲ့တာ ထို့အတူတခြားချောင်း၊ မြောင်းများကို မနှစ်က နိုင်ငံတော်ကနေပြီး တူးဖော်ပေးခဲ့တာနှင့်ပတ်သက်လို့ ကျွန်တော်တို့မြို့နယ်ရဲ့ တောင်သူ လယ်သမားများဟာ အစိုးရသစ်အပေါ်မှာကျေးဇူးတင်ရှိနေကြောင်းကိုလည်း ဦးစွာပထမတင်ပြလိုပါ တယ်။ ကျွန်တော်တို့ သဲဖြူချောင်းရေထိန်းတမံဟာ ပြည်၊ အင်းမ၊ ရွှေတောင်ဘက်ကစီးဆင်းလာတဲ့ ချောင်းရေတွေဟာ ဒီရေထိန်းတမံကနေပြီးတော ကျေးရွာတွေဖြစ်တဲ့ အုတ်တွင်းကျေးရွာ၊ ရေတာရှည်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကြက်ကြီးတောအနောက် ကျေးသားတောရကျေးရွာ၊ ရှမ်းကုန်းကျေးရွာစတဲ့ကျေးရွာပေါင်း ၁၀ ရွာကနေပြီးတော့ တောင်သူလယ်သမား ၃၅၆ ဦး၊ တမံ ရေသောက်ဧရိယာဧက ၂၃၀၀ ခန့်သောက်သုံးနေရတဲ့တမံဖြစ်ပါတယ်။ ဒီတမံကြီးပျက်စီးကျိုးပေါက် နေတဲ့အတွက် မိုးရာသီ မိုးရွာသွန်းတဲ့အခါမှာ ရေတွေဟာ အင်းမအင်းထဲကိုစီးဝင်ရောက်ရှိသွားတဲ့ အတွက် စပါးစိုက်လယ်ကွင်းတွေဟာ ရေလုံလုံလောက်လောက်မရရှိပါဘူး။ ပျက်စီးကျိုးပေါက်နေတဲ့ သဲဖြူချောင်းရေထိန်းတမံကို ပြန်လည်ပြုပြင်ပေးမယ်ဆိုလို့ရှိရင် တောင်သူလယ်သမား ၃၅၆ ဦးရဲ့ လယ်ဧက ၂၃၀၀ ဟာ အောင်မြင်စွာစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သဲဖြူချောင်း ရေထိန်းတမံကို ပြန်လည်ပြုပြင်ပေးနိုင်ပါရန်အစီအစဉ်ရှိ၊မရှိနှင့် ပြုပြင်ပေးမယ်ဆိုလို့ရှိရင် မည်သည့် အချိန်၊ မည်သည့်ကာလမှာ ပြုပြင်ပေးနိုင်မည်ဆိုတဲ့အကြောင်းသိရှိလိုပါကြောင်း မေးမြန်းပါသည်။
သဲဖြူချောင်းရေထိန်း တမံကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ၁၉၆၀-၁၉၆၁ ခုနှစ်က ပြည်တော်သာ အစိုးရကတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပေးခဲ့သည့် နှစ်ကာလကြာမြင့်ပြီ ဖြစ်ခြင်းကြောင့် ရေထိန်းတမံမှာ ပျက်စီးကျိုးပေါက်နေပြီဖြစ်ပါတယ်။ အဆိုပါရေထိန်းတမံကို မိုးစပါး ၆၅၀ ဧက ခန့်စိုက်ပျိုးရေပေးဝေခြင်းအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ရေထိန်းတမံသည် အလျား ၃၀ ပေနှင့် အမြင့် ၈ ပေရှိပြီး ရေလျှံထိန်းတာပေါင်မှာ အလျား ၁၀၀ ပေ အမြင့် ၈ ပေရှိပါတယ်။ အကျယ် ၆ ပေ အမြင့် ၈ ပေရှိသော ရေထုတ်ပေါက် နှစ် ပေါက်နှင့် အကျယ် ၁၀ ပေ အမြင့် ၆ ပေ ရေပိုလွှဲ တစ် ခုပါရှိပါတယ်။ အဆိုပါရေထိန်းတမံမှာကျေးရွာက ထိန်းသိမ်းထားခြင်းကြောင့် ဆည်မြောင်းဦးစီးဌာန အနေဖြင့်ပြင်ဆင်ပေးခြင်းမရှိခဲ့ပါ။ ရေထိန်းတမံ၏အစိတ်အပိုင်းအားလုံးနီပါးသည် ပျက်စီးနေပြီ ဖြစ်သောကြောင့် အဆိုပါတမံကို ပြန်လည်ပြုပြင်မည်ဆိုပါက အသေးစိတ်ကွင်းဆင်းလေ့လာ တိုင်းတာမှုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၂-၂၀၁၃ ခုနှစ် ပွင့်လင်းရာသီတွင် အသေးစိတ်စူးစမ်းလေ့လာတိုင်းတာမှုများကို ဆောင်ရွက်ပြီး ရရှိသည့်အချက်အလက်များအပေါ် အခြေခံ၍ ဒီဇိုင်းရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းတန်ဖိုးတွက်ချက်ခြင်းတို့ကိုဆောင်ရွက်ပြီး နောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍ ခွင့်ပြုပါကအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးစီးပါက ဆက်လက်ထိန်းသိမ်းရေးအတွက် ကျေးရွာသို့လွှဲအပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
