သွေးအုပ်စု ခွဲတဲ့အခါမှာ အများစု သိနေတာကတော့ Aရယ်၊ Bရယ်၊ Oရယ်၊ AB ရယ်ဆိုပြီးတော့ပဲ သိပါတယ်။ ဒါပေမယ့် ဆရာဝန်အများစုသိတဲ့ အတိုင်းအတာ တစ်ခုမှာ Rh ဆိုတဲ့ သွေးခွဲခြင်းရှိပါတယ်။ Rh Positive နှင့် Negative ဆိုပြီး ရှိပါတယ်။ အဲဒီတော့ A သွေးကို B သွေးက သွင်းလို့မရသလို။ AB ကိုလည်း သွင်းလို့မရပါဘူး။ အဲဒီလိုပဲ B သွေးကိုလည်း A နှင့် AB သွင်းလို့မရပါဘူး။ သို့သော် Aရယ်၊ Bရယ်၊ AB ရယ်ကို O သွေးသွင်းလို့ရပါတယ်။ O သွေးကို O သွေးသာ သွင်းလို့ရပါတယ်။ ထို့နည်းတူစွာပဲ Rh Positive ကို Rh Negative သွေးနဲ့လည်း အန္တရာယ်ရှိသလို Rh Negative ကို Rh Positive သွင်းလို့ရှိရင်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မို့လို့ သွေးအမျိုးအစားခွဲခြားရာမှာ Rh Positive နှင့် Negative ကိုလည်း A,B,O စစ်သလို မျိုးပဲ သေချာစွာ စစ်ဆေးသင့်ပါတယ်။ ယခုအခါ မြို့ကြီးပြကြီးများမှာ ရှိတဲ့ ဆေးရုံတွေမှာတော့ ဒီ Rh ကိုတော့ စစ်ပေးပါတယ်။ နယ်မြို့တွေမှာကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ ၉၅ ရာခိုင်နှုန်းသော လူထုက Rh Positive ပဲ ဖြစ်တယ်ဆိုတာနဲ့ RhD ယူပြီးတော့ နယ်တွေမှာတော့ မစစ်ပါဘူး။ မေးမြန်းကြည့်တဲ့ အခါမှာလည်း သိပ်အရေးမကြီးဘူးလို့တော့ ပြောပါတယ်။ ဒါပေမယ့်လည်း တကယ်လို့ အရေးမကြီး ဘူးဆိုလို့ရှိရင် ရန်ကုန်တို့၊ မန္တလေးတို့လို့ မြို့ကြီးပြကြီးဆေးရုံတွေမှာလည်း အကုန်ကျခံပြီးတော့ စစ်စရာမလိုဘူး။ စစ်မယ်ဆိုလို့ရှိရင်လည်း နယ်မြို့က ဆေးရုံတွေကိုပါ စစ်သင့်ပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတာကတော့ တစ်နိုင်ငံလုံးကျန်းမာရေးစောင့်ရှောက်မှုသာတူညီမျှ ဖြစ်စေရန် ရည်ရွယ်ပြီးတော့ သွေးအုပ်စုကို စုံလင်စွာ စစ်ပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးမြန်းရခြင်း ဖြစ်ပါ တယ်။ မရှိသေးပါကလည်း မည်သည့်အကြောင်းကြောင်းကြောင့်ဆိုတာ သိလိုပါကြောင်း မေးမြန်းပါသည်။
လူသားများဟာ A, B, O အုပ်စုကဲ့သို့သော သွေးအုပ်စု ၈၄ မျိုးခန့် ကွဲပြား ပါတယ်။ သို့ရာတွင် သွေးသွင်းကုသခြင်းကြောင့် ချက်ချင်းအသက်အန္တရာယ်ပေးနိုင်သော သွေးအုပ်စု မှာ A, B, O အုပ်စု မတူ၍ ဖြစ်ပါတယ်။ ၎င်းအုပ်စုမှာ A, B, O, AB ဟူ၍ ၄ မျိုး ကွဲပြားပါတယ်။ ၎င်းသွေးအုပ်စုများအား စစ်ဆေးခြင်းအပြင် လူနာအား သွေးမသွင်းမီ တည့်၊ မတည့် စမ်းသပ်စစ်ဆေး ခြင်းဖြင့် အသက်အန္တရာယ် ကာကွယ်ပေးသည့် စမ်းသပ်မှုများကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သွေးသွင်း ကုသမှုပြုလုပ်နိုင်သော ကျန်းမာရေးဌာနများတွင်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။
Rh အုပ်စုမှာလည်း A, B, O အုပ်စုကဲ့သို့ ၁၄ မျိုးထပ်မံကွဲပြားပါတယ်။ Rh ပဋိပစ္စည်းမှာ မြန်မာနိုင်ငံကဲ့သို့ အာရှဒေသများတွင် ၉၉.၅ ရာခိုင်နှုန်းခန့် Positive ဖြစ်ပါတယ်။ ဝ.၅ ရာခိုင်နှုန်းသာ Negative ဖြစ်ပါတယ်။ ၎င်းသွေးအုပ်စုတို့၏ Rh Distribution မှာ လူမျိုးနွယ်အလိုက် ကွဲပြားပါ တယ်။ မြန်မာနိုင်ငံရှိ အချို့သောဒေသများမှာ Rh Negative မရှိသလောက် ဖြစ်ပါတယ်။ Rh Negative တွင် အုပ်စုပိုင်ရှင်သွေးလိုအပ်ပါက ၎င်းလူနာသည် ယောက်ျားဖြစ်ပါက သွေးမသွင်းဖူး လျှင် Rh Positive သွေးကို သွင်းနိုင်ပါတယ်။ RhD Negative သွေးအုပ်စုပိုင်ရှင် အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ဖြစ်မှသာလျှင် ၎င်းရဲ့ကလေးအတွက် အန္တရာယ်ရှိပါတယ်။ ၎င်းမိခင် သွေးလိုလျှင် RhD Negative သွေးကိုသာ သွင်းရမည်ဖြစ်ပြီး ၎င်းကလေးအတွက်မူ RhD Positive သွေးကို အသုံး ပြုနိုင်ပါတယ်။ ဒါကြောင့် Rh သွေးအုပ်စု စမ်းသပ်စစ်ဆေးမှုကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သွေးသွင်း ကုသမှုလုပ်ငန်းများတွင် ကျွမ်းကျင်စွာ စစ်ဆေးနိုင်ရန် လေ့ကျင့်ပေးပြီး ဖြစ်ပါတယ်။ သို့ရာတွင် သွေး အုပ်စုစမ်းသပ်ရာ၌ အသုံးပြုမည့် သွေးရည်ကြည်မှာ ၄ ဒီဂရီစင်တီဂရိတ်တွင် အစဉ်အမြဲသိုလှောင် ထားရှိမှသာ မှန်ကန်သည့်အဖြေကို ရရှိမည်ဖြစ်ပါ၍ ၎င်းအခြေအနေမျိုးရှိသော ဆေးကုသမှု ဝန်ဆောင်မှုလုပ်ငန်း နေရာဒေသတိုင်းတွင် RhD စမ်းသပ်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
