(ဆ)-နတ်တလင်းမြို့နယ်ပြည်သူ့ဆေးရုံရှိအရေးပေါ် လူနာတင်ယာဉ်အဟောင်းကိုအပ်နှံပြီးယာဉ်အသစ် ထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၇.၇.၂၀၁၄)

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံသည် ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် တည်ရှိပြီး ရပ်ကွက်ကျေးရွာ ၈၂ အုပ်စု၊ လူဦးရေ ၁၇၀၀၀၀ ဝန်းကျင်တို့မှ ကျန်းမာရေးအတွက် မှီခို အားထားရာ ဆေးရုံဖြစ်ပါကြောင်း၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာတင်ယာဉ် (၁) စီးသည် ၁၉၇၅ ခုနှစ်တွင် လက်ခံရရှိခဲ့ပြီး အရေးပေါ်လူနာများအား လိုအပ်သည့်ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ပေးနိုင်သဖြင့် လူနာအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ လူနာတင်ယာဉ်သည် အသုံးပြုဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါကြောင်း၊ သို့ပါ၍ အရေးပေါ်လူနာတင်ယာဉ်အသစ်တစ်စီး ထုတ်ပေးနိုင်မည် ဆိုပါက ရန်ကုန်မြို့နှင့် ပြည်မြို့ရှိ အဆင့်မြှင့်ဆေးရုံကြီးများသို့ အရေးပေါ်လူနာများ လွှဲပြောင်းပေးပို့ရာတွင် ငွေကြေးကုန်ကျမှု သက်သာလွယ်ကူခြင်း၊ ကျေး လက်ကျန်းမားရေးဌာနများမှ မြို့နယ်ဆေးရုံများသို့ လွှဲပြောင်းပေးပို့သော လူနာများအား သွားရောက်သယ်ယူ ကုသပေးနိုင်ခြင်း၊ မကြာခဏဖြစ်ပွားနေသော မတော်တဆယာဉ်တိုက်မှုများအား အချိန်မီသွားရောက် သယ်ယူကုသပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏အသက်ပေါင်းများစွာကို အချိန်နှင့်တစ်ပြေးညီ ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရေးပေါ်လူနာ တင်ယာဉ်ဟောင်းအား ပြန်လည်အပ်နှံခွင့်ပေးပြီး လူနာတင်ယာဉ်အသစ် ပြန်လည်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ဒေသခံပြည်သူများ၏ ကျန်းမာရေးစောက်ရှောက်မှုအတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်း ပါသည်။


အဖြေ

ကျန်းမာရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံအရ မြို့နယ်ဆေးရုံများတွင် လူနာတင်ယာဉ်ဖွဲ့စည်းပုံ မရှိခဲ့သော်လည်း ခေတ် အဆက်ဆက်တွင် နိုင်ငံတကာက လှူဒါန်းမှုများဖြင့် မိမိတို့ပေးနိုင်သော မြို့နယ်များကိုပေးခဲ့ကြောင်း၊ သက်ဆိုင်ရာဒေသခံ အလှူရှင်များမှ လှူဒါန်းထားသည့် ကားများကိုအသုံးပြုရာတွင် ဖွဲ့စည်းပုံမရှိသည့်အတွက် ယာဉ်မောင်းကိုလည်း ဖွဲ့စည်းပုံတွင်မပါသောကြောင့် မိမိဘာသာ စီစဉ်ပြီးငှားကြရပြီး ဆီခွဲတန်းလည်းမပါသည့်အတွက် ဝယ်ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၅- ၂၀၁၆ ခုနှစ်မှစ၍ မြို့နယ်အဆင့်ဆေးရုံ ၃၃၀ တွင် လူနာတင်ယာဉ်များကို ဖြည့်စီးနိုင်ရန်၊ ထောက်ပံ့နိုင်ရန် စီမံချက်ရေးဆွဲဆောင် ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် ပြည်သူ့လွှတ်တော်တွင် ဘတ်ဂျတ်တင်ပြတောင်းခံပြီး မြို့နယ်အားလုံး၌ ထားနိုင်ရန် လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်တစ်စီးကိုလည်း ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊  ထို့အတူ ခွဲစိပ်ခန်းများရှိ ခွဲစိပ်ခန်းခုတင်များသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၊ ၃၀ က ထားရှိသည့် ခုတင်များဖြစ်သည့်အတွက် ဟောင်းနွမ်းနေပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်တွင်လိုအပ်နေသော ဟောင်းနွမ်းနေသည်များကို အကုန်လုံးပြန်ပြီး System တစ်ခုလုံးကိုလဲရန် အစီအစဉ်ရှိသည့်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။