၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ထီးချိုင့်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ညောင်ပင်သာတိုက်နယ် ဆေးရုံကိုဖွင့်လှစ်လိုပါ၍ ဆေးရုံအတွက် လိုအပ်သောဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ သတ်မှတ်ချက် နှင့်အညီ ခန့်ထားပေးရန်၊ ဆရာဝန်နေအိမ်ဝန်ထမ်းအိမ်ရာ အိမ်သာ (ဝန်ထမ်းသုံး/အများသုံး)များ ဆောက်လုပ်ပေးရန်နှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ထီးချိုင့်မြို့နယ်ကို ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၁၁၇ ရွာနှင့် ဖွဲ့စည်းထားပြီးတော့မှ လူဦးရေ ၁၂၀၀၀၀ ကျော် နေထိုင် လျက်ရှိပါတယ်။ မြို့နယ်ကို ထီးချိုင့်တိုက်နယ်၊ အလယ်တောတိုက်နယ်၊ ညောင်ပင်သာတိုက်နယ်၊ ကမ်းနီတိုက်နယ် လေးတိုက်နယ်နှင့် ခွဲခြားထားပါတယ်။ ဒေသခံမိဘပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ထီးချိုင့်တိုက်နယ်အခြေပြုတဲ့ ထီးချိုင့်မြို့ပေါ်မှာ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ အလယ်တောတိုက်နယ်အခြေပြုတဲ့ အလယ်တောကျေးရွာမှာ ၁၆ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ ဧရာဝတီမြစ်ဖြင့် ပိုင်းခြားထားတဲ့ မြတောင်ကျေးရွာမှာ အလှူရှင်ဒေါ်ခင်လှနှင့် မိဘပြည်သူများ စုပေါင်းလှူဒါန်းထားတဲ့ ၁၆ ခုတင်ဆံ့မြတောင်ဆေးရုံတစ်ရုံ၊ စုစုပေါင်း ၃ ရုံရှိပါတယ်။ ကျန်ရှိတဲ့ ညောင်ပင်သာ တိုက်နယ်၊ ကမ်းနီတိုက်နယ်အတွင်းမှာတော့ ကျေးလက်ကျန်းမာရေးဌာနရှိကြ သော်လည်း ဒေသခံမိဘ ပြည်သူများရဲ့ဆန္ဒကတော့ ကျန်းမာရေးအတွက် တိုက်နယ်အဆင့်ဆေးရုံများ ဆောက်လုပ်ပြီး စောင့်ရှောက်မှုပေးသွားရန် ရည်ရွယ်ထားကြပါတယ်။ ဒီလိုရည်ရွယ်ရတဲ့ အကြောင်းအရင်းမှာလည်း မြို့နှင့်အလှမ်းကွာဝေးတဲ့ နေရာများဖြစ်ကြပြီး ကျန်းမာရေးကိစ္စ အကြောင်းရှိရင် ရေတစ်တန်၊ ကုန်းတစ်တန် အခက်အခဲများစွာနှင့် သွားရောက်ရတဲ့ဒေသများဖြစ်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ညောင်ပင်သာတိုက်နယ်ကိုယ်စားပြု ညောင်ပင်သာ ကျေးရွာဟာ ထီးချိုင့်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးပါတယ်။ ကျေးရွာအုပ်စုလူဦးရေ ၄၀၀၀ ကျော်ခန့် နေထိုင်ပါတယ်။ တိုက်နယ်အတွင်း ကျေးရွာအုပ်စု ၈ အုပ်စုရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်လျက် ရှိပါတယ်။ ဒေသအတွင်းနေထိုင်ကြတဲ့ မိဘပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့အတွက် ၁၉၈၂ ခုနှစ်က ရှိတဲ့အင်အားနဲ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်နိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် တရားဝင်ဖွင့်လှစ်ခွင့်မရရှိခဲ့ပါဘူး။ လက်ရှိအနေအထားမှာ အခြေအနေပေးလာတဲ့အတွက် ကျန်းမာရေးဦးစီးဌာနရဲ့ မူသတ်မှတ်ချက်များကို လွှတ်တော်မှာ မေးမြန်းတင်ပြခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိတဲ့အတွက် ညောင်ပင်သာတိုက်နယ် ဆေးရုံကို ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ယခင်အဆောက်အဦအနေနဲ့ ပုံစံမမှန်ခဲ့တဲ့အတွက် ဖျက်သိမ်းခဲ့ပြီး ၁၆ ခုတင်ဆံ့တိုက်နယ် ဆေးရုံဆောက်လုပ်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၈-၂-၂၀၁၂ ရက်နေ့မှာ ကျင်းပခဲ့ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပြီး ပန္နက်တင်ပေးခဲ့ ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ စင်းခန်းတံတားခရီးစဉ်မှာ တင်ပြနိုင်ခဲ့ပါတယ်။
လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသခံမိဘပြည်သူများက ကြိုတင်ပြီး ကိုယ့်အား ကိုယ်ကိုး တည်ဆောက်ကြတယ်ဆိုတာက စုစည်းနိုင်မှုကိုပြသပြီး နိုင်ငံတော်က ကြည့်ရှုလာစေချင်တဲ့ ဆန္ဒ၊ စောင့်ရှောက်ပေးစေချင်တဲ့သဘောထားများနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ အထူးတင်ပြရရင်တော့ ဒေသခံမိဘပြည်သူများရဲ့ ကျန်းမာရေးလိုအပ်ချက်အရ မိဘပြည်သူများ ဘက်ကလည်း တတ်နိုင်သမျှဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီတိုက်နယ်ဆေးရုံပြီးမယ်ဆိုရင် ထီးချိုင့်မြို့နယ်သာမက သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲအတွင်းမှာရှိတဲ့ နယ်နိမိတ်ထိစပ်နေ တဲ့ ကျေးရွာ ၅ ရွာကိုပါ စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအခြေအနေ မှာ ဆေးရုံပင်မ အဆောက်အဦ ပြီးစီးနေပါပြီ။ ခွဲစိတ်ခန်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပုံစံသစ်အတိုင်း သာမန်၊ အထူးခွဲစိတ်ခန်း ၂ ခန်းပါဝင်တဲ့ပုံစံနဲ့ ဆက်လက်ဆောက်လုပ်နေပြီ ဖြစ်ပါ တယ်။ မကြာခင်ပြီးစီးတော့မှာ ဖြစ်ပါတယ်။ သို့ရာတွင် ဆေးရုံနှင့် ခွဲစိတ်ခန်းဆောက်လုပ်ရေးကဏ္ဍ တွေမှာ လိုအပ်ချက်တွေရှိနေဦးမှာ ဖြစ်ပါတယ်။ သို့ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းတင်ပြ လိုပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ညောင်ပင်သာတိုက်နယ်ဆေးရုံကို ဖွင့်လှစ်လိုတဲ့ အတွက် (က) ဆေးရုံအတွက် လိုအပ်သောဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား သတ်မှတ်ချက် နှင့်အညီ ခန့်ထားပေးပါရန်။ (ခ) ဆရာဝန်နေအိမ်၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးပါရန်နှင့် ဝန်ထမ်းသုံး၊ အများသုံးအိမ်သာများဆောက်လုပ်ပေးပါရန်။ (ဂ) လိုအပ်တဲ့ ကျန်းမာရေး အထောက် အကူပစ္စည်းများနဲ့ အဆောက်အဦများရဲ့ လိုအပ်ချက်များကို ပံံ့ပိုးပေးရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထည့်သွင်းပေးရေးအစီအစဉ်ရှိ၊ မရှိ သိရှိလိုတဲ့အတွက် ဒေသခံမိဘပြည်သူများရဲ့ ကိုယ်စား မေးမြန်းတင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျား။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာ တိုက်နယ်ဆေးရုံကို ၁၆-၁၁-၂၀၁၂ မှာ ဖွင့်လှစ်ခွင့် ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိနေတဲ့ လောလောဆယ် တာဝန်ခံဆရာဝန်တစ်ဦးကို လက်ရှိခန့်ထားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီးတော့ ၂၀၁၃ ခုနှစ် မတ်လမှာ ဆေးရုံတည်ဆောက်ခြင်းပြီးစီးသွားမယ်ဆိုရင် ကျန်တဲ့သူနာပြုအပါအဝင် ကျန်တဲ့ဝန်ထမ်းများကိုလည်း ဆက်လက်ခန့်ထားပေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ လျာထားတင်ပြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း ဆေးရုံအဆောက်အဦ ဆောက်လုပ်ပြီး တာနဲ့ တစ်ပြိုင်နက် စံကိုက်ဆေးရုံနှင့် ဆေးရုံသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ အချိန်နှင့်တစ်ပြေးညီ စိစစ်ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်ခင်ဗျား။
