ပုဂ္ဂလိက ဘဏ်များ၊ အစိုးရဘဏ်များနဲ့ သမဝါယမဘဏ်များမှာ ချေးငွေတင်ပြတောင်းခံတဲ့အခါမှာ စာချုပ် စာတမ်းအထောက်အထားများ အချက် ၁၆ ချက် ရေးသွင်းပေးရခြင်း၊ ချေးငွေများရရှိရန် နှစ်လ သို့မဟုတ် သုံးလခန့်ကြာမြင့်ခြင်း၊ ဘဏ်ချေးငွေဌာနများကလည်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ် နေကြခြင်း၊ အဆောက်အဦ မီးအာမခံထားရာမှာ ငွေကြေးကုန်ကျမှုများပြားခြင်း၊ ဘဏ်ချေးငွေ တောင်းခံသူများကို ကြားမှဝင်၍ ဖြတ်စားလာဘ်စားလုပ်နေကြသည့် ဘဏ်ပွဲစားများ များစွာရှိနေခြင်း တို့ကို လက်တွေ့ဆောင်ရွက်ရာမှာ တွေ့ရှိနေကြရပါတယ်။ ယင်းကိစ္စများရှိနေတဲ့အတွက်ကြောင့်မို့လို့ SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များမှာလည်း အခက်အခဲများနဲ့ ကြုံတွေ့နေကြရတဲ့အတွက် နိုင်ငံတော်ရဲ့မူဝါဒနဲ့ ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော် မေးမြန်းလိုသော မေးခွန်းမှာ ပုဂ္ဂလိကဘဏ်များ၊ အစိုးရဘဏ်များ၊ သမဝါယမဘဏ်များနဲ့ အခြားသက်ဆိုင်ရာ ဘဏ် များအသီးသီးမှ ချေးငွေများ ချေးယူတဲ့အခါမှာ (၁) အချိန်ကြာမြင့်စွာဆွဲမနေဘဲ လျင်မြန်သွက်လက် လွယ်ကူစွာ လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိနဲ့ (၂) စာချုပ်စာတမ်းပါ အချက် ၁၆ ချက်ကိုလည်း ထိုက်သင့်သလောက် ဖြေလျှော့ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။
ဦးတင်မောင် ချမ်းမြသာစည် မဲဆန္ဒနယ် (ကိုယ်စား) သိးအောင်သန့် ပုသိမ်ကြီး မဲဆန္ဒနယ်မှ မေးမြန်းပါသည်။
ဘဏ်များအနေနဲ့ ချေးငွေ များထုတ်ချေးရာမှာ အများပြည်သူတွေအပ်နှံတဲ့ငွေများကို ထုတ်ချေးကြရပါတယ်။ ဒါ့ကြောင့် အပ်နှံတဲ့ ပြည်သူများ ငွေပြန်လည်ထုတ်တဲ့အခါမှာ၊ တောင်းဆိုတဲ့အခါမှာ အပ်ငွေပြန်လည်ထုတ်ပေးနိုင်ဖို့ အတွက် ဗဟိုဘဏ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ သီးသန့်ငွေ ၁၀ ရာခိုင်နှုန်းနဲ့ ငွေကြေးလွယ်ကူမှု အတွက် ၂၀ ရာခိုင်နှုန်း ချန်လှပ်ပြီးတော့ အဲ့ဒီပိုတဲ့ငွေကိုမှ ဘဏ်များက ချေးငွေထုတ်ချေးကြပါတယ်။ ချေးငွေများထုတ်ချေးရာမှာလည်း အများပြည်သူများရဲ့အပ်ငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ဘဏ်များအနေနဲ့ ချေးငွေဆိုင်ရာအခြေခံမူဝါဒများ ချမှတ်ထားကြပါတယ်။ ဘဏ်များမှာ ယေဘုယျ အားဖြင့် ချေးငွေထုတ်ချေးပေးတဲ့လုပ်ငန်းဟာ အခြေခံစားကုန်နှင့် ကုန်ကြမ်းပစ္စည်း၊ ကုန်ချောပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ကုန်စည်ဖြန့်ဖြူးရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ထုတ်ချေးပါတယ်။
ချေးငွေများထုတ်ချေးတဲ့နေရာမှာ ဘဏ်များအနေနဲ့ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေနှင့်ဗဟိုဘဏ်ညွှန်ကြားချက်၊ နောက် မိမိဘဏ်ရဲ့ဒါရိုက်တာအဖွဲ့လမ်းညွှန်ချက်၊ ချေးငွေဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ်ကို ချေးငွေအပေါ် အာမခံအဖြစ်တင်သွင်း မယ့် မြေနှင့်အဆောက်အဦပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတှေ၊ လုပ်ငန်းလုပ်ကိုင်မှုအထောက် အထားတွေ စိစစ်ကြရပါတယ်။ မြေနှင့်အဆောက်အဦပိုင်ဆိုင်မှုနှင့်ပတ်သက်လို့ ဂရန်၊ မှတ်ပုံတင် စာချုပ်၊ ဆက်စပ်စာချုပ်တွေ၊ မြေပုံ၊ မြေရာဇဝင်၊ မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆)၊ အိမ်နှင့် အဆောက် အဦဓာတ်ပုံများကိုလည်း စိစစ်ရပါတယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ လုပ်ငန်းအမျိုးအစားအပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့သက်တမ်းရှိတဲ့ လိုင်စင်၊ စက်မှုလုပ်ငန်းဖြစ်လို့ရှိရင် သက်တမ်းရှိတဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ် သုံးနှစ်အပါ အဝင် ဘဏ္ဍာရေးရှင်းတမ်းနှင့် အခွန်ပြေစာတွေကို စိစစ်ရပါတယ်။ ကုမ္ပဏီဖြစ်တယ်ဆိုရင် ကုမ္ပဏီ မှတ်ပုံတင်နဲ့ သက်တမ်းရှိတဲ့ ထုတ်ကုန်သွင်းကုန်လိုင်စင်၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းနဲ့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ စာရင်းစစ်ကအတည်ပြုထားတဲ့ လက်ကျန်ရှင်းတမ်း တွေကို စိစစ်ရပါတယ်။ လိုအပ်ချက်တွေ ပြည့်စုံတယ်ဆိုလို့ရှိရင်တော့ ဘဏ်များအနေနဲ့ ချေးငွေ လျှောက်လွှာကို လက်ခံပြီးတော့ ဘဏ်ကိုအာမခံအဖြစ် တင်သွင်းတဲ့မြေနှင့်အဆောက်အဦတွေ အခြား ဘဏ်များမှာ အာမခံတင်သွင်းထားခြင်းရှိ။မရှိကိုလည်း စစ်ဆေးရပါတယ်။ အာမခံအဖြစ်တင်သွင်းတဲ့ စာချုပ်စာတမ်းများ မှန်ကန်မှုရှိ။မရှိကို Title Clearance အနေနဲ့ ကျွန်တော်တို့ဘဏ်ရဲ့ ရှေ့နေနဲ့ စစ်ဆေးခြင်းလည်း ဆောင်ရွက်ရပါတယ်။ မြေနှင့်အဆောက်အအုံတန်ဖိုးကို ဘဏ်ရာဖြတ်နဲ့ တန်ဖိုး ဖြတ်ပြီးတော့ စိစစ်ခြင်းလည်း ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ခြင်း ရှိ။မရှိကို ကွင်းဆင်းစစ်ဆေးပြီးတော့ ငွေချေးသူရဲ့ ချေးငွေပြန်လည်ပေးဆပ်နိုင်မှု အခြေအနေကိုလည်း ဆန်းစစ်ကြရပါတယ်။ ယခုလို ဘက်စုံထောင့်စုံစိစစ်ဆောင်ရွက်ပြီးတော့ ချေးငွေအမှုတွဲကို ဘဏ်ရဲ့ ချေးငွေကော်မတီနဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ဆက်လက်တင်ပြတော့ ချေးငွေခွင့်ပြု။မပြုကို ဆုံးဖြတ်ပါတယ်။ ချေးငွေပေါ် အာမခံအဖြစ်တင်သွင်းတဲ့အဆောက်အဦကို နိုင်ငံတကာနည်းတူ မီးအာမခံလည်း ထားရှိပေးရပါတယ်။ ချေးငွေကို ရပြီဆိုလို့ရှိရင်တော့ ငွေချေးကတိစာချုပ် (Promissory Note)နဲ့ အပေါင်စာချုပ် (Equitable Mortgage/ Registered Mortgage) စာချုပ်တွေချုပ်ဆိုကြပါတယ်။ စာချုပ်အားလုံးချုပ်ဆိုပြီးရင်တော့ ချေးငွေထုတ်ယူခွင့် ရရှိမှာဖြစ်ပါ တယ်။
နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ နိုင်ငံပိုင်ဘဏ်များမှာ ထုတ်ချေးတဲ့အခါမှာ ပိုမိုပြီးတော့ မြန်ဆန်ဖို့အတွက် လစဉ် နိုင်ငံပိုင်ဘဏ်များက အနည်းဆုံးနှစ်ကြိမ် အစည်းအဝေးပုံမှန်လုပ်ပြီးတော့ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။ ဘဏ်များအနေနဲ့ ကျပ်သိန်းပေါင်း ၁၀၀၀ အထိကို ချေးငွေ လျှောက်ထားတဲ့နေ့မှ တစ်လအတွင်း စိစစ်ထုတ်ချေးပေးလျက်ရှိပါတယ်။ ကျပ်သိန်း ၁၀၀၀ ကနေပြီး တော့ ၄၀၀၀ အထိကိုတော့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘဏ်ချေးငွေများထုတ်ချေးရေး စိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တစ်လ၊ တစ်လခွဲအတွင်းမှာ စိစစ်ထုတ်ချေးလျက်ရှိပါတယ်။ ကျပ်သိန်း ၄၀၀၀ အထက် ဆိုလို့ရှိရင်တော့ ချေးငွေများကို နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ ချေးငွေစိစစ်ရေးအဖွဲ့ကို တင်ပြပြီး တော့ စိစစ်ထုတ်ချေးလျက်ရှိပါတယ်ခင်ဗျား။ ပုဂ္ဂလိကဘဏ်များအနေနဲ့တော့ တစ်ဘဏ်နှင့်တစ်ဘဏ် မတူညီကြဘဲ သာမန်အားဖြင့် ချေးငွေအမှုတွဲဟောင်းအတွက်ဆိုလို့ရှိရင်တော့ တစ်ပတ်လောက် ချေးငွေအမှုတွဲသစ်များအတွက်တော့ တစ်လအတွင်းမှာ ချေးငွေများ စိစစ်ထုတ်ချေးလျက်ရှိပါတယ်။ ဒါပေမယ့် အချို့ဘဏ်များအနေနဲ့ ချေးငွေကော်မတီဆုံးဖြတ်ချက်ကို ဒါရိုက်တာအဖွဲ့အစည်းအဝေးကို တင်ပြပြီးတော့ အတည်ပြုချက်ရရှိပြီးမှသာ ထုတ်ချေးကြပါတယ်။ ဒါရိုက်တာအဖွဲ့အစည်းအဝေး ကလည်း တစ်လလျှင်တစ်ကြိမ်သာကျင်းပတဲ့အတွက် ဘဏ်များအနေနဲ့ တစ်လနှင့်အထက် အများဆုံး နှစ်လခန့်အတွင်းမှာ ချေးငွေထုတ်ချေးပေးလျက်ရှိပါတယ်။ အသေးစားနှင့်အလတ်စားချေးငွေများကို ထုတ်ချေးပေးလျက်ရှိတဲ့ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေနဲ့ကတော့ ချေးငွေထုတ်ချေးရာမှာ ကြာမြင့်မှုမရှိစေဖို့အတွက် ချေးငွေကော်မတီအစည်းအဝေးကို တစ်လကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ကျင်းပပြီး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။ ဘဏ်တွေအနေနဲ့ မိမိထံလာရောက်အပ်နှံတဲ့ အများပြည်သူများရဲ့ အပ်ငွေအပေါ်အခြေခံပြီး ချေးငွေထုတ်ချေးရတာ ကြောင့် အပ်ငွေမရှိဘဲနဲ့ ချေးငွေထုတ်ချေးဖို့လည်းမဖြစ်နိုင်ပါဘူး။ အပ်ငွေမရှိဘဲနဲ့ ချေးငွေကို မြန်မြန် ထုတ်ပေးဖို့လည်း မရနိုင်တဲ့အတွက် အပ်ငွေမရှိလို့ရှိရင် ချေးငွေအတွက်တော့ အချိန်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချေးငွေထုတ်ချေးခြင်းကို အချိန်နှင့်ကန့်သတ်လို့တော့ မဖြစ်နိုင်ပါဘူး။
ယခုကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ ချေးငွေရယူရန် လျှောက်ထားတဲ့ အချက် ၁၆ ချက်နဲ့ ပတ်သက်လို့ကတော့ နိုင်ငံပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များရဲ့ သဘောသဘာဝချင်းမတူတာကြောင့် စာရွက်စာတမ်းရယူမှုတော့ ကွဲပြားပါတယ်။ သို့သော် အခြေခံအားဖြင့်တော့ ၁၁ ချက်လောက်ကတော့ ရယူပြီးတော့ ဆောင်ရွက်တာရှိပါတယ်။ နိုင်ငံပိုင်ဘဏ်များအနေနဲ့ ချေးငွေရယူရာမှာ တင်ပြရတဲ့ အထောက်အထားများနဲ့ ဖြေလျှော့ပေးနိုင်တဲ့အချက်များကို ဖြေလျှော့ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိစေရေးနဲ့ ချေးငွေလျှောက်ထားသူများ အချိန်မကြန့်ကြာစေရေးတို့အတွက် ဆောလျင်စွာ စိစစ် ထုတ်ချေးလျက်ရှိပါကြောင်းနဲ့ အလားတူ ပုဂ္ဂလိကဘဏ်များအနေနဲ့လည်း အများပြည်သူအပ်နှံငွေ များ ဆုံးရှုံးမှုမရှိစေရေးနဲ့ ချေးငွေလိုအပ်ချက်ရှိသူများကို ထုတ်ချေးပေးနိုင်ရေးအတွက် ဘဏ်ရဲ့ ချေးငွေကော်မတီ၊ ဒါရိုက်တာအဖွဲ့တို့က ဘဏ်ရဲ့အပ်ငွေအခြေအနေပေါ်မှာမူတည်ပြီးတော့ စိစစ်ထုတ် ချေးပေးလျက်ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရလို့ရှိရင် ဘဏ်များဟာ အများပြည်သူအပ်ငွေများရဲ့ အပ်ငွေအပေါ်မှာ ချေးငွေများထုတ်ချေးတဲ့အတွက် ကျွန်တော်တို့က အများပြည်သူများအတွက် အာမခံရှိဖို့လည်း လိုအပ်သလို ဥပဒေကြောင်းအရလည်း ခိုင်မာတဲ့စာရွက်စာတမ်း အထောက် အထားများ ရရှိဖို့လိုအပ်တဲ့အတွက် ဒီအချက်အလက်တွေကို စိစစ်ရခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆို စေကာမူ ကျွန်တော်တို့က အများပြည်သူများ ထုတ်ချေးဖို့ဆိုလို့ရှိရင် နောက်ဆိုလို့ရှိရင် လျင်မြန်စွာနဲ့ ဆောင်ရွက်ပေးနိုင်ဖို့အတွက် အားလုံးညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်၊၊
