(က)-လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်ကြီးကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၅.၂၀၁၈)

 

လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာနှင့် ရှမ်းစုကျေးရွာအနီးတွင် ဆင်အုံကန်ရေလှောင်ကန်ကြီး ရှိပါကြောင်း၊ ၎င်းရေလှောင်ကန်ကြီးကို ၁၉၅၈ ခုနှစ်တွင် စတင်တူးဖော်ခဲ့ကြပါကြောင်း၊ ရေဝပ်ဧရိယာ  ၃၈၀၀ ဧကနှင့် ရေနက်ပေ ၂၅ ပေခန့်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သုံးရေအတွက် အကျိုးပြုလျက်ရှိပါကြောင်း၊  နှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်သည့် ၎င်းဆင်အုံရေလှောင်ကန်ကြီးကို တစ်ကြိမ်တစ်ခါမှ ပြန်လည်တူးဖော်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသည့်အတွက်  သဲနုန်းမြေများအနည်ထိုင်လာပြီး တဖြည်းဖြည်း နှင့် ရေဝပ် ဧရိယာ ၂၈၀၀ ဧကနှင့် ရေနက်ပေ ၁၅ ပေခန့်အထိ တိမ်ကောပျောက်ကွယ်သွားခဲ့ပြီး ယခုချိန်တွင် ရေဝပ် ဧရိယာ ၁၀၀၀ ဧကနှင့် ရေနက်ပေ ၁၀ ပေခန့်သာ ကျန်ရှိပါတော့ကြောင်း၊ ထို့ကြောင့် ဆင်အုံရေလှောင် ကန်ကြီး မတိမ်ကော၊ မပပျောက်စေရန်အတွက် ကျန်ရှိသည့်ရေဝပ်ဧရိယာများကို အချိန်မီပြန်လည် တူးဖော်ပြီး ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နေ့စဉ် လယ်ယာ မြေဧကပေါင်း ၅၀၀၀ နီးပါးကို စိုက်ပျိုးရေရရှိရေး အတွက် ရေပေးဝေလျက်ရှိသလို မွေးမြူရေးနှင့်သုံးရေ အတွက်လည်း ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ဆင်အုံကန်ကြီးထဲမှာ ရေများမပြတ်စေရန်အတွက် ချောင်းမငယ် ဆည်မှရေများကို လက်တံမြောင်းများမှ တစ်ဆင့် ငါးရက်တစ်ကြိမ်ခန့် ရေပေးသွင်းနေရပါကြောင်း၊ မြို့ပြနှင့်ကျေးလက် ဒေသများတွင်  လူဦးရေဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာသည် အတွက် ရေလိုအပ်မှုပမာဏ လည်း မြင့်မားလာသည့်အတွက် ရေလှောင်ကန်များနှင့်သဘာဝရေ အရင်းအမြစ်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေးမြို့နယ်အတွင်းမှာရှိ ဆင်အုံ ရေလှောင်ကန်ကြီး ကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ဆင်အုံကန်ကို ၁၉၅၈ ခုနှစ်ခန့်တွင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနှမှ ထိန်းသိမ်းထား နှစ်ကာလကြာလာ သည့်အတွက် သဲနုန်းပို့ချပြီး ရေသိုလှောင်မှုလျော့ကျလျက်ရှိပါကြောင်း၊ ဆင်အုံရေကန်သည် ချောင်းမငယ် ဆည် ရေသောက်စနစ်တွင်တည်ရှိပြီး ချောင်းမငယ် ရေလှောင်တမံ ရေသွင်းမြောင်းမှတစ်ဆင့် ဆင်အုံကန် အတွင်း ရေကူဖြည့်တင်း၍ ‌ဒေသအတွင်း မိုးစပါးဧက ၄၅၆၀ နှင့် နွေစပါး ၂၀၇၄ ဧက တို့ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေကို ချောင်းမငယ်ရေလှောင်တမံမှ ငါးရက်တစ်ကြိမ် ဆင်အုံကန်သို့ လိုအပ်သလို ချိန်ညှိဖြည့်တင်းပေးလျက်ရှိသည့်အတွက် စိုက်ပျိုးရေအခက်အခဲမရှိ ပေးဝေနိုင်သည့် အခြေ အနေ ဖြစ်ပါကြောင်း၊ မိမိတို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေ ခွဲဝေရရှိမှုအခြေအနေများအရလည်းကောင်း၊ ဒေသတွင်းလတ်တလောအနေဖြင့် မဖြစ်မနေ ဆောင်ရွက် ရန် လိုအပ်နေမှုအရလည်းကောင်း၊ ဦးစားပေးလုပ်ငန်းများကို လျာထားစီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ လက်ရှိအခြေအနေအရ ဆင်အုံကန်သည် သဲနုန်းပို့ချမှုအတော်အသင့်ရှိသော်လည်း မိုးစပါး၊ နွေစပါး စိုက်ပျိုးရေကို ချောင်းမငယ်ရေလှောင်တမံမှ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ရေဖြည့်သွင်းပေးနိုင်သည့်အနေအထား ရှိနေဆဲဖြစ်ပါကြောင်း၊ ဌာနအနေဖြင့်အခြား မဖြစ်မနေဆောင်ရွက် ရန် လိုအပ်နေသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည့်အခြေအနေများ ရှိနေသေးသည့် အတွက် ကြောင့် ဆင်အုံကန်သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို လတ်တလောအနေဖြင့် ဆောင်ရွက်ရန်မရှိသေးပါ ကြောင်း နှင့် ဆင်အုံကန် နောင်ရေရှည်တည်တံ့ရေးအတွက် သဲနုန်းပို့ချမှုအား သိရှိနိုင်ရန်အတွက် လိုအပ် သည့်စူးစမ်းလေ့လာတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ရလာသည့်အချက်အလက်များ အပေါ် မူတည်ပြီး စီမံအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးမျိုးဇော်ဦး(လယ်ဝေးမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။ 

ဆင်အုံရေလှောင်ကန်ကြီးထဲသို့ သဲနုန်းမြေများ ကျလာသည့်အတွက် ယခုအခါတွင် ရေဝပ်ဧရိယာ ၂၈၀၀ ဧကနှင့် ရေနက်ပေ ၁၅ ပေခန့်လောက်အထိ တိမ်ကောပပျောက်သွားပါကြောင်း၊ ထို့ကြောင့်  စူးစမ်း လေ့လာမှုများကို မည်သည့်အချိန်တွင်စတင် အကောင်အထည်ဖော်နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း ဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်

စူးစမ်းလေ့လာမှု လုပ်ငန်းကို ယခု ပွင့်လင်းရာသီမှစပြီး စတင်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။