သာစည်မြို့နယ်၊ ဟံဇားကျေးရွာသည် လူဦးရေ ၄၀၇၄ ဦးနေထိုင်သော ရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံများသည် ယက်ကန်းလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါကြောင်း၊ လျှပ်စစ်မီးကို ၁၉၅၃ ခုနှစ်က စတင်ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ၁၂၅၀ ကေဗွီအေ ဓာတ်အားခွဲရုံ၊ ၂၀၀ ကေဗွီအေ၊ ၂၅၀ ကေဗွီအေ၊ ၃၁၅ ကေဗွီအေထရန်စဖော်များကို ကိုယ်ထူကိုယ်ထတည်ဆောက်တပ်ဆင် အသုံးပြုခဲ့ပါကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် ကတပ်ဆင်ခဲ့သော သစ်သားတိုင် ၂၃၀ သည် ယခုအခါ ဆွေးမြေ့ယိုယွင်းနေပြီး မိုးရွာခြင်း၊ လေတိုက်ခြင်းများကြောင့် ပြိုလဲနိုင်ပြီး မလိုလားအပ်သော အန္တရာယ်များရှိလာနိုင်ကြောင်း၊ ထို့အပြင် ဓာတ်အား မလုံလောက်ခြင်းကြောင့် လက်ရှိ အသုံးပြုနေသော ယက်ကန်းစင် ၅၀၀ နီးပါးမှာ လျှပ်စစ်ဓာတ်အားမကြာခဏကျဆင်းနေပြီး ၂၅၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးထပ်မံတပ်ဆင်ပေးရန် လိုအပ်သည်ဟု သိရှိခဲ့ရပါကြောင်း၊ သို့ပါ၍ သာစည်မြို့နယ် ဟံဇားကျေးရွာရှိ သစ်သား လျှပ်စစ်ဓာတ်တိုင်များအား ကွန်ကရစ်တိုင်များဖြင့်လဲလှယ်ပေးရန်နှင့် ၂၅၀ ကေဗွီအေထရန်စဖော်မာတစ်လုံးထပ်မံ တပ်ဆင် ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
သာစည်မြို့နယ်၊ ဟံဇားကျေးရွာမှာ သစ်သားတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ပေးရန်လိုအပ်တဲ့ ကွန်ကရစ်တိုင် အရေအတွက်မှာ ၁၁ ကေဗွီလိုင်းမှာ ၄၆ တိုင်၊ ၄၀၀ ဗို့လိုင်းမှာ ၁၈၄ တိုင်၊ စုစုပေါင်းတိုင် ၂၃၀ ရှိပြီး သစ်သားတိုင်များကို ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကို နှစ်စဉ် ဘတ်ဂျက်လျာထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ထပ်မံတပ်ဆင် ပေးရန် တောင်းခံထားတဲ့ ၂၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးကိုတော့ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း တပ်ဆင်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
