ကချင်ပြည်နယ်၊ မချမ်းဘောမြို့တွင် ရက်ကွက် ၄ ရပ်ကွက်၊ ခလရ(၁၃၇) တပ်ရင်းနှင့် အစိုးရဌာနဆိုင်ရာရုံးများရှိပြီး ၁၉၆၀ ခုနှစ်မှစတင်ကာ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဌာနမှ ဒီဇင်အင်ဂျင်စက်ဖြင့် တစ်မြို့လုံးသို့ လျှပ်စစ်မီးသာတူညီမျှ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမှတ် (၄) ရပ်ကွက်မှအပ ကျန်ရပ်ကွက်များသို့ ဦးစားပေး မီးပို့လွှတ်ဖြန့်ဝေခဲ့ပြီး အမှတ် (၄) ရပ်ကွက်မှာ အမှောင်ထု၌သွားလာနေထိုင်ရပါကြောင်း၊ လျှပ်စစ်မီးလိုင်းများသွယ်တန်းရာတွင် အခြားရပ်ကွက်များ၌ကြေးကြိုး ၄ လိုင်း သွယ်တန်းထားသော်လည်း ရပ်ကွက် (၄) တွင် ၁၉၈၁ ခုနှစ်က အရေးပေါ်ယာယီသွယ်တန်းထားသည့် သာမန်ရိုးရိုးကြိုး ၂ ချောင်းဖြင့်သာ လျှပ်စစ်ဓာတ်အားခွဲဝေပို့လွှတ်နေရသောကြောင့် မှုန်ဝါးဝါးသာမြင်နေရပါကြောင်း၊ ထို့ကြောင့် မချမ်းဘော မြို့တွင်း၌ ရပ်ကွက်အားလုံး သာတူညီမျှမီးရရှိရန် စီမံဆောင်ရွက်ထားမှုရှိ/မရှိ။ အစိုးရသစ်လက်ထက်၌ နိုင်ငံတော်အစိုးရနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများကြောင့် ကျေးလက်တောရွာ အများပိုင်းသည် ရေအားလျှပ်စစ်နှင့် ဆိုလာမီးဖြင့် ၂၄ နာရီ မီးရရှိနေသော်လည်း မချမ်းဘောမြို့ပေါ်တွင် ည ၇ နာရီမှ ၉ နာရီအထိ ၂ နာရီသာ မီးပေးနေရသောကြောင့် မြို့တွင်းလျှပ်စစ်မီးကို ည ၇ နာရီမှ ၁၀ နာရီအထိ စုစုပေါင်း ၃ နာရီ တိုးမြှင့်မီးလင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
မချမ်းဘောမြို့ကို ယခင်က ၆၄ ကေဗွီအေ ဒွိုက်အမျိုးအစား ဒီဇယ်ဓာတ်အားပေးစက်တစ်လုံးဖြင့် စတင်ဓာတ်အားပေးထားခဲ့ပါတယ်။ ၁-၅-၂၀၁၂ ရက်နေ့မှစပြီး ၁၀၀ ကေဗွီအေ ဆိုလာ(solar)အမျိုးအစား ဒီဇယ်ဓာတ်အားပေးစက်တစ်လုံးကို တိုးချဲ့တည်ဆောက်ပြီး ဓာတ်အားပေးလျက်ရှိပါတယ်။ ၆၄ ကေဗွီအေမီးစက်မှ ရပ်ကွက်(၁)၊ (၂) တို့အားလည်းကောင်း၊ ၁၀၀ ကေဗွီအေမီးစက်မှ ရပ်ကွက်(၃)၊ (၄)နှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်း လိုင်းခန်းများ၊ ခလရ(၁၃၇)တို့ကို ဒီဇယ်ခွဲတမ်းစုစုပေါင်း ဂါလန် ၅၂၀ ဖြင့် နေ့စဉ် ည ၇ နာရီမှ ၉ နာရီအထိ တစ်နေ့လျှင် နှစ်နာရီပုံမှန်ညီတူညီမျှ ဓာတ်အားပေးလျက်ရှိပါတယ်။ မချမ်းဘောမြို့မှာ အိမ်ထောင်စုပေါင်း ၂၇၅ စု မီးသုံးသူ ၂၂၃ ဦးအား ဓာတ်အားပေးစက်နှစ်လုံးမှ ဓာတ်အားပေးချိန် အတူတူပေးထားသော်လည်းပဲ ဓာတ်အားပေးစက်နှင့် ဓာတ်အားသုံးစွဲသော ရပ်ကွက်များ၏ ၄၀၀ ဗို့လိုင်း အကွာအဝေးမတူညီခြင်းနှင့် အချို့ရပ်ကွက်များမှာရှိသော ဓာတ်အားလိုင်းများမှာ တစ်သွင် နှစ်ကြိုးသာတည်ဆောက်ထားခြင်းတို့ကြောင့် ဗို့အားအနည်းအများဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ လက်ရှိ မီးသုံးစွဲသူများကို ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ထပ်မံလျှောက်ထားသည့် မီးသုံးလိုသူများကို တိုးချဲ့ ဓာတ်အားပေးနိုင်ရန်အတွက် ကြိုးအသေးများကို ကြိုးအကြီးဖြင့်လဲခြင်း၊ ကြိုးများဖြည့်စွက် တည်ဆောက်ခြင်းလုပ်ငန်းများကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ မချမ်းဘောမြို့မှာ ဌာနကပေးထားသော ၂ နာရီစာ ဒီဇယ်ဆီခွဲတမ်းဖြင့် ထုတ်လုပ်သည့် ဓာတ်အားကို သတ်မှတ်နှုန်းထားအတိုင်း စည်းကြပ်ကောက်ခံလျက်ရှိပါတယ်။ ဒီဇယ်စက်မြို့များအနေ ဖြင့် ၂ နာရီထက်ပိုပြီး ဓာတ်အားအသုံးပြုလိုပါက အခြားတိုင်းနှင့် ပြည်နယ်များရှိ အချို့ဒီဇယ်စက်မြို့ များတွင်ဆောင်ရွက်သည့်နည်းတူ ပုဂ္ဂလိကကုမ္ပဏီများနဲ့ဆောင်ရွက်ခြင်း၊ မီးပေးချိန်တိုးမြှင့်ရေးအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကို ဒေသအစီအစဉ်ဖြင့်ဆောင်ရွက်၍ ဓာတ်အားခနှုန်းထားကို ညှိနှိုင်း သတ်မှတ်စည်းကြပ်ကောက်ခံပြီး ဓာတ်အားပေးချိန်ပိုမိုရရှိရေး ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြား ပါသည်။
