(ဆ)-တရားမဝင် ငွေတိုးချေးစား သူများအား ထိရောက်စွာ အရေး ယူနိုင်ရန် တည်ဆဲ ဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

ယခင်အစည်းဝေးများတွင် “တရားမဝင် မှတ်ပုံတင်မရှိဘဲ စာချုပ်အလွတ်ယူပြီး ငွေချေးငှားမှု များကြောင့် ဆင်းရဲသည့်လူများ လိမ်လည် တရားစွဲခံနေရသည့်ကိစ္စ” ကို သာကေတ  မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက မေးမြန်းခဲ့ရာဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းစိန် က ယင်းကိစ္စများနှင့် ပတ်သက်ပြီး တည်ဆဲ ဥပဒေများအရ the Money-Lenders Act (၁၉၄၅)၊ အသေးစားငွေချေးလုပ်ငန်းဥပဒေ များနှင့် အရေးယူမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားထားခဲ့သော်လည်း ယခုမိမိထံ ရောက်ရှိ နေသော စာများအရ အောက်ပါ မေးခွန်းများကို ကျွန်တော်မေးမြန်းလိုပါကြောင်း၊

  • ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒလမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ သင်ဃန်းကျွန်းမြို့နယ်၊ သုံးခွမြို့နယ် အပါအဝင် မြို့နယ်များနှင့် မြန်မာနိုင်ငံ မြို့နယ် တော်တော်များများ၌ အတိုးနှုန်းမြင့်မားစွာဖြင့် ငွေတိုးပေးစားသူများက အဆင်းရဲဆုံး ပြည်သူ များအပေါ် စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း ပေးဆပ်နေရသည့်အတိုးကို လက်ခံရရှိကြောင်း အထောက်အထားမပေးခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်မှုကြောင်းစွဲဆို၍ ထောင်ဒဏ်ကျခံစေခြင်း၊ တရားမကြောင်းစွဲ၍ အိမ်‌မြေများ သိမ်းယူခြင်းနဲ့ပတ်သက်၍ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားသူများအပေါ် တိုင်ကြားခြင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနက မည်ကဲ့သို့ အရေးယူမှုများ ရှိပါသနည်း။
  • တရားမဝင်ငွေတိုးချေးစားသူများ အကူအညီပေးနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နှင့် ငွေရှင်များဘက်မှ ဘက်လိုက်ဆောင်ရွက် ပေးနေသော တရားသူကြီးအချို့နှင့် ပတ်သက်၍ အရေးယူရန် အစီအစဉ် ရှိ/မရှိ။
  • အဆင်းရဲဆုံး ငွေချေးငှား အရင်းအနှီးစားသူများနှင့်ပတ်သက်၍ ဘဝပျက်သည်အထိ တွန်းပို့နေသော လိုင်စင်မဲ့ ငွေတိုးချေးစားသူများအား ထိရောက်စွာ အရေးယူနိုင်ရန် တည်ဆဲဥပဒေများကို ပြင်ဆင်ရန် အစီစဉ် ရှိ/မရှိ။
  • အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် အကောင်အထည်ဖော်ပေးမည်နည်းကို သိလိုကြောင်း မေးမြန်း ပါသည်။

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ အသေးစားပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် လက်လုပ်လက်စား အ‌ြခေခံလူတန်းစားများ ဘဝရပ်တည်မှုခိုင်မာရေးအတွက် နိုင်ငံတော်မှအသေး စားငွေချေးဘဏ်ရုံးခွဲများ ဖွင်‌့လှစ်ပြီး အတိုးနှုန်းနည်းစွာဖြင့် ငွေချေးခဲ့ပါတယ်။ သို့သော် ထိုဘဏ်ရုံးခွဲ များနဲ့ မိုင် ၂၀/၃၀ ခန့်ဝေးကွာတဲ့ တောရွာနေသူများမှာ သွားလာစရိတ်နဲ့ အတိုးနှုန်းသက်သာမှု ကွာခြားချက်နည်းပါးတဲ့အတွက် နီးစပ်ရာတရားမဝင်ငွေချေးသူများကို အားကိုးအားထား ပြုနေကြရပါ တယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးသူများကို အထောက်အကူဖြစ်စေဖို့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအစီအစဉ်အရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအလိုက် ငွေချေး‌ပေးခြင်းနဲ့ အလုပ် အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနမှ ကိုင်တွယ်ကျင်‌့သုံးလျက်ရှိတဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေအဖြစ်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများနှင့် တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များမှ ဖွင့်လှစ်ခွင့်ပြုတဲ့အမိန့်အရအပေါင်ဆိုင်များဖြင့်လည်းကောင်း အ‌ြခေခံလူတန်းစားများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)အရ အသေးစားငွေရေး ကြေးရေးလုပ်ငန်းရပ်ဆိုတဲ့စကားရပ်ရဲ့ အဓိပ္ပာယ်ဖော်ပြချက်မှာ အသေးစားချေးငွေထုတ်ပေးခြင်း လုပ်ငန်းပါဝင်ပါတယ်။ အဲဒီဥပဒေပုဒ်မ ၅၄ မှာ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းရဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားတဲ့အတွက် အဲ့ဒီတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်လို့ရှိရင် ပုဒ်မ ၅၇ အရ အရေးယူနိုင်မှာဖြစ်ပါတယ်။ အသေးစားငွေရေး ကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၁၃ အရ ငွေချေးတဲ့လုပ်ငန်းနဲ့စပ်လျဉ်း၍ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်လိုတဲ့အဖွဲ့အစည်းက မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ သမဝါယမအသင်းဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထား တဲ့ အဖွဲ့အစည်းဖြစ်ရမှာ ဖြစ်ပါတယ်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုထားတဲ့ အသေးစားချေးငွေထုတ်ပေးခြင်း၊ အပ်ငွေလက်ခံခြင်း၊ ငွေလွှဲပြောင်းပို့ပေးခြင်း၊ အာမခံ လုပ်ငန်းလုပ်ကိုင်ခြင်း၊ ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်း၊ အခြားငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုတဲ့လုပ်ငန်းရပ် ၆ မျိုးကို လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဥပဒေပုဒ်မ ၅၆၊ ၅၇ နဲ့ ၅၈ တို့အရ အရေးယူနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်သို့မဟုတ် ခွင်ပြုချက်မရှိဘဲ ငွေတိုးချေးစားခြင်း လုပ်ငန်းလုပ်ကိုင်သူများကို နစ်နာသူများ သို့မဟုတ် သိရှိသူမည်သူမဆို တိုင်ကြားပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို စိစစ်မေးမြန်းချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အပတ်စဉ် ပြုလုပ်တဲ့ အစည်းအဝေးများမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ငွေပေးငွေယူ၊ တရားမဝင် ငွေချေးငှားမှုများနှင့်ပတ်သက်လို့ ညှိနှိုင်းဖြေရှင်းမှုများမပြုရန် ညွှန်ကြားထားကြောင်းသိရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရန်ကင်း၊ ဒေါပုံ၊ ဒလ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းနဲ့ သုံးခွမြို့နယ်များ မှာရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအပြင် ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှာရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနဲ့ပတ်သက်လို့ တရားမဝင်ငွေချေးငှားတဲ့ကိစ္စများမှာ ဘက်လိုက်ဆောင်ရွက်မှု၊ ဥပဒေနှင့်မညီတဲ့လုပ်ဆောင်မှု၊ တရားမဝင်ငွေတိုးချေးစားနေသူများကို ကူညီ နေမှုများနှင့်စပ်လျဉ်း၍ တိုင်စာများမရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ အဆိုပါ ကိစ္စရပ်များနဲ့ စပ်လျဉ်းလို့ သက်သေအထောက်အထားခိုင်လုံစွာ တင်ပြတိုင်ကြားပါက တိုင်ကြားခံရသူ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာနည်းဥပဒေ ၃၂ နဲ့အညီ နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်ခြင်း သို့မဟုတ် ရပ်စဲခြင်း များကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် လည်း တရားမဝင်ငွေတိုးချေးစားသူများနဲ့ ပတ်သက်တဲ့အမှုများသာမက မည်သည်‌့အမှုမှာမဆို ဘက်လိုက်ဆောင်ရွက်တဲ့တရားသူကြီးများကို အရေးယူလျက်ရှိပါတယ်။ တရားသူကြီးတစ်ဦးမှ ဘက်လိုက်ဆောင်ရွက်ကြောင်း တိုင်ကြားစာရရှိပါက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ထင်ရှားပေါ်ပေါက် ပါက ထိရောက်စွာ အရေးယူလျက်ရှိကြောင်း သိရှိရပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်သတင်းစာများမှာ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ဖြင့် လာဘ်ပေးလာဘ်ယူမှုများကို ကင်းရှင်းအောင် ဆောင်ရွက် ရာတွင် ပြည်သူများ၏ အကူအညီကို ရယူဆောင်ရွက်သွားရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် တည်ဆဲဖြစ်တဲ့ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို ခေတ်ကာလနဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနှုန်းများနဲ့ကိုက်ညီတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ အဖြစ် လက်ရှိလွှတ်တော်မှာ အသစ်ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း လာဘ်ပေးလာဘ်ယူမှုများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်ရန် ပြည်သူများအနေနဲ့ အထောက်အထား၊ အချက်အလက် ပြည့်စုံစွာဖြင့် တိကျမှန်ကန်စွာ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာပါကြောင်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဌာနလိပ်စာနဲ့ တယ်လီဖုန်းနံပါတ်များကို ဖော်ပြထားရှိပြီး ဖြစ်ပါတယ်။ သို့ဖြစ်ရာ နစ်နာသူများနဲ့ သိရှိသူမည်သူမဆို တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြားလာပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေအရ အရေးယူနိုင်သဖြင့် အဆိုပါဥပဒေဖြင့် ပြည်သူလူထုအား ကာကွယ်ပေးထားပြီးဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုးတက် ပြောင်းလဲနေတဲ့ ခေတ်နဲ့လိုက်လျောညီထွေမှုရှိစေဖို့ လိုင်စင်မဲ့ငွေတိုးချေးစားသူများကို အရေးယူနိုင်တဲ့ တည်ဆဲဖြစ်တဲ့ The Money Lenders Act 1945နဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေ များကို ကျယ်ပြန့်စွာသုံးသပ်ပြီးနောက် ပြင်ဆင်သင်‌့ကြောင်းတွေ့ရှိပါက ယင်းဥပဒေများကို စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ (က)နဲ့အညီ ပြင်ဆင် ရေးဆွဲနိုင်ရန် ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)က      က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

          မိမိမေးမြန်းလိုတဲ့မေးခွန်းကတော့ အသေးစားချေးငွေလုပ်ငန်းဥပဒေအရ အခုအချိန်ထိ အရေးယူမှု ဘယ်လောက်ရှိပါသလဲ။ နောက်တစ်ချက်က ဒုတိယဝန်ကြီးဖြေကြားသွားတဲ့ ဘယ်လိုတိုင်ကြားလာလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပေးမည်ဆိုတဲ့အချက်ကို ကျယ်ကျယ်ပြန့်ပြန့်သတင်းထုတ်ပြန်ပေးနိုင်ပါသလား။ အခု ဒုတိယ ဝန်ကြီးဖြေဆိုတဲ့အထဲမှာ တောရွာများ၌သာ ဘဏ်ခွဲတွေမရှိလို့ ငွေချေးတယ်ဆိုတာနှင့်ပတ်သက်ရင် ဒီနေ့ထုတ်တဲ့ ရန်ကုန်တိုင်းသတင်းစာမှာ မရမ်းကုန်းမြို့နယ်က ပြည်သူ့အသံများဆိုတဲ့ သတင်းအချက် အလက်မှာ မတ်တိုးဆိုတဲ့ စကားအခုကြားလာရပါတယ်။ မတ်တိုးဆိုတာ အတိုးပေါ်အတိုးဆင့်တဲ့ အတိုး ယူမှုပေါ့။ တစ်နေ့ကို တစ်သောင်းယူရင် ကျပ်ငါးရာ ၂၄ ရက်အတွင်းပေးသွင်းရမည်။ အဲ့ဒီအပြင် အတိုးကြီးသက်သက်ပေးသွင်းရုံမကပဲ အချိန်ကျရင် ငွေတစ်သောင်းပြန်ဆပ်ရတဲ့အတွက် ဆင်းရဲမွဲတေ မှု အောက်ခြေလူထုဟာ အင်မတန်ဒုက္ခရောက်နေတယ်ဆိုတာကို ဒီနေ့ ရန်ကုန်တိုင်းသတင်းစာမှာ ရေးသားဖော်ပြထားတာကို ပြည်ထဲရေးဒုတိယဝန်ကြီးအနေနဲ့ သိရှိပါသလား။ တတိယအချက်ကတော့ ရန်ကုန်တိုင်းမှာ တိုင်ကြားမှုမရှိဘူးဆိုတဲ့ အချက်နှင့်ပတ်သက်ရင်တော့ ကျွန်တော့်ဆီမှာရောက်နေတဲ့ တိုင်စာများကို ဒီလွှတ်တော်အစည်းအဝေးပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့သွားမည်ဖြစ်ကြောင်း တင်ပြမေးမြန်းခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း     

အသေးစားချေးငွေ လုပ်ငန်းနှင့်ပတ်သက်ပြီးတော့ ယခုအချိန်ထိ မည်မျှအရေးယူမှုရှိပါသလဲဆိုတဲ့ မေးခွန်းနှင့်ပတ်သက် လို့တော့ ဒါအသေးစိတ်ပြန်လည်စိစစ်ပြီးမှ ဖြေကြားနိုင်မှာဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်အရေးယူမှု နှင့်ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ပေးနိုင်မလားဆိုတဲ့ ကိစ္စနှင့်ပတ်သက်ပြီးတော့ သတင်း ထုတ်ပြန်မှုအတွက်ကို ဆက်လက်ဆောင်ရွက်ပေးသွားပါမယ်။ နောက်ရန်ကုန်တိုင်းသတင်းဖော်ပြမှုနှင့် ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို မေးမြန်းပြီးတော့ ပြန်လည်စိစစ်သွားပါမယ်။ အပေါင်ခံ ခြင်းနှင့် ငွေချေးငှားခြင်းတို့ဟာ ပြည်သူတွေကြားမှာ အခါအားလျော်စွာရှိနေကြတဲ့အခါမှာ တစ်ဖက် နှင့်တစ်ဖက်ငွေကြေးနှင့်စပ်လျဉ်းပြီးတော့မှ အငြင်းအခုံဖြစ်ကြတဲ့အခါမှာ ပြစ်မှုကြောင်းအရပဲဖြစ်စေ၊ တရားမကြောင်းအရပဲဖြစ်စေ တရားစွဲဆိုခြင်း၊ အမှုတိုင်တန်းခြင်းများလာတာ ဖြစ်ပါတယ်။ တရားလို ဘက်က လိမ်လည်ရယူခြင်း၊ ယုံကြည်မှုအပ်နှံဖောက်ဖျက်ခြင်းနှင့်အကျုံးဝင်အောင် ဖော်ပြ စွပ်စွဲသလို ပဲ တရားခံဘက်ကလည်း အတိုးနှင့်ငွေချေးယူကြောင်း ဖော်ပြစွပ်စွဲကြတာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီကိစ္စတွေနှင့်ပတ်သက်ပြီးမှတော့ ရန်ကုန်တိုင်းအစိုးရကို မေးမြန်းပြီးတော့မှ ပြန်လည်ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းရဲ့တိုင်စာတွေ ရရှိလို့ရှိရင်တော့ အခုဒီအစည်းအဝေးပြီးသွားတဲ့အချိန်မှာ ကျွန်တော်ကို တရားဝင်တစ်ပါတည်း ပေးအပ်လိုက်လို့ရှိရင်တော့ ဆက်လက်ပြီးတော့ စုံစမ်းအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။