(စ)-အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

နိုင်ငံတော်သည် ပြည်သူ့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ရှေးရှု၍ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ပေါ်ပေါက်နိုင်ရေး အတွက်အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့ရာ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို စတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရပ်ဆိုင်ထားခဲ့ ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံအား ပြန်လည်ခေါ်ယူကျင်းပဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကြီးအောင်မြင်စွာပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပေါ်ပေါက်ခဲ့ခြင်းကြောင့် လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးမဏ္ဍိုင်များအပြန် အလှန် ထိန်းကျောင်း ညှိနှိုင်းမှုများ ပွင့်လင်း မြင်သာမှုများ မြို့ပြနှင့် ကျေးလက် ကွာဟမှုများ စီမံချက်များ ဆောင်ရွက် နိုင်ခဲ့ခြင်း ကြောင့် ဒီမိုကရေစီ၏ အရသာကို လက်တွေ့ ခံစားနေရခြင်းပင် ဖြစ်၍ ပြည်သူ အားလုံးက ဝမ်းသာပီတိဖြစ်နေကြပါကြောင်း၊ အဆိုပါ နိုင်ငံတော် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် အမျိုးသား ညီလာခံ ကိုယ်စားလှယ်များသည် အချိန်၊ ငွေ၊ မိသားစုအရေးကို စွန့်လွတ်ပြီး ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်ခဲ့ကြရာ အချို့မှာ နိုင်ငံတော်အတွက် အသက်တစ်မျှ အရေးကြီးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် လာအောင် ဆောင်ရွက်ခဲ့သော အမျိုးသား ညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် လိမ့်မည်ဟု မျှော်လင့်ချက်ကြီးမားစွာဖြင့် ခံစားနေကြရပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပုဒ်မ ၂၀၅အရနိုင်ငံတော်သမ္မတသည်ဥပဒေနှင့် အညီ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းနိုင်သည်ဟုလည်း ဖော်ပြပါရှိရာ အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရန် အစီအစဉ် ရှိ/မရှိ၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းမည်ဆိုပါကမည်သည့်အချိန်အပ်နှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်အနေနဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ရဲ့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ လ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၀၉)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ပေးအပ်လျက်ရှိပါတယ်။ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အခန်း(၁၉) အပိုဒ် ၇၀ မှာ နိုင်ငံတော်သမ္မတ သည် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုခုကို ချီးမြှင့်အပ်နှင်းသင်‌့ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြခြင်းမရှိစေကာမူ အထူးထိုက်သင်‌့သော ကိစ္စရပ်များအတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုခုကို ချီးမြှင့်အပ်နှင်း သင်‌့ကြောင်းတွေ့ရှိပါက သင်‌့လျော်သော ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုခုကို ချီးမြှင့်အပ်နှင်းနိုင်သည်လို့ပါရှိ ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၂၀၅ မှာ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ (က) ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်၊ (ခ) ချီးမြှင့် အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်းပြု နိုင်သည် ဆိုပြီးပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခိုင်ခိုင်မာမာပေါ်ပေါက်လာ ရန်အတွက် ရေးဆွဲပေးခဲ့ကြတဲ့ အမျိုးသားညီလာခံကိုယ်စားလှယ်တော်များရဲ့ အမျိုးသားညီလာခံမှာ ၎င်းတို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအလိုက် ဦးစီးဦးဆောင်လုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်မှုများနဲ့ စွမ်းဆောင်မှုများအပေါ်မူတည်ပြီး သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် ဂုဏ်ထူး ဆောင်တံဆိပ်များချီးမြှင့်ခြင်း၊ တစ်လုံးတစ်ခဲတည်း ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်းတို့ကို သတ်မှတ်ပြဋ္ဌာန်း ပြီး ဂုဏ်ပြုချီးမြှင့်နိုင်ပါသည်။ သို့သော်လည်း ယခုအချိန်မှာ အမျိုးသားညီလာခံကိုယ်စားလှယ်များကို နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရန် အစီအစဉ်မရှိသေးဟု သိရှိရပါကြောင်း ဖြေကြားပါသည်။