ပြည့်တန်ဆာဆိုသည်မှ ဗုဒ္ဓခေတ်ကတည်းကရှိခဲ့ပြီး၊ ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံအသီးသီးတွင် ပြည့်တန်ဆာများ ရှိနေပါကြောင်း၊ ဘာသာရေး အထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနှင့် မဖွံ့ဖြိုးတဲ့နိုင်ငံသာလျှင် ကွာခြားလျှက် ရှိရာ ပြည့်တန်ဆာများနှင့် ပတ်သက်သော ဥပဒေတွေများကိုလည်း ကမ္ဘာနိုင်ငံအများစုတွင် ပြဋ္ဌာန်းထားကြပါကြောင်း၊ အာရှဒေသတွင် ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတွင် ယင်းလုပ်ငန်းများကို တရားဝင်ဈေးကွက် အဖြစ်ကို သတ်မှတ်ပေးထားပါကြောင်း၊ ဤကိစ္စရပ်များမှာ မလွန်ဆန်နိုင်သော လူတန်းစားများအတွက် သီးခြား သတ်မှတ်ပေးထားခြင်းလည်းဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို ပြည့်တန်ဆာမှာ အနည်းနှင့် အများရှိနေကြပြီး၊ မြန်မာနိုင်ငံတွင်လည်း ပြည့်တန်ဆာ ဆိုသည်မှာ ခေတ်အဆက်ဆက်က ရှိခဲ့ပြီး ယခုအချိန်ထိ လျော့နည်းပပျောက်သွားခြင်း မရှိသေးပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိသော်လည်း လုံလောက်မှု မရှိသည့် အမျိုးသမီးများရရှိသော လုပ်အားခများကြောင့် လည်းကောင်း တချို့သော အမျိုးသမီးများမှာ ဤဘဝကို ရောက်ရှိသွားခဲ့ရပါကြောင်း၊ ငွေကိုလွယ်လွယ်ရလိုမှု အလုပ်အကိုင်မရှိလို့ လုပ်ရာကနေ နစ်မွန်းသွားပြီး မထူးဇာတ် ခင်းကြသောသူများလည်း အများကြီးရှိသလို၊ ကောင်းရာ ကောင်းကြောင်းလုပ်ကိုင်ပြီး ဒီဘဝက ရုန်းထွက်ချင်သူများလည်း အများကြီးရှိပါကြောင်း။
၁၉၄၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သော ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေသည် တချို့နေရာများတွင် ဥပဒေကို လက်တစ်လုံးခြား ကျင့်သုံးနေသော တာဝန်ရှိသူ တချို့ကြောင့် ပြည့်တန်ဆာများ အနေဖြင့်လည်း ပိုမိုနစ်နာခဲ့ရပါကြောင်း၊ ဒီပြည့်တန်ဆာပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာများအနေဖြင့် ရင်ဆိုင်နေကြပါကြောင်း၊ “စီမံချက်ရှိလို့ မကျေနပ်ရင် ကွန်ဒုံးဆောင်ထားလို့ဖမ်း၊ အဖမ်းခံ ရမှာစိုးလို့ ကွန်ဒုံးမဆောင် ဒါနဲ့ပဲ ကျွန်မတို့မြန်မာနိုင်ငံမှာ HIV ရောဂါသည်တွေ များပြားလာခဲ့ရပါတယ်။” အင်းစိန်ထောင်တွင် HIV ရောဂါသည်များမှာ ၂ ရက်ကို ၁ ယောက်နှုန်းဖြင့် သေဆုံးနေကြရသည်ကို မိမိ အနေဖြင့် သိမြင်ခဲ့ရပါကြောင်း၊ အခြေအနေဆိုးလို့ သေဆုံးခါနီးကျမှ ထောင်ကနေ တစ်ဆင့် ဆေးရုံကို တင်ကြရရာ ဆေးရုံရောက်မှ သေဆုံးသွားရသည့် သူများလည်းရှိပါကြောင်း၊ တချို့ထောင်ကိုရောက် လာပြီးမှ စစ်ဆေးလို့ HIV ရောဂါပိုးစစ်ဆေးတွေ့ရှိရသော လူများကို တွံတေးရှိ အမျိုးသမီး စောင့်ရှောက်ရေးစခန်းသို့ ပို့ထားသော်လည်း ရောဂါသည် အားလုံးမှာလည်း ဤနေရာသို့ မရောက်ရှိ နိုင်ပါကြောင်း၊ ဒါ့အပြင် ပြည့်တန်ဆာဥပဒေတွင် ကျူးလွန်တာချင်းအတူတူ အမျိုးသားများမှာ ၎င်းပြစ်မှုတွင် ဖက်စပ်ပါဝင်သည်လည်းဖြစ်ပြီး ပုဒ်မ ၁၄ အရ တရားသူကြီးရှေ့တွင် စုံလင်စွာ ဖော်ပြနိုင်ရင် ဤဥပဒေအရ ပြစ်ဒဏ်မှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားချက်အရ လိင်အရောင်းအဝယ် လုပ်သူချင်း အတူတူ လိင်ကိုရောင်းစားသူ အမျိုးသမီးကတော့ ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသားမှာတော့ ပြစ်မှုမမြောက်ခြင်း ရှိသည်ကိုတွေ့ရှိရသည့်အတွက် ဤအချက်မှာ ပြန်လည်ပြုပြင်သင့်သော အချက်အဖြစ် ထင်မြင်မိပါကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ပြည့်တန်ဆာများကို ထိန်းသိမ်းရန် စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယင်းအလုပ်လုပ်သူများကို ကျန်းမာရေးအရ စစ်ဆေးပြီး လိင်နဲ့ ပတ်သက်သော ရောဂါများ ကူးစက်ပြန့်ပွားမှု မရှိအောင် ကျန်းမာရေးစောင့်ရှောက်မှု များကို တရားဝင်ခွင်ပြုပေးမည်လား၊ သို့မဟုတ် ပြည့်တန်ဆာ ဆိုသော်လည်း နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် နိုင်ငံသားတစ်ဦး ရပိုင်ခွင့်ရှိသော တရား ဥပဒေနှင့် အခွင့်အရေးများကို ရနိုင်အောင်ဆောင်ရွက်ပေးနိုင်မည်လား၊ ထို့ပြင် ကလေးသူငယ်အရွယ်များ မုဒိမ်းကျင့်ခံရတာတွေ၊ မိကောင်းဖခင် အမျိုးသမီးလေးများအပေါ်တွင် ပစ်မှတ်ထားနိုင်သော အမျိုးသားများ၏ အန္တရာယ်မှ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားပြီး မုဒိမ်းမှု အန္တရာယ်ကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့နိုင်မည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါကြောင်း၊ ထို့အတွက်ကြောင့် အောက် ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း-
- ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အစိုးရလက်ထက်တွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ တစ်နှစ်လျှင် အရေးယူခဲ့သော မူခင်းအရေအတွက် မည်မျှရှိပါသနည်း။
- အဆိုပါ မူခင်းများဖြစ်ပွားရခြင်းမှာ နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာတို့ကြောင့် ပြည့် တန်ဆာ မူခင်းအများစု ဖြစ်လာပြီး ဖမ်းဆီးပြစ်ဒဏ်ပေးရုံဖြင့် ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာအရေအတွက်တွေ များပြားလာ ခြင်းကို ဟန့်တားနိုင်မည်လား။
- ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေးယူခံရသော အမျိုး သမီးများမှာ အကျဉ်းထောင်အတွင်းမှာ HIV,AIDS ရောဂါ ပပျောက်ရေးအတွက်လည်းကောင်း၊ ဘဝသစ်ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း ကျန်းမာရေး၊ လူမှုရေးရှု ထောင့်မှရှုမြင်ပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါ မည်ကဲ့သို့ ကူညီထားပါသနည်း။
- အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သောအခါ မူလပြည့်တန်ဆာလုပ်ငန်းကို ပြန်လည်မရောက်ရှိနိုင်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိပါသနည်း။
- ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ယနေ့ခေတ် ကာလနှင့် လိုက်လျော်ညီထွေမှု မရှိသည့် အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၄၉ ခုနှစ် ပြည့်တန် ဆာနှိပ်ကွပ်ရေးအက်ဥပဒေဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အာဏာသက်ရောက်ပြီး ယနေ့အထိ ကျင့်သုံးလျက်ရှိတဲ့ ဥပဒေဖြစ်ပါတယ်။ ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို မြန်မာ့ ယဉ်ကျေးမှုအရ လူမှုရေးနယ်ပယ်မှာလက်မခံတဲ့အတွက် ထိရောက်စွာအရေးယူနိုင်ဖို့ ၁၉၄၉ ခုနှစ်မှာ ပြည့်တန်ဆာပပျောက်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းက စီးပွားရေး၊ လူမှုရေးအကြောင်းတရားများနှင့် ဆက်စပ်ပေါ်ပေါက်ရခြင်းဖြစ်တဲ့အတွက် ပြည့်တန်ဆာ ပပျောက်ရန် မျှော်လင့်လို့ မရနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၁၉၅၆ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေးပြင်ဆင်ချက်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေရဲ့အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေလို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရာဇဝတ်ပြစ်မှုများ မဖြစ်ပွားစေဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည့်တန်ဆာလုပ်ငန်းများကို ဖမ်းဆီးအရေးယူခဲ့ ခြင်းဖြစ်ပါတယ်။ ပြည့်တန်ဆာဖမ်းဆီးမှု၊ အရေးယူမှုအရေအတွက်ဟာ ယခုအစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၆၄၀ မှုကို အရေးယူခဲ့ပါတယ်။ ပြည့်တန်ဆာအမှုနှင့် ပြစ်ဒဏ်ကျခံရသူများဟာ အကျဉ်းထောင်မှာဖြစ်စေ၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းသင်တန်းကျောင်းမှာဖြစ်စေ၊ ပြန်လည်ထူထောင်ရေးစခန်းများမှာဖြစ်စေ ကျခံရတဲ့ ပြစ်ဒဏ်ကာလအတွင်းမှာ စည်းကမ်းတကျဖြင့် နေထိုင်ကြရပါတယ်။ လူ့သဘာဝအရ လွတ်လပ်စွာနေထိုင်လိုတဲ့ဆန္ဒကို မခံစားရတဲ့အတွက် နောင်ကျဉ်စေပြီး နောင်ထပ်ပြစ်မှုကျူးလွန်ရန် မသင့်ကြောင်း အသိပညာရစေဖို့ ဖမ်းဆီးပြစ်ဒဏ်ပေးခြင်းအားဖြင့် ပြည့်တန်ဆာလုပ်ငန်းကို ထိုက်သင့် တဲ့ပမာဏတစ်ခုအထိ ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုပြဿနာ တို့က ပြည့်တန်ဆာတိုးပွားစေတဲ့အကြောင်းများဖြစ်တယ်လို့ ဆိုနိုင်ပေမယ့်လည်း ကိုယ်ကျင့်တရားပေါ် မှာတန်ဖိုးထားမှု စံနှုန်းလျော့ပါးခြင်း၊ ပြောင်းလဲလာတဲ့ခေတ်အရ လူမှုဆက်ဆံရေးခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်းစတဲ့အခြားအကြောင်းတရားများလည်း ရှိနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း ရွေးချယ်နိုင်တဲ့အခြေအနေမှာပင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက်လိုစိတ်မရှိဘဲ လွယ်လွယ်နဲ့ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ရွေးချယ်ကြသူများလည်း ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ရာ ပြည့်တန်ဆာလုပ်ငန်းနှင့် ပြည့်တန်ဆာတို့ကို ဥပဒေ ပြဋ္ဌာန်းပြီး အရေးယူအပြစ်ပေးခြင်းဖြင့် ပြည့်တန်ဆာလုပ်ငန်း ပပျောက်သွားမယ်လို့ မဆိုနိုင်ပေမယ့် လည်း အတိုင်းအတာတစ်ရပ်အထိတော့ ဟန့်တားမှုဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ အမျိုးသမီးများကို အကျဉ်းထောင် သို့ရောက်ရှိတဲ့အချိန်ကစပြီး သူတို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအရ မှတ်တမ်းတင် ဆောင်ရွက် ပြီး အကျဉ်းထောင်ဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန ခုခံအားကျကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေးယူခံရတဲ့အမျိုးသမီးငယ်များကို HIV, AIDS ရောဂါ ပပျောက်ရေးအတွက် ကျန်းမာရေးပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှစ်သိမ့် ဆွေးနွေးပညာပေးခြင်းနှင့် သွေးစစ်ဆေးခြင်း၊ ကာလသားရောဂါနှင့် HIV, AIDS ရောဂါပိုးတွေ့ရှိသူ များကို ဆေးကုသပေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်းစတဲ့လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ အကျဉ်းထောင်မှလွတ်မြောက်တဲ့အခါ ပြည့်တန်ဆာလုပ်ငန်းပြန်လည်မလုပ်ကိုင်နိုင်စေရေး အတွက် ပြစ်ဒဏ်ကာလအတွင်း စာကြည့်တိုက်မှာရှိတဲ့ စာအုပ်များဖတ်စေခြင်း၊ အသိပညာပေးခြင်းနှင့် ဇာထိုး၊ ပန်းထိုးလုပ်ငန်းများ၊ စက်ချုပ်လုပ်ငန်းများ၊ မျက်တောင်တုလုပ်ငန်းများ၊ ဆံကေသာအလှပြင် သင်တန်း၊ မျက်နှာအလှပြင်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာသင်တန်း၊ အသုံးလုံးသင်တန်းပေးခြင်း စတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနသို့ ရောက်ရှိလာတဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအရ အရေးယူခံထားရတဲ့ အသက် ၁၈ နှစ် အောက် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးပြီး လူမှုအသိုင်းအဝန်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် မိမိဘဝရပ်တည်နေထိုင်ရေး လေ့ကျင့်ပေးရန် ဆေးဝါးကုသမှုခံယူရန် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန်နှင့် သင်တန်းကာလအတွင်းမှာ ပျော်ရွှင်စွာနေထိုင်နိုင်ရန် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန တွံတေးကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာလည်းကောင်း၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန မန္တလေးကို ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လည်းကောင်း ဖွင့်လှစ်ခဲ့ပါတယ်။ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနတွေမှာ လူမှုရေးနှစ်သိမ့် ဆွေးနွေးပညာပေးခြင်းကို သင်တန်းသူများအားတစ်ဦးချင်း အုပ်စုလိုက် ဆွေးနွေးပညာပေးခြင်း၊ လူမှု အသိုက်အဝန်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း၊ တရားထိုင်၊ တရား နာစေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။ ပညာရေးအနေနဲ့ စာမတတ်သူများ ကို အခြေခံ အသုံးလုံးသင်ကြားပေးခြင်းနဲ့ ပြင်ပမှဘဝရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာ ရပ်များအဖြစ် စိုက်ပျိုးရေး၊ စက်ချုပ်၊ ဇာထိုးပန်းထိုး၊ ကြိုးကျစ်နှင့် တက်တင်းပညာရပ်တွေကို အသက် မွေးဝမ်းကျောင်းပြုနိုင်သည်အထိ သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဦးစီးဌာနမှ လေ့လာသုတေသနပြုချက်များအရ ပြည့်တန်ဆာများ မှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၇.၁ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်းတွေ့ရှိရပါတယ်။ ရောဂါပိုးကူးစက်မှုမရှိစေဖို့ ကာကွယ်ရေး အတွက် ဦးတည်အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံးအသုံးပြုရေးစီမံချက်လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ပုဒ်မ ၆ မှာမည်သူ မဆိုမိန်းမ တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာဖြစ်စေရန်သော်လည်းကောင်း၊ ပြည့်တန်ဆာကိစ္စအလို့ ငှာ ပြည့်တန်ဆာအိမ်တွင် သွားရောက်နေထိုင်စေရန်သော်လည်းကောင်း၊ သွေးဆောင်ခြင်း၊ အနိုင် အထက်ပြုခြင်း ခံရဖွယ်ရှိသည်ကိုသိလျက်နဲ့ဖြစ်စေ ထိုမိန်းမကို ပြည့်တန်ဆာမဟုတ်သော လက်ရှိအိမ် တစ်ခုမှ ထွက်ခွာသွားရန်သွေးဆောင်လျှင် ၁ နှစ်အောက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ် စီရင်နိုင်စေရမည်လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၃ ပုဒ်မခွဲ (၆) မှာ ကာလသားရောဂါစွဲကပ်လျက်ရှိ ကြောင်း တွေ့ရှိရသောမိန်းမကို ခရိုင်ရာဇဝတ်တရားသူကြီး၏ သို့တည်းမဟုတ် နယ်ပိုင်ရာဇဝတ် တရားသူကြီး၏ သို့တည်းမဟုတ် အထူးအာဏာလွှဲအပ်ခြင်းခံရသော ပထမတန်းရာဇဝတ်တရား သူကြီး၏အမိန့်အရ သတ်မှတ်ထားသည့်ဌာနသို့ပို့နိုင်ပြီး ထိုမိန်းမကို ရောဂါပျောက်ကင်းကြောင်း သက်သေခံရသည့်တိုင်အောင် ထိုဌာန၌ နေထိုင်ရမည်ဆိုပြီး ပြဋ္ဌာန်းထားကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ရာ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပေမယ့်လည်း ယနေ့ခေတ်ကာလမှာ လိုက်နာကျင့်သုံးနိုင်မှုရှိနေသေးကြောင်းတွေ့ရှိရတဲ့ အတွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိ သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
