ချီဖွေမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သည် ပြည်သူများ၏ ငွေကြေးများ ထိုဒေသများရှိ နိုင်ငံ့ ဝန်ထမ်းများ၏ လစာနှစ်ဆများကိုလည်း လည်ပတ်သုံးစွဲနေသော မြို့နယ်ဘဏ်ခွဲတစ်ခု ဖြစ်သည့်အတွက် ဘဏ်တွင် ငွေကြေးလည်ပတ်မှုများသည့် ဘဏ်ဖြစ်ကြောင်း၊ ချီဖွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်ခွဲ ရုံးအဆောက်အဦသည် ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်သောကြောင့် လုံခြုံမှုမရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါငွေတိုက်ခွဲဘဏ် အဆောက်အဦအား အသစ်ပြန်လည်တည်ဆောက် ပေးရန်နှင့် မြန်မာ့ စီးပွားရေးဘဏ် ငွေတိုက်ခွဲမှ မြန်မာ့စီးပွားရေးဘဏ်ခွဲအဖြစ် အဆင့်တိုးမြှင့်ဖို့အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသွားပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်း မှာ နှစ်ပိုင်းပါပါတယ်။ ပထမပိုင်းကတော့ ချီဖွေမှာရှိနေတဲ့ ငွေတိုက်ခွဲဟာ လုံခြုံမှုမကောင်းတော့တဲ့ အတွက်ကြောင့် ပြင်ဆင်ပေးဖို့အစီအစဉ်ရှိ/မရှိဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ထောက်ပြချက်ကို ကျွန်တော်တို့ လွန်စွာကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်းပဲ ဒီငွေတိုက်ကိုပြန်ကြည့်တဲ့အခါမှာ ဒီငွေတိုက်ဟာ ၁၉၉၀ ကစပြီးဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။ ထို့ကြောင့် လုံခြုံရေးအခြေအနေမကောင်းတော့တဲ့ အတွက်ကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ဘဏ္ဍာငွေမှာတင်ပြပြီးတော့ အသစ်ဆောက်ပေး သွားဖို့ အစီအစဉ်ရှိကြောင်း ဖြေဆိုအပ်ပါတယ်။
ဒုတိယမေးခွန်းဖြစ်တဲ့ ငွေတိုက်ကို ဘဏ်အဆင့်တိုးမြှင့်ဖို့ကိစ္စလည်း ကျွန်တော်တို့စိစစ် ကြည့်ပါတယ်။ စိစစ်ကြည့်တဲ့အခါမှာ ငွေတိုက်ကနေပြီး ဘဏ်အဆင့်မြှင့်ဖို့အတွက်က စီးပွားရေး အခြေအနေတွေပါ အကုန်ထည့်သွင်းကြည့်ပြီးမှလုပ်ရတဲ့အနေအထားရှိပါတယ်။ စိစစ်ကြည့်တဲ့အခါမှာ တွေ့ရှိတဲ့အချက် ကတော့ ချီဖွေမှာ လောလောဆယ်ငွေချေးတာမရှိသေးပါဘူးခင်ဗျား။ ငွေချေးတာတွေ ဘာတွေရှိလာတယ်။ ပြီးတော့ ဒီထက်တိုးတက်လာတဲ့တစ်နေ့မှာတော့ ချီဖွေမှာရှိတဲ့ငွေတိုက်ခွဲကို ဘဏ် အဖြစ်နဲ့အဆင့်တိုးမြှင့် သွားမည်ဖြစ်တဲ့အကြောင်း ဖြေကြားပါသည်။
