(ဂ)-လောက်ကိုင်မြို့တွင် ဖုန်းများ တစ်လလျှင် ၅ ရက် ခန့် လိုင်း ပြတ်တောက်ခြင်း နှင့် ကျေးလက် ဒေသ G S M/ U M T S မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ရေး စီမံကိန်းကို မည်သည့်ဘဏ္ဍာရေးနှစ် တွင်ထည့်သွင်း လျာထား ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၈.၆.၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကြယ်ပွင့်မပြ မေးခွန်းဖြင့် မေးခဲ့သော်လည်း အဆင်ပြေခြင်းမရှိခဲ့ပါ။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ထပ်မံပြီးတော့ ဝန်ကြီးထံမှာ တင်ပြခဲ့ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြို့နယ် နှစ်မြို့နယ်နှင့် မြို့နယ်ခွဲနှစ်မြို့နယ်ဖြင့် ဖွဲ့စည်းထားပါတယ်။ လောက်ကိုင်မြို့နယ်တွင်သာ ကြိုးဖုန်းနဲ့ GSM ဖုန်း တပ်ဆင်ပေးထားပြီးဖြစ်သော်လည်း တစ်လမှာ ၅ ရက်ခန့် လိုင်းဖြတ်တောက်ခြင်း၊ ခေါ်ဆို၍ မရနိုင်ခြင်းပြဿနာများ ကြုံတွေ့နေရပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ မိုဘိုင်းရေဒီယိုစခန်းအသစ်များ တိုးချဲ့တပ်ဆင်ပေးသွားမယ် ဆိုတာ သိရပါတယ်။ သို့သော် ကုန်းကြမ်းမြို့နယ်ကို တပ်ဆင်ပေးမယ်ဆိုတာ လျာထားချက်ထဲမှာ မတွေ့ခဲ့ရပါဘူး။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့တွင် ကြိုးဖုန်းနှင့် GSM ဖုန်းများ တစ်လလျှင် ၅ ရက်ခန့် လိုင်းပြတ်တောက်ခြင်းကို  သိရှိပါသလား။ သိရှိပါက မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုပါတယ်ခင်ဗျား။ (ခ) ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်တွင် GSM,WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်ပြောဆိုနိုင်ရန် ကျေးလက် ဒေသ GSM,UMTS မိုဘိုင်းတယ်လီဖုန်း တိုးချဲ့တပ်ဆင်ရေးစီမံကိန်းကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

 [ဦးကျော်နီနိုင်၊ လောက်ကိုင်မဲဆန္ဒနယ်ကိုယ်စား ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းပါသည်။]

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်
အဖြေ

မေးခွန်း(၁) အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် အော်တိုအိတ်ချိန်းနဲ့ GSM BTS စခန်းသုံးခု တို့ရဲ့ အဝေးဆက်သွယ်မှု Transmission ကိစ္စများကို လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်မြေ အောက်ဖိုင်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်အသုံးပြုထားရှိပါတယ်ခင်ဗျား။ ၎င်းဖိုင်ဘာဆက်ကြောင်း များသည် တောင်ပြိုကျမှု၊ ရေတိုက်စားမှုစသည့် သဘာဝဘေးအန္တရာယ်များကြောင့် မကြာခဏ ပြတ်တောက်မှု ဖြစ်ပေါ် လေ့ရှိပါတယ်။  အဆိုပါပြတ်တောက်မှုများကို ပြုပြင်ရန်မှာ သွားလာရေးခက်ခဲ တဲ့ ဒေသများဖြစ်တဲ့အတွက် ဆက်သွယ်ရေးအင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်ရာတွင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ကျွန်တော်တို့ ဆက်သွယ်ပြီးတော့ ညှိနှိုင်းသွားရောက် ဆောင်ရွက်ရာမှာ သာမန်ထက် အချိန်ပိုကြာမြင့်ခြင်းရှိတာ တွေ့ရပါတယ်။ နောက်နောင်တွင် ယခုထက် ပိုမိုပြီးလျင်မြန်စွာ ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေးခွန်း(၂) အတွက် အဆိုပါ ကုန်းကြမ်းမြို့နယ်အတွင်း GSM,UMTS စခန်း တိုးချဲ့ပေးနိုင်ရေးအတွက် လိုအပ်တဲ့ Transmission ဆက်ကြောင်းနဲ့ မိုဘိုင်းရေဒီယိုစခန်းတွေကို ကျွန်တော်တို့ ယခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ ထည့်သွင်းလျာထားဆောင်ရွက်ခြင်းမရှိသေးပါဘူး။ Telecom Reform တွေ Liberalization Process အရဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းအတည်ပြုပြီး တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ Independent Operator လေးခု ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ Independent Operator လေးခုအနေနဲ့ နောက်ပိုင်း စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ ယခု  ကုန်းကြမ်းမြို့နယ်အတွင်း GSM,UMTS စခန်း တိုးချဲ့ပေးနိုင်ရေးအတွက် ကျွန်တော် ဝန်ကြီးဌာန အနေနဲ့ တိုက်တွန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။