စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော ရန်ပုံငွေများကို အောက်ခြေအဆင့် တာဝန်ရှိသူများထံသို့ ကြိုတင်ပေးအပ်ခြင်းမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တာဝန်ရှိပုဂ္ဂိုလ်များသည် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် ပြင်ပမှ ငွေတိုးပေးချေးပြီး လုပ်ဆောင်နေကြရပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများတွင် ငွေအပြည့်အဝ သုံးစွဲခွင့် မရရှိသောကြောင့် စံချိန်မမီခြင်း၊ အရည်အသွေးမကောင်းခြင်း၊ အကြွေးနှင့်ဝယ်ရသည့်အတွက် လက်ငင်း ဈေးနှုန်းထက် မြင့်မားခြင်း၊ အရည်အသွေး မပြည့်သည့်ပစ္စည်းများကိုသာ ရရှိခြင်းနှင့် မသမာမှုများလည်းကြုံတွေ့နိုင်ကြောင်း၊ စီမံကိန်းပြီးသွားသည့်အချိန်တွင် စံချိန်မမီသော လမ်းများ၊ အဆောက်အဦများ ပေါ်ထွက်လာပြီး နှစ်အနည်းငယ်အတွင်းမှာပင် ပျက်စီးသွားလေ့ရှိကြောင်း၊ အကယ်၍ စီမံကိန်းငွေများကို ကြိုတင်ထုတ်ပေးပါက အထက်ပါကဲ့သို့ ကိစ္စရပ်များ ဖြစ်လာရန်အကြောင်း မရှိနိုင်ပါကြောင်း၊ ထို့ ကြောင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောပစ္စည်းများနှင့် အခြားလိုအပ်သည်များကို ကြိုတင်စီမံနိုင်ရန် စီမံကိန်းမစတင်မီ ရန်ပုံငွေများကို ကြိုတင်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရဲ့ အင်ဂျင်နီယာဝန်ထမ်းများ လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်လေ့လာသုံးသပ်တင်ပြပေးတဲ့ ကြံခင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါက်တာတင်မောင်ကြိုင်အား အထူးကျေးဇူးတင်ရှိပါကြောင်း ပဏာမတင်ပြ လိုပါတယ်ခင်ဗျား။ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လမ်း၊ တံတားစီမံကိန်းလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ရာမှာ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ ဘဏ္ဍာနှစ်အတွင်းမှာ သတ်မှတ်ပေးတဲ့ ရန်ပုံငွေများကို စီမံကိန်းလုပ်ငန်း အသုံးစရိတ်များအပါအဝင် သုံးစွဲရာမှာ ရသုံးခန့်မှန်းခြေငွေစာရင်းအရ ခွင့်ပြုငွေအတွင်းသာ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သုံးစွဲဆောင်ရွက်လျက်ရှိပါတယ်။ ယခင်အစိုးရ လက်ထက်ကတော့ မပြီးပြတ်သေးခဲ့တဲ့ လုပ်ငန်းများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အစပိုင်းမှာ လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းစီမံကိန်းများကို ရန်ပုံငွေမရမီ ကြိုတင်ဆောင်ရွက်စေမှုများရှိခဲ့ရာမှာ တာဝန်ခံအင်ဂျင်နီယာများရဲ့ အစီအစဉ်နဲ့ စိုက်ထုတ်သုံးစွဲမှုများ ငွေချေးယူသုံးစွဲမှုများရှိခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီးတော့ ခွင့်ပြုရန်ပုံငွေနဲ့ ရရှိတဲ့ အတိုင်းသာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်စေပြီးတော့ ရန်ပုံငွေများကိုလည်း ၃ လပတ်အလိုက် လျာထားချက်များပြုလုပ်ပြီးတော့ လုပ်ငန်းများအလိုက် ကြိုတင်ငွေများကို လုပ်ငန်းခွင်ရုံးများသို့ ထုတ်ပေးခဲ့တာကြောင့် တင်ပြခဲ့တဲ့ စိုက်ထုတ်ငွေမျိုး မရှိတော့ပါဘူးခင်ဗျား။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစပြီးတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ တာဝန်ခံကွင်းအင်ဂျင်နီယာများမှ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကပစ္စည်းများ ဝယ်ယူရာမှာလည်းပဲ ပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ အကြွေးစနစ်ဝယ်ယူမှုမရှိစေရန် တို့အတွက် တရားဝင်အိတ်ဖွင့်တင်ဒါစနစ်နဲ့ သတင်းစာများမှလည်းကောင်း၊ ဌာနကြော်ငြာသင်ပုန်း များမှလည်းကောင်း ကြော်ငြာပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းများကို စီမံကိန်းမစမီပင် လိုအပ်သော ငွေများအား ကြိုတင်ထုတ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
