(က)-အလယ်တောကျေးရွာအနီးတွင် ကန်ချောင်တစ်ဖက်ရပ်ဆည်တာတမံအား တည်ဆောက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ (၂၇.၆.၂၀၁၃)

ထီးချိုင့်မြို့နယ်တွင် စပါးစိုက်ဧက ၃၇၉၀၆ ဧကရှိပြီး ယာ‌ြမေ ၄၀၅၀ ဧကအပါအဝင် စိုက်ပျိုးနိုင်တဲ့ဧကပေါင်းမှာ ၁၀၅၄၄၇ ဧက ရှိပါတယ်။ ယခု တည်ဆောက်ခွင့်တောင်းခံတဲ့ တာတမံအနီးရှိ အလယ်တောကျေးရွာဟာ ထီးချိုင့်မြို့နဲ့ ၉ မိုင်ခန့်ကွာဝေးပြီး ထီးချိုင့်-ကျောင်းကုန်းကားလမ်း ကတ္တရာ လမ်းဘေးရှိ စံပြကျေးရွာတစ်ရွာဖြစ် ပါတယ်။ အလယ်တောကျေးရွာအုပ်စုမှာ အလယ်တောကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ ဆူးပုတ် ချောင်ကျေးရွာ၊ ဇီးဖြူကျင်းကျေးရွာနှင့် အင်းတိမ်ကျေးရွာတို့နဲ့ ပါဝင် ဖွဲ့စည်းထားပါတယ်။ ဒေသခံ အများစုဟာဖြင့် တောင်သူများဖြစ်ကြပြီးတော့မှ ကျေးရွာအုပ်စုအတွင်းမှာ စုစုပေါင်းလူဦးရေ ၆၂၀၀ ခန့်နေထိုင်လျက်ရှိပါတယ်။ ကျေးရွာမှာအုပ်ချုပ်ရေးရုံး၊ ရဲကင်းစခန်း၊ တိုက်နယ် ဆေးရုံ၊ အထက်တန်း ကျောင်း၊ စာကြည့်တိုက်တို့တည်ရှိပြီးတော့မှ အုပ်စုအတွင်းမှာရှိတဲ့ အလယ်တောကျေးရွာနှင့် အင်းတိမ် ကျေးရွာများဟာ ၂၄ နာရီ လျှစ်စစ်ဓာတ်အားဟာ ကိုယ့်အားကိုယ်ကိုးအစီအစဉ်နှင့် ဆောင်ရွက် ထားတဲ့ ကျေးရွာများဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အလယ်တောကျေးရွာရဲ့ မြောက်ဘက်ခန့်မှန်းမြေပုံညွှန်း SM ၅၈၇၈၂၂ တွင် မိုးဆုတောင်းချောင်းရှိပြီး ၎င်းချောင်းဟာ ဆူးပုတ်ကာချောင်း၊ ကျောက်ဆစ်ချောင်း၊ စိုင်စားချောင်းတို့စုဆုံရာမှ ဖြစ်ပေါ်လာသောချောင်းဖြစ် ပါတယ်။ ချောင်းအမည်များတဲ့အတွက် ကျေးရွာမိဘပြည်သူများက ကန်ချောင်တစ်ဖက်ရပ်ဆည်ဆိုပြီး အမည်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဆည်တာတမံ တည်ဆောက်နိုင်ရေးအတွက် ဒေသခံမိဘ များက စိတ်ပါဝင်စားမှုရှိကြတဲ့အတွက် ၁၉-၄-၂၀၁၃ ရက်နေ့စတင်ပြီး ဆည်မြောင်းပညာရှင်များ အပါအဝင် ကျွန်တော်ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ ကွင်းဆင်းလေ့လာချက်အရ တောင်ကုန်းနှစ်ခု အကြား ရေဝပ်ဧရိယာအကျယ် ၂၀၀၀ ပေ ရေဝပ်ဧရိယာအတွင်း ဦးပိုင်ပေါက်လယ် ၆၀ ဧက၊ ယာ ၁၁၁.၂၄ ဧက စုစုပေါင်း ၁၇၁.၂၄ ဧကရှိကြောင်း တိုင်းတာချက်အရ သိရှိရပါတယ်။ မြေအမျိုးအစားမှာ ကျောက်စစ်ရောသဲမြေအမျိုးအစားဖြစ်ပြီး ရေဆင်းဧရိယာ ၃ စတုရန်းမိုင်နှင့် ရေဝပ်ဧရိယာ ၁၉၂၀ ပေရှိကြောင်းသိရှိရပါတယ်။ ရေလှောင်တမံတည်ဆောက်ပေးနိုင်ပါက ဆည်ရေ သောက်နိုင်တဲ့ဧကဟာ ၁၃၃၀၁ ဧကဖြစ်ကြောင်းသိရှိရပါတယ်။ ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိကြတဲ့ စပါးစိုက်ဧရိယာများဟာ မိုးကောင်းသောက်လယ် များသာဖြစ်ကြပြီး ဆည်ရေသောက်ဧရိယာ လုံးဝမရှိသေးပါကြောင်း တင်ပြလိုပါတယ်။ ဆည်တည် ဆောက်ပေးနိုင်မယ်ဆိုရင်တော့ နှစ်သီးစားစပါး၊ နွေစပါးအပါအဝင် ဧက ၂၀၀၀၀ ကျော်ခန့် စိုက်ပျိုးနိုင်မှာဖြစ်တဲ့အတွက် မြို့နယ်ရဲ့ပထမဦးဆုံးသော ဆည်တာတမံကို နိုင်ငံတော်က တည်ဆောက် ပေးနိုင်ရေး ဒေသခံမိဘပြည်သူများက မျှော်လင့်လျက်ရှိကြပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ရေဝပ်ဧရိယာမှာပါဝင်နေတဲ့ ဒေသခံတောင်သူများနဲ့၁၃-၅-၂၀၁၃ ရက်နေ့မှာတွေ့ဆုံပြီး သဘောထားရယူတဲ့နေရာမှာ ကန်ချောင်တစ်ဖက် ရပ်ဆည်တာတမံတည် ဆောက်ခြင်းကိစ္စရပ်အား တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းရှိခဲ့လျှင် ကျေနပ်သဘောတူခဲ့ကြောင်း တင်ပြခဲ့ကြပါတယ်။ ၎င်းအပြင် ဆည်တည်ဆောက်ပေးခြင်းအားဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှာ ဝင်ငွေရရှိစေမှာဖြစ်ပြီး တော့ ဒေသခံမိဘတောင်သူများရဲ့ အကျိုးစီးပွားကိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ သို့ပါ၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာ၊ ကန်ချောင်တစ်ဖက် ရပ်ဆည်တာတမံအား တည်ဆောက် ပေးနိုင်ရေး အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

ထီးချိုင့်မြို့နယ်၊ အလယ်တောကျေး ရွာအနီး၊ ကန်ချောင်တစ်ဖက်ရပ်ဆည်တာတမံအား တည်ဆောက် ပေးနိုင်ရေးအတွက် စူးစမ်းလေ့လာမှု များပြုလုပ်ရန် စီစဉ်လျက်ရှိပါတယ်။ စူးစမ်းလေ့လာမများအရ ဖြစ်နိုင်စွမ်းရှိပါက ဒီဇိုင်းပုံစံနှင့် ကုန် ကျစရိတ်များ ‌ရေးဆွဲတွက်ချက်၍ နှစ်အလိုက်ရန်ပုံငွေလျာထားပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။