ပြည်ထောင်စုလွှတ်တော်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ တွင် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ထုတ်ပြန်အာဏာတည်စေခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေမှာ ခေတ်နှင့်အညီ ပြည်သူတို့မှ ဆန္ဒအရှိဆုံးဖြစ်၍ ပြည်သူများအတွက် ခွင့်ပြုနိုင်စေရန် ဥပဒေပြုအာဏာအဖွဲ့ကြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီးမှ ဥပဒေအမှတ် ၁ ဖြင့် ပထမဆုံးပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းမွန်သန့်ရှင်းသောအစိုးရ Good Governance and Clean Government ဖြစ်စေရန် တစ်စိတ်တပိုင်း အကောင်အထည်ဖော်မှုဖြစ်စေရေးနှင့် ထိုဥပဒေ၏နိဒါန်းပါ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၉ နှင့်အညီ ခန့်အပ်တာဝန်ပေးပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ သို့သော် အဆိုပါဥပဒေ ပြဋ္ဌာန်းချိန်မှစ၍ အာဏာတည်ပြီးဖြစ်သော်လည်း ဥပဒေစည်းနှောင်မှုရှိစေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်နေလျက်ရှိသည်ဟု ပြည်သူများမှ ယူဆနေလျက်ရှိကြပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ကြီး၏ တာဝန် ဖြစ်သည့်ပြဋ္ဌာန်းပေးပြီးသော ဥပဒေများကို အကောင်အထည်ဖော်ထိန်းကျောင်းရန်နှင့် နေရာမရွေး၊ လူမျိုးမရွေးအာဏာသက်ရောက်စေရန် ဆောင်ရွက်ပေးမှသာ တရားဥပဒေစိုးမိုးရေး၏ အနှစ် သာရကိုဖော်ဆောင်ရာရောက်မည် ဖြစ်ပါတယ်။ ယခုအခါ ပေါက်မြို့နယ်အပါအဝင် မြန်မာ တစ်နိုင်ငံလုံးရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှာ ယခင်အချိန်က အကြောင်း အမျိုးမျိုး၊ နည်းအစုံစုံဖြင့် ခန့်အပ်တာဝန်ပေးခဲ့သော အုပ်ချုပ်ရေးမှူးများသာဖြစ်ကြပြီး ယနေ့အချိန် အထိ သီးခြားအပြောင်းအလဲခန့်အပ်တာဝန်ပေးခြင်း မရှိဘဲ။ ပြည်သူများ တိုင်ကြားလာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထဲမှ အချို့ကိုသာ လုပ်နည်းလုပ်ဟန်အမျိုးမျိုးဖြင့် စစ်ဆေး၍ ပြေလည်မှုမရှိသော အုပ်ချုပ်ရေးမှူးအနည်းငယ်ကိုသာ ပြောင်းလဲခန့်အပ်တာဝန်ပေးလျက်ရှိနေသည် ကိုလေ့လာတွေ့ရှိရပါတယ်။
ပြည်သူများမှာ အထက်အဆင့်ဆင့်ရှိ အုပ်ချုပ်ရေးကဏ္ဍများ၏ ပြောင်းလဲတိုးတက်မှုများကို အားရကျေနပ်ဝမ်းမြောက်မိကြသော်လည်း ပြည်သူများ၏အလိုအပ်ဆုံးနှင့် အလိုချင်ဆုံးမှာ မိမိတို့နှင့် လက်ပွန်းတတီး အမြဲဆက်ဆံနေကြရသော အခြေခံအုပ်ချုပ်ရေးကဏ္ဍရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်နှင့်အညီ ပြောင်းလဲခန့်အပ်တာဝန်ပေးစေလိုခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ ပြောင်းလဲပေးခြင်းမရှိသေးသည့်အပေါ် ပြည်သူများမှ အားမလိုအားမရဖြစ်နေကြရပြီး အမြန်ဆုံး ပြောင်းလဲခန့်အပ်တာဝန်ပေးစေလိုသည့် စိတ်ဆန္ဒများ ပြင်းပြနေလျက်ရှိကြပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့် ပြဋ္ဌာန်းပေးပြီးဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ဥပဒေစည်းနှောင်မှုရှိစေရေးအတွက် မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကိုသိလို၍ ဖြေကြားပေးပါရန် ပြည်သူများ၏ကိုယ်စား လေးစားစွာ မေးမြန်းပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏အုပ်ချုပ်ရေးကို ရပ်ရွာ ကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန် ပေးဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားတဲ့အလျောက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများကိုခန့်အပ်တာဝန်ပေးအပ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်အလို့ငှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁ ကို နိုင်ငံတော်သမ္မတက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ ကို နိုင်ငံတော်သမ္မတက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ တွေကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၁၂) က သဘောတူခဲ့တဲ့အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဆိုင်ရာနည်းဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အထက်ကတင်ပြခဲ့တဲ့ ထုတ်ပြန်ပြီး နည်းဥပဒေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၇ ပုဒ်မခွဲ(က) နှင့် ပုဒ်မ ၁၅၇ ပုဒ်မခွဲ(က) တို့အရ အနီးကပ်ဆုံး ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကာလမှာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌကခွင့်ပြုတဲ့ အစီအစဉ်နှင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရန် အတွက်လည်း ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ လွှတ်တော်ရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၁၂) ပါ ချီးမြှင့်ထောက်ပံ့ငွေ နှင့် အခန်း(၁၃)ပါ ရုံးသုံးစရိတ်ဆိုင်ရာပြဋ္ဌာန်းချက်များကို လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို တင်ပြခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြပြီး ဘတ်ဂျက်မှာ ထည့်သွင်းတောင်းခံသွားဖို့ လမ်းညွှန်တဲ့အတွက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၁၂) မှာ တင်ပြထားပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန် ခဲ့ပြီးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်တာဝန်ပေးအပ်ရာမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ချီးမြှင့် ထောက်ပံ့ငွေ နှင့်ရုံးသုံးစရိတ်ကိစ္စရပ်များဆိုင်ရာ ဘဏ္ဍာရေးအတည်ပြုချက်များရရှိတာနဲ့ တစ်ဆက်တည်းမှာပဲ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်တာဝန်ပေးအပ်၍ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
