ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန် ၃ ဦး၊ မြို့နယ် နယ်လှည့်ဆေးအဖွဲ့တွင် ဆရာဝန် ၁ ဦးနှင့် ဆန်တန်းတိုက်နယ်ဆေးရုံမှာ ဆရာဝန် ၁ ဦး၊ စုစုပေါင်းဖွဲ့စည်းပုံအရ ဆရာဝန် ၆ ဦး ထားရှိရန်ဖြစ်သော်လည်း လောလောဆယ် မချမ်းဘောမြို့ ပြည်သူ့ဆေးရုံတွင် ဆရာဝန် ၁ ဦးသာ တာဝန် ထမ်းဆောင်နေရသဖြင့် ပြည်သူလူထုရဲ့ ကျန်းမာရေးလုပ်ငန်းများကို အပြည့်အဝမဆောင်ရွက်နိုင်ဘဲ လူနာများဆေးဝါးကုသရာတွင် များစွာအခက်အခဲရှိနေပါကြောင်း၊ ယခုအခါ မချမ်းဘောမြို့တွင် တာဝန်ထမ်းဆောင်နေသော တစ်ဦးတည်း ဆရာဝန်ကိုလည်း ယခုလမှစ၍ မြစ်ကြီးနားမြို့ ကချင်ပြည်နယ် WHO အဖွဲ့အစည်း၌ တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ပေးခဲ့သဖြင့် ယခုအခါ မချမ်းဘောမြို့နယ်၌ ဆရာဝန် တစ်ဦးတစ်ယောက်မျှ မရှိပါကြောင်း၊ ထို့ကြောင့် မချမ်းဘောမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၌ လစ်လပ်နေသော မြို့နယ် ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ ခန့်ထားရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့် အချိန် ခန့်အပ်စေလွှတ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အနေနဲ့ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ် ဆေးရုံမှာလစ်လပ်လျက်ရှိတဲ့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတစ်ဦးနဲ့ ထရမ်ဒမ်းတိုက်နယ်ဆေးရုံမှာ လစ်လပ်လျက်ရှိတဲ့ လက်ထောက်ဆရာဝန်တစ်ဦး ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်းမှာ ခန့်ထားရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားတင်ပြအပ်ပါတယ်။
