ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ်လမ်းဟာ လင်းခေးခရိုင်၊ လွယ်လင်ခရိုင်၊ တောင်ကြီးခရိုင်တို့မှ နေပြည်တော်သို့ ဆက်သွယ်ရာမှာ အတိုဆုံးလမ်း ဖြစ်ပါတယ်။ ၎င်းလမ်းမအား ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော လမ်းမကြီးတစ်သွယ်လည်း ဖြစ်တဲ့အပြင် နိုင်ငံတော်မှ ရည်မှန်းဖောက်လုပ် လျက်ရှိတဲ့ ခရိုင်ချင်းဆက်လမ်းဖြစ်ပါတယ်။ ကျွန်းတောင်မှ ကျောက်တစ်လုံးအထိ ကတ္တရာလမ်း ဖြစ်သော်လည်း လမ်းကျဉ်းခြင်း၊ တံတားများမခိုင်ခံ့ခြင်းတို့ကြောင့် ကားကြီးများ၊ ကုန်တင်ယာဉ်များ မသွားလာနိုင်ပါ။ ၎င်းလမ်းဟာ အချို့နေရာမှာ နတလနှင့်ပြည်သူပူးပေါင်း၍ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပြီး အချို့နေရာမှာ ပြည်သူများ ကိုယ့်အားကိုယ်ကိုးထိန်းသိမ်းပြုပြင်လျက်ရှိရာ ယခုအခါ လမ်းအူကြောင်းသဖွယ် ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ် အထိ ၈၈ မိုင် ရှိပါတယ်။ အဆိုပါလမ်းကို အဆင့်မြှင့်တင် ကတ္တရာလမ်းခင်းပေးခြင်း ဆောင်ရွက်နိုင်ပါက အောက်ပါ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။ (က) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုရရှိစေနိုင်ခြင်း၊ (ခ) ဘိန်းစိုက်ပျိုးမှုပပျောက်စေနိုြင်ခင်း၊ (ဂ) မြေပေါ၊ ရေပေါသဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပိုမို လုပ်ကိုင် စေနိုင်ခြင်း၊ (ဃ) မြေပေါ်မြေအောက်သယံဇာတပေါများကြွယ်ဝသော ဒေသဖြစ်၍ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေနိုင်ခြင်း (င) လူဦးရေပျံ့နှံ့မှုညီမျှပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင် ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းကို ပြည်သူ့ဆောက်လုပ်ရေးလမ်းမအဖြစ်လည်းကောင်း၊ ပြည်ထောင်စုလမ်းမအဖြစ်လည်းကောင်း ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်ကို ဆက်သွယ် ထားတဲ့လမ်းပေါ်မှာရှိတဲ့ ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ် လမ်းဟာ အရှည် ၈၈ မိုင် ၁ ဖာလုံရှိပါတယ်။ ဒီလမ်းအပိုင်းရဲ့ လွိုင်ဆောင်-ဆိုက်ခေါင်အပိုင်း ၉ မိုင် ၁ ဖာလုံ ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ လမ်းအပိုင်းဖြစ်ပါတယ်။ ဒီလမ်းအပိုင်းကိုလည်းပဲ ဆောက်လုပ် ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ်သိမ်းသွင်းဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထားပြီးဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာတော့ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ပဲ ဒီလမ်းတံတား များကို ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဒီလမ်းဟာ ရှမ်းပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲတဲ့လမ်းဖြစ်တာကြောင့် ရှမ်းပြည်နယ်ရဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ရှမ်းပြည်နယ်၊ ဟိုပုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေရဲ့ တင်ပြချက်အရ ဒီလမ်းကြီးကို ပြည်ထောင်စု အစိုးရမှ စီမံခန့်ခွဲတဲ့လမ်းအဖြစ်လည်းကောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်လမ်းစာရင်းတွင် ပါဝင်ထည့်သွင်းပြီးတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေများတောင်းခံပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
