ယခုအခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးရဲ့လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေများမှာ ကိုယ်စားလှယ်များ လစ်လပ် လျက်ရှိကြပါတယ်။ နိုင်ငံများရဲ့ရွေးကောက်ပွဲအစဉ်အလာအရ လစ်လပ်လျက်ရှိတဲ့နေရာများကို ကြားဖြတ်ရွေးကောက်ပွဲများကျင်းပလေ့ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေရဲ့ ပုဒ်မ ၈ မှာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း နှင့် ကြီးကြပ်စေခြင်းတို့ကို ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအဖြစ်ပြဋ္ဌာန်းထားပါတယ်။ ကော်မရှင်ရဲ့အဓိကတာဝန်မှာ ရွေးကောက်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် လစ်လပ်လျက်ရှိတဲ့မဲဆန္ဒနယ်မြေများကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အဓိကတာဝန်ရှိတာကိုတွေ့ရှိရပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆၂ မှာ ပြည်သူကရွေးချယ်ပေးသော လွှတ်တော်ကိုယ်စားလှယ် များသည် မိမိအားရွေးချယ်ပေးသည့်မဲဆန္ဒနယ်ကိုကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော အများကလေးစားထိုက်သည့်ပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သက်ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဆန္ဒသဘောထားဖော်ဆောင်ရာတွင် လည်းကောင်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ၊ အလေးထားတိုင်ပင်အပ်သောပုဂ္ဂိုလ်များ ဖြစ်သည်ဟုမှတ်ယူရမည်လို့ပြဋ္ဌာန်းထားတာကိုလည်းတွေ့ရှိ ရပါတယ်။ ဒါကြောင့် လစ်လပ်လျက်ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များရဲ့ မဲဆန္ဒနယ်မြေများမှာဆိုရင် ပြည်သူ့ကိုယ်စားလှယ်လည်းမရှိ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည့်သူလည်းမရှိ၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးတို့နှင့်စပ်လျဉ်းပြီး ပြည်သူတို့ရဲ့ဆန္ဒကို ဖော်ဆောင်ပေးမည့်သူလည်းမရှိ၊ အာဏာပိုင်တို့က အလေးထားတိုင်ပင်အပ်တဲ့ပုဂ္ဂိုလ်လည်းမရှိ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ(က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေနဲ့ဖြစ်စေမဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်လို့ နိုင်ငံသားများရဲ့မူလ အခွင့်အရေးများနှင့် တာဝန်များအဖြစ်ပြဋ္ဌာန်းထားတာလည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံသားအခွင့် အရေးများမဆုံးရှုံးရအောင် ရွေးကောက်ပွဲကျင်းပပေးရန်လိုအပ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉ ပုဒ်မခွဲ(က)တွင် လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ ပုဒ်မခွဲ(ခ)တွင် လွှတ်တော် ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များကို ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ် စေရန် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးခဲ့ပြီး ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၂၅ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်မဲဆန္ဒနယ် ၆၆၁ နေရာတို့တွင် ရွေးကောက်ပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောင်မြင်စွာကျင်းပ ပေးခဲ့ပြီးဖြစ်ပါတယ်။ ထိုသို့ ရွေးကောက်ပွဲများကျင်းပပေးခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၀ နယ်၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၆ နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ နယ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃ နယ်တို့တွင် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိတဲ့အတွက် ထိုမဲဆန္ဒနယ် ၃ နယ်ကို ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ကျန်မဲဆန္ဒနယ် ၄၅ နယ်တို့တွင် ရွေးကောက်ပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောင်မြင်စွာကျင်းပပေးခဲ့ပါတယ်။ ယခုအခါ သက်ဆိုင်ရာ လွှတ်တော်များက အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသော လွှတ်တော်မဲဆန္ဒနယ်များ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားပေးပို့လာပါတယ်။ ယင်းတို့မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၆ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၄ နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၅ နယ်တို့ဖြစ်ပါတယ်။ အဆိုပါလစ်လပ်လျက်ရှိသော လွှတ်တော် မဲဆန္ဒနယ်တို့ရဲ့လစ်လပ်မှု အခြေအနေတွေကို သက်ဆိုင်ရာလွှတ်တော်အလိုက်ရှိသော လွှတ်တော် ကိုယ်စားလှယ်ဦးရေဖြင့် အချိုးကျနှိုင်းယှဉ်ပါက ပြည်သူ့လွှတ်တော်တွင် ၁.၈၆ ရာခိုင်နှုန်း၊ အမျိုးသား လွှတ်တော်တွင် ၂.၃၈ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ဝ.၇၅ ရာခိုင်နှုန်း လစ်လပ်လျက်ရှိပါတယ်။ လစ်လပ်လျက်ရှိသော တိုင်းဒေသကြီးမှာ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)ဖြစ်ပြီး ပြည်နယ်လွှတ်တော်များမှာ ဝိုင်းမော်မြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ ဂွမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ မိုင်းယောင်း မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နှင့် တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၁ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉ တွင် လွှတ်တော် တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာလစ်လပ်ခဲ့လျှင် ဥပဒေနဲ့ အညီ အစားထိုးရွေးကောက်တင်မြှောက်ရမည်ဟုလည်းပြဋ္ဌာန်းပါတယ်။ ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂ (ဇ)တွင် ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားခြင်းကြောင့်ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးနုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေနဲ့အညီ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှရုပ်သိမ်းခံရခြင်းကြောင့်ဖြစ်စေ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်ကသတ်မှတ်ကျင်းပပေးသည့် ရွေးကောက်ပွဲကို ဆိုလိုသည်ဟုပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မှုရှိတိုင်း ကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပခြင်းမပြုဘဲ သင့်လျော်သော လစ်လပ်မဲဆန္ဒနယ် အရေအတွက်အတွင်း အခါအားလျော်စွာ ကြားဖြတ်ရွေးကောက်ပွဲများကို သတ်မှတ်ကျင်းပပေးရန် စီစဉ်ထားရှိပါတယ်။ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတစွာဖြင့် ကျင်းပပြု လုပ်ပေးနိုင်ရန်အတွက် အဓိကကျသောကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်တဲ့ မဲစာရင်းများပြုစုခြင်း၊ မဲဆန္ဒရှင်များအား အသိပညာပေးရန်ပြုစုခြင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် သင်တန်းများပေးရန် ကြိုတင်ပြင်ဆင်ခြင်းစသည်တို့ကို နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအချို့မှ ဌာနဆိုင်ရာများဖြင့်ညှိနှိုင်း၍ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အနည်းငယ်သာလစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများအတွက် လွတ်လပ်၍တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြား အပ်ပါတယ်။
