(ခ)-ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ဗဟိုဆေး သိုလှောင်ရုံဌာန ခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၆.၆.၂၀၁၃)

မိဘပြည်သူများအတွက် လိုအပ်သော ကျန်းမာရေးဆိုင်ရာဆေးဝါးများနှင့် အထောက်အကူပြုပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ရှိ ဗဟိုဆေးသိုလှောင်ရုံဌာနတွင် ထုတ်ယူနေရပါကြောင်း၊ ရန်ကုန်မြို့မှထုတ်ပေးနေသည့်အတွက် အထက်ပိုင်းဒေသများဖြစ်ကြသော ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးများအနေဖြင့် အလှမ်းဝေးလွန်းခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ အချိန်နှင့် တစ်ပြေးညီ ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ဒေသသို့မရောက်ရှိနိုင်ခြင်း စသည့်အချက်များကို တွေ့ကြုံနေကြရ ပါကြောင်း၊ သို့အတွက်ကြောင့် လွယ်ကူနီးကပ်စွာ ထုတ်ယူနိုင် ရန်အလို့ငှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  ညှိနှိုင်းပြီး မုံရွာမြို့တွင် ဗဟိုဆေးသိုလှောင်ရုံဌာနခွဲများ ဖွင့်လှစ်ပြီး ထုတ်ပေးနိုင်မည်ဆိုပါက အဆင်ပြေ သွားချောမွေ့သွားမည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ သို့ပါ၍ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများထုတ်ယူရာတွင် လွယ်ကူချောမွေ့စေရေး၊ ဒေသသို့ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိစေရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အတွက် ဗဟိုဆေး သိုလှောင်ရုံဌာနခွဲကို မုံရွာမြို့တွင် ဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ထုတ်ယူရာမှာ လွယ်ကူချောမွေ့စေရေးနှင့် အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ ဆောင်ရေးအတွက်ရည်မှန်းပြီးတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမှာလက်ရှိတော့ ကျွန်တော်တို့ ယာယီဆေးသိုလှောင်ရုံ ဖွင့်လှစ် ထားပြီးဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် ကိုယ်စားလှယ်တော်ကြီးတင်ပြသွားတဲ့ မုံရွာမြို့နယ်မှာ ဗဟိုဆေးသိုလှောင်ရေးဌာနခွဲအနေနဲ့ ဖွင့်လှစ်ဖို့ကိုတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာလျာထား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။