မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုချထားပေးမည့်အစား တိုက်နယ်ဆေးရုံ တစ်တရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း အား ကျောက်တံခါးမဲဆန္ဒနယ်မှ ဒေါက်တာ ခင်မောင်ဆွေ မေးမြန်းရာတွင် ကျောက်တံခါးမြို့နယ် ဖဒိုဒေသ မြို့ချောင်းကျေးရွာတွင် ကျန်းမာရေးဌာန R.H.C တစ်ခု Section ကျရောက်ထားပြီး အဆောက်အဦ မရှိသေးရာ မြို့ချောင်းကျေးရွာ အနီးရှိ ကျန်းမာရေးဌာနကို အားထားပြုကြသည့်လူဦးရေစုစုပေါင်းမှာ ၅၂၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ယင်းအနီးနားတဝိုက်ရှိကျေးရွာများနှင့် စီမံကိန်းလုပ်သားများ မှာလည်း ထို ကျန်းမာရေးဌာနကိုသာ အားကိုးနေရပါကြောင်း၊ ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင်လည်း မကြာခဏဆိုသလို အန္တရာယ် ကျရောက်မှုများဖြစ်ပေါ်နေရာ အမြန်လမ်းနှင့် အနီးဆုံးဖြစ်သော ဖဒိုတိုက်နယ် ဆေးရုံသည်လည်း ၇ မိုင် ၈ မိုင်ခန့် ကွာဝေး သောကြောင့် အချို့သောလူနာများမှာ မသေဆုံးသင့်ပဲ သေဆုံးကြရသည့် အတွက် ကျောက်တံခါးမြို့နယ် ဖဒိုဒေသ အမြန်လမ်းမကြီးဘေးရှိ မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနတစ်ခု ချထားပေးမည့်အစား တိုက်နယ်ဆေးရုံ တစ်ခု အမြန်ဆုံးတည်ဆောက်ပေးရန် လိုအပ်ပါနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်နယ်ဆေးရုံအမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်မှာ ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံများဖြစ်တဲ့ ဖဒို၊ ပဲနွယ်ကုန်း၊ တောကျွဲအင်းနှင့် ကညင်ကျိုး၊ စုစုပေါင်းမြို့နယ်ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံ ၄ ရုံ၊ စုစုပေါင်း ၅ ရုံဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာဟာ ကျောက်တံခါး ဆေးရုံနဲ့ ၁၅ မိုင်၊ တောကျွဲအင်းတိုက်နယ်ဆေးရုံနဲ့ ၂၇ မိုင်၊ ကညင်ကျိုးတိုက်နယ်ဆေးရုံနဲ့ ၁၈ မိုင်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံနဲ့ ၂၂ မိုင်၊ ဖဒိုတိုက်နယ်ဆေးရုံနဲ့ ၈ မိုင်ကွာဝေးတဲ့အတွက် မြို့ချောင်း ကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၃-၂၀၁၄ မှာ ဖွင့်လှစ်ခွင့်ပြုပြီးဖြစ်တဲ့အပြင် ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေလည်းချထားပေးပြီး ကျေးလက်ကျန်းမာရေးဌာနတစ်ခု ပြင်ဆင်သွားမှာဖြစ်ပါ တယ်။ သက်ဆိုင်ရာမြို့ချောင်းကျေးလက်ကျန်းမာရေးဌာနနယ်မြေကို ခုနမေးမြန်းတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးနှင့်အတူ ကျွန်တော်သွားရောက်ကြည့်ရှုပြီးဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ပေးရန်လိုအပ်တဲ့နေရာဒေသလည်းဖြစ်တဲ့အတွက် တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံရရှိရေးနှင့် တိုက်နယ်ဆေးရုံအဆောက်အဦ တည်ဆောက်နိုင်ရေးကိုတစ်ပြိုင်နက်တည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်မှာ အဆိုပြုလျာထားပြီးတော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
