မြန်မာနိုင်ငံမှာ ယာယီသက်သေခံ လက်မှတ်အဖြူရောင်ကတ် ကိုင်ဆောင် ထားတဲ့ ပြည်သူတွေများစွာရှိနေပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ၎င်းအဖြူရောင်ကတ်ကို ကိုင်ဆောင်ထားကြပါတယ်။ ၎င်းတို့အနေနဲ့ အဲဒီအဖြူရောင်ကတ် ကိုင်ဆောင်ပြီး ခရီးသွား၍မရခြင်း၊ ပညာရေး အခက်အခဲများ ရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ နည်းပါးခြင်းကို တွေ့ကြုံနေရပါတယ်။ ဒါ့ကြောင့် ဒီအဖြူရောင်ကတ်ကိုင်ဆောင်ထားတဲ့ ပြည်သူတွေကို မည်သည့်အချိန်မျိုးမှာမှ နိုင်ငံသားကတ်ထုတ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူဟု၍ မြန်မာနိုင်ငံသား ၃ မျိုးသတ်မှတ်ထားကြောင်း။ အဆိုပါ နိုင်ငံသား ၃ မျိုးကို မည်သို့စီစဉ်ခွင့်ပြု သတ်မှတ်ကြောင်းမေးခွန်းနှင့် ပတ်သက်၍ ဆက်လက် ဖြေကြားလိုပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ ၅ နှင့်ညီညွတ်သည့် တိုင်းရင်းသားနှင့် တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသားများ ပုဒ်မ ၆ အရ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအာဏာတည်သည့် ၁၅-၁၀-၁၉၈၂ ရက်နေ့ မတိုင်မီ နိုင်ငံသားဖြစ်ပြီးသူများ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအာဏာတည်ပြီးမှ မွေးဖွားသည့် ပုဒ်မ ၇ နှင့်ကိုက်ညီသူ (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ နှစ်ပါးမှမွေးဖွားသူများ (ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါး မှမွေးဖွားလာသူများ (င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရပါတယ်။ ဧည့်နိုင်ငံသားလက်မှတ်ကိုမူ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ မပြဋ္ဌာန်းမီ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားခဲ့သူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေ ပုဒ်မ ၂၃ အရလည်းကောင်း၊ ၁၉၈၃ ခုနှစ် ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသူများ အားလည်းကောင်း ဧည့်နိုင်ငံသားအဖြစ်သတ်မှတ်၍ ဧည့်နိုင်ငံသား ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ဧည့်နိုင်ငံသားပြုခွင့်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၄၂ အရ ၄-၁-၁၉၄၈ မတိုင်မီ နိုင်ငံတော်အတွင်းရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီး များသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသောအထောက်အထားဖြင့် ဗဟိုအဖွဲ့သို့လျှောက်ထားသူများ၊ ၁၅-၁၀-၁၉၈၂ ရက်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် ပုဒ်မ ၄၃ နှင့် ညီညွတ်သူများ၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သည့် ၁၅-၁၀-၁၉၈၂ ရက်နေ့မတိုင်မီ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင် သည့် ပုဒ်မ ၄၅ နှင့် ညီညွတ်သူများ၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းပေါ်ပေါက်သဖြင့် ပုဒ်မ ၆၅ အရ ဗဟိုအဖွဲ့သို့လျှောက်ထားသူများ အား နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူများအား နိုင်ငံသားပြုခွင့် လက်မှတ်များ ထုတ်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အဖြူရောင်ကတ်ကိုကိုင်ထားသော တိုင်းရင်းသားများ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကနေ့အချိန်အထိ ကြာကြာ ကိုင်ထားပါတယ်ရှင်။ အဲဒါနဲ့ ပတ်သက်ပြီး ၎င်းတိုင်းရင်းသား လုပ်သားပြည်သူများဟာ ခရီးသွား၍မရခြင်း၊ ပညာရေးအခက်အခဲရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်းနှင့် ပတ်သက်ပြီး ၎င်းအဖြူရောင်ကတ်ကိုင်ဆောင်ထားတဲ့ ပြည်သူတွေကို မည်သည့်အချိန်မျိုးမှာမှ နိုင်ငံသားကတ် ပေးမည်ဆိုသည့် အဖြေကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
မိမိတို့သည် ဥပဒေအကြောင်းအရ စီမံဆောင်ရွက်ပြီးတော့ ခွင့်ပြုပေးတယ်ဆိုတာကို ဖြေကြားပြီးဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ ဒီဘက်အစိုးရလက်ထက်မှာ ဆောင်ရွက်ပြီးခဲ့တဲ့ နိုင်ငံသားပြုခွင့်လက်မှတ် ထုတ်ပေးမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ အနည်းငယ်တင်ပြပါ့မယ်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားပြုခွင့် လျှောက်ထားသူ ၂၅၅၄ ဦးအတွက် ဗဟိုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ကျင်းပပြီးတော့ ပြည်ထောင်စုဝန်ကြီးများ အစည်းအဝေး ထိုင်ပြီးတော့ ဆုံးဖြတ်ပေးခဲ့တဲ့ အမှုတွေရှိပါတယ်။ ၎င်းက ခုနက ကျွန်တော်တင်ပြသွားခဲ့တဲ့ ဥက္ကဋ္ဌက လူဝင်မှုကြီးကြပ်ရေးနှင့် ွပည့်သူ့အင်အား ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် နောက်တစ်ခုက ဒီပြည်ထဲရေး ဝန်ကြီး တို့ကပါဝင်တဲ့ အဖွဲ့နဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားအက်ဥပဒေပုဒ်မ ၄၂၊ ၄၃၊ ၄၅ အရ နိုင်ငံသားပေးခဲ့တဲ့ဥစ္စာက အားလုံးပေါင်း ၅၀၀ ရှိပါ တယ်။ ပုဒ်မ ၆၅ အရ ကျွန်တော်တို့ အားလုံးပေါင်း နိုင်ငံသားသံသယဖြစ်သူ ၂၀၅၄ ဦးကို ဒီစိစစ်ရေးဘုတ်အဖွဲ့နဲ့ ၂၀၅၄ ဦးပေးခဲ့တာရှိပါတယ်။ ၎င်းကြောင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ခွင့်ပြုပေးခဲ့တဲ့ ဥစ္စာ အားလုံးပေါင်း ၂၅၅၄ ဦးရှိကြောင်း ပထမပိုင်း တင်ပြအပ်ပါတယ်။ ၎င်းကိုလည်း ဒုတိယအချက် ကတော့ ဒုတိယလုပ်ခဲ့တဲ့ အစည်းအဝေးဟာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ သားဥပဒေနဲ့အညီ နိုင်ငံသားပြုခွင့်လျှောက်ထားသူ ၆၂၇ ဦးအတွက် ဗဟိုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၂) ကျင်းပပြီး ခွင့်ပြုပေးခဲ့တာရှိပါတယ်။ ၎င်းဟာ မြန်မာနိုင်ငံသားအက်ဥပဒေပုဒ်မ ၄၂၊ ၄၃၊ ၄၅ ဒီဟာတွေနဲ့ ၆၂၇ ဦးကို ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ သို့အတွက်ကြောင့် ဒီဗဟိုအဖွဲ့ အနေနဲ့ရှိတဲ့ ခွင့်ပြုသင့် ခွင့်ပြုထိုက်တာတွေကို အဆိုလွှာရှင်တွေရဲ့ လျှောက်လွှာတွေ နောင်ကျွန်တော် တို့ စီစစ်ချက်တွေ၊ အဆင့်ဆင့် စိစစ်ချက်တွေနဲ့ ပြန်လည်စိစစ်ပြီးတော့ စဉ်ဆက်မပြတ် ခွင့်ပြု ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
