(က)-လွှတ်တော်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၂.၈.၂၀၁၂)

 

(က) ပြည်သူလူထုသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ အစည်းအဝေးများကို စိတ်ဝင်စားပြီး သတင်းအချက် အလက်အပြည့်အစုံ ကြားသိလိုကြသည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သိပါသလား။ (ခ) အာဖရိကတိုက်ရှိ နိုင်ငံငယ်တချို့သည်ပင်လျှင် လွှတ်တော်အစည်းအဝေး၏ အခင်းအကျင်းနှင့် ဆွေးနွေးချက်များကို ၎င်းနိုင်ငံရှိ ရုပ်မြင်သံကြားအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြနေသည်ကို သိပါသလား။ (ဂ) မြန်မာနိုင်ငံတွင်လည်း စတုတ္ထပုံမှန်အစည်းအ‌ဝေး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများ၏ အစီအစဉ်များနှင့် ဆွေးနွေးချက် များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိပါသလား။ (ဃ) အစီ အစဉ်ရှိပါက မည်သည့်အချိန်၌ မည်ကဲ့သို့ ထုတ်လွှင့်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ လွှတ်တော်ဝင်း ဇဗ္ဗူသီရိခန်းမဆောင် အစည်းအဝေးခန်းမမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများမှစတင်၍ လွှတ်တော် ပုံမှန်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို MRTV နှင့် Joint Venture ဆောင်ရွက်နေသော SKY Net ရုပ်သံလိုင်းမှ ပြည့်ပြည်‌့စုံစုံ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိပြီး ဖြစ်ပါကြောင်းနှင့် MRTV နှင့် MI Channel တို့မှလည်း Breaking News များအဖြစ် အစည်းအဝေးကျင်းပနေသည့်ကာလ အတွင်း ထုတ်ပြန် ပေးလျက်ရှိပါတယ်။

လွှတ်တော်အသီးသီးရဲ့ အစီအစဉ်များနှင့် ဆွေးနွေးချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က တိုက်ရိုက် Live ထုတ်လွှင့်ပေးဖို့ဆိုရင် သီးခြားလိုင်းတစ်ခုဖြင့် ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ သို့ရာတွင် MRTV က လက်ရှိ Free to Air ထုတ်လွှင့်ပေးနေသည့် စနစ်မှာ လှိုင်းနှုန်း ခွဲဝေမှု (Spectrum Sharing) ဆိုင်ရာ ကန့်သတ်ချက်ရှိသည့် Analogue စနစ်ဖြင့် ထုတ်လွှင့်နေခြင်း ဖြစ်ပါတယ်။  Analogue စနစ်မှာ ရုပ်သံလွှင့်စက်တစ်လုံးမှ ရုပ်သံအစီအစဉ် Channel တစ်ခုတည်း ကိုသာ ထုတ်လွှင့်၍ ရပါသည်။ Analogue ရုပ်သံလွှင့် ကွန်ရက်တစ်ခု ထပ်မံတည်ဆောက်ရန် အတွက် အချိန်၊ ငွေကြေးများစွာ စိုက်ထုတ်ရန် လိုအပ်ပါတယ်။ ဒါကြောင့် ယင်း Analogue စနစ်ဖြင့် ရုပ်သံလိုင်းတစ်လိုင်းအသစ်ထပ်မံ တိုးချဲ့ထုတ်လွှင့်ပေးရန် လက်ရှိအခြေအနေတွင် မဖြစ်နိုင်သေးပါ သဖြင့် လက်ရှိကျင်းပနေတဲ့ လွှတ်တော်အသီးသီးရဲ့ အစီအစဉ်များနှင့် ဆွေးနွေးချက်များကို မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ထုတ်လွှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အာဖရိကတိုက်မှာ ဘော့စရိုးဝါးလိုနိုင်ငံငယ်လေးမှာတောင် လွှတ်တော်ရဲ့ဆွေးနွေးချက်၊ အခင်း အကျင်းတွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့တောင် ဘာသာပြန်ပြီးတော့ ထုတ်လွှင့်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ၂၆ ရာခိုင်နှုန်းသော ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှု အောက်မှာ ရောက်နေပါတယ်။ အဲဒါကြောင့် သူတို့ လွယ်လင့်တကူကြည့်နိုင်တဲ့ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့် ပေးနိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စတုတ္ထပုံမှန် အစည်းအ‌ဝေးမှာ မလုပ်နိုင်ဘူးဆိုရင် ပဉ္စမပုံမှန်အစည်းအ‌ဝေးမှာ လုပ်နိုင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက စွမ်းဆောင်နိုင်ပါသလား။ ဒီမေးခွန်းလေးကိုတော့ ပြည်သူလူထု သိရှိဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ထပ်ဆင့်မေးရခြင်းဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း

ကျွန်တော်တို့ရဲ့ MRTV ရဲ့ မူလဖွဲ့စည်းထားတဲ့ အနေအထားကိုက ဒီ Analogue စနစ်ဆိုတဲ့အတွက် Channel တစ်ခုတည်းပဲ ထုတ်လွှင့်လို့ ရပါတယ်။ လက်ရှိ MRTV-4 တို့၊ SKY Net တို့က ကျွန်တော်တို့နှင့် Joint Venture ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့ Transmitter နဲ့ Degital စနစ်နှင့် ထုတ်လွှင့်နေတာဖြစ်ပါတယ်။ MRTV မှာတော့ Analogue စနစ် Transmitter တစ်လုံးတည်းရှိတဲ့အတွက် တစ်နေ့လုံးတောင် မလွှင့်နိုင်ပါဘူး။ နံနက် ၉ နာရီကနေပြီး တော့ ညနေ ၄ နာရီကြားမှာ မလွှင့်နိုင်ဘဲနှင့် ၄ နာရီမှ ပြန်လည်ထုတ်လွှင့်ရတဲ့ အနေအထားရှိပါ တယ်။ သို့သော်လည်း နောင်အနာဂတ် Plan တွေတော့ ၅ နှစ်စီမံကိန်း ဆွဲထားတာရှိပါတယ်။ ဆွဲထား တာကတော့ ၂၀၁၅ ခုနှစ်မှာတော့ ကျွန်တော်တို့သည် Analogue စနစ်ကို Switch Off လုပ်ဖို့ အတွက် အာဆီယံသဘောတူညီချက်လည်း ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို Analogue စနစ်က နေမှ Degital စနစ် ပြောင်းလဲဖို့အတွက် အဆင့်ဆင့် ‌ွပောင်းလဲဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီလို အစီအစဉ် ရှိလာ တဲ့အခါမှာတော့ Analogue စနစ်ကနေပြီးတော့ Degital စနစ်ကို အဆင့်ဆင့် ပြောင်းလဲလာတဲ့ အခါမှာတော့ Free to Air ပြည်သူတွေ ကြည့်နိုင်ဖို့အတွက် လွှင့်ထုတ်နိုင်မယ့် Channel ဟာ ၁၅ ခု အထိ ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ၁၅ ခုရှိလာတဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ရှင်းလင်းမြေကြားပါသည်။