(ည)-ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ကိုးကန့်ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များခန့်ထားခြင်းဖြင့် ဒေသန္တရလိုအပ်ချက်အရ ဘာသာစကားကျွမ်းကျင်မှ နယ်မြေကို စည်းရုံးဆောင်ရွက်နိုင်ပြီး ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို များစွာအကောင်အထည်ဖော်၊ အထောက်အကူပြုပေးနိုင်မှုတို့တွင် များစွာအရေးပါခြင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးလုံခြုံအေးချမ်းမှုကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကဲမှုကို အထောက်အကူပြုပေးနိုင်ပါရန် ကိုးကန့်ဒေသ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးအား ၎င်းတို့၏ ဒေသနှင်‌့ကိုက်ညီသင့်လျော်သည့် အရည်အချင်းလုပ်သက်များ အရ ထိုက်သင့်သည့်ရာထူးများ ထပ်မံတိုးမြှင်‌့ခန့်အပ်ပေးနိုင်ပါရန် လိုအပ်၍ ကိုးကန့်ဒေသခံရဲ ၂၅၀ ဦးရှိရာ ၅၀ ဦးကို ဒုရဲအုပ် ၁ ဦးခန့်ထားပေးမှသာလျှင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကိစ္စရပ် များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့အောင်မြင်နိုင်မည်ဖြစ်ပါ၍ ခန့်ထားပေးနိုင်မှုရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။

 [ဦးကျော်နီနိုင်(လောက်ကိုင်မဲဆန္ဒနယ်) ကိုယ်စား ဦးခင်မောင်သီ (လွိုင်လင်မဲဆန္ဒနယ်) က မေးမြန်းပါသည်။]


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ခန့်ထားခြင်းအတွက် ဒေသအတွက်များစွာအထောက် အကူပြု ပေးနိုင်ဖို့ ဒေသလုံခြုံမှုကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ဖို့နှင့် ဒေသခံကိုးကန့်ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကွဲမှု အထောက်အကူပြုပေးနိုင်ရန် ဒေသခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးကို သူတို့ရဲ့ အရည်အချင်း လုပ်သက်များအရ ထိုက်သင့်တဲ့ရာထူးများကို ထပ်မံတိုးမြှင့် ခန့်ထားပေးလျက်ရှိပါတယ်။ ကိုးကန့် ဒေသမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ၂၅၀ ဦးအနက် အစိုးရအတန်းကျောင်း ၄ တန်း နှင့်အထက်ရှိသူ ၁၂ ဦးကို ရဲဒုတပ်ကြပ်အဆင့် တိုးမြှင်‌့ခန့်ထားပေးခဲ့ပြီးဖြစ်ပါတယ်။ ကိုးကန့်ဒေသခံ ရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးရှိရာ ၅၀ ဦးကို ဒုရဲအုပ် ၁ ဦးခန့်ထားပေးနိုင်မှုရှိ/မရှိ မေးခွန်းနှင်‌့စပ်လျဉ်းလို့ ဒုရဲအုပ်လောင်းများ ရွေးချယ်ခန့်ထားရေးအတွက် မြန်မာရဲတပ်ဖွဲ့ရဲလက်စွဲ ပထမတွဲ အပိုဒ် ၉၁ အပိုဒ်ခွဲ(ခ) တပ်တွင်း ဝန်ထမ်းများနှင့်အပိုဒ်ခွဲ (ဂ) အခြေခံပညာအထက်တန်း(ခ)နှင့်အထက် အောင်မြင်သူများအတွက် ပြဋ္ဌာန်းထားရာမှာ တပ်ဖွဲ့ဝင်ဘွဲ့ရအမျိုးသား အမျိုးသမီးများအနေနဲ့ သတ်မှတ်သောနေ့မှာ အသက် ၄၀ နှစ်ထက်မကြီးရ။ အမျိုးသားအရပ် ၅ ပေ ၂ လက်မ၊ ရင်အုပ် နဂိုအနေ ၃၂ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၁၀ ရှိရမည်။ အမျိုးသမီး အရပ် ၅ ပေ၊ ကိုယ်အလေးချိန် ၉၅ ပေါင်ရှိရမည်။ ဆေးအဆင့်(က) ရှိရမည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အခြေခံရဲတပ်သားသစ်သင်တန်းတက်ရောက်ပြီးသူ ဖြစ်ရမည်။ မျက်မှန်တပ်ဆင်ထားသူများ လျှောက်ထားရန်မလိုလို့ ဖော်ပြထားပြီးတော့ အခြေခံပညာ အထက်တန်း(ခ)နှင့် အထက်အောင်မြင်သူများ တပ်ဖွဲ့ဝင်အမျိုးသား အမျိုးသမီးများအတွက် သတ်မှတ်သောနေ့မှာ အသက် ၄၀ နှစ်ထက်မကြီးရ။ သတ်မှတ်ထားသောနေ့မှာ လုပ်သက် ၅ နှစ် ပြည့်ရမည်။ အမျိုးသား အရပ် ၅ ပေ ၂ လက်မ၊ ရင်အုပ်နဂိုအနေ ၃၂ လက်မနှင့် ကိုယ်အလေးချိန် ၁၁၀ ပေါင်ရှိရမည်။ အမျိုးသမီး အရပ် ၅ ပေ၊ ကိုယ်အလေးချိန် ၉၅ ပေါင်ရှိရမည်။ ဆေးအဆင့် (က)ရှိရမည်။ အခြေခံရဲတပ်သားသစ် သင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်။  မျက်မှန်တပ်ဆင်ထားသူ များ လျှောက်ထားရန်မလိုလို့သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီလို သတ်မှတ်အရည်အချင်းပြည့်မီပြီးပါကလည်း ဒုရဲအုပ်လောင်းစစ်ဆေးရေးအဖွဲ့သို့ ဝင်ရောက်ဖြေဆိုအောင်မြင်မှသာလျှင် ဒုရဲအုပ်လောင်းသင်တန်း သို့ ၁ နှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဘွဲ့ရများကိုသာ ဒုရဲအုပ်လောင်းသင်တန်းများသို့ ဦးစားပေးရွေးချယ်တက်ရောက်စေလျက်ရှိပါတယ်။ ကိုးကန့်ဒေသခံ ရဲတပ်ဖွဲ့ဝင်များရဲ့ ပညာအရည်အချင်းကိုစိစစ်ရာ အစိုးရအထက်တန်းကျောင်း၊ ဘွဲ့ရသူများမပါရှိခြင်း၊ ၎င်းတပ်ဖွဲ့ဝင်များမှ သတ်မှတ်လုပ်သက် ၅ နှစ်မပြည့်ခြင်းတို့ကို စိစစ်တွေ့ရှိရပါတယ်။ သို့ပါ၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ဒေသခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အရည်အချင်း အလိုက် ရာထူးခန့်ထားရေးကိစ္စနှင့်ပတ်သက်လို့ သတ်မှတ်ပြဋ္ဌာန်းချက်များအရ ဒုရဲအုပ်ခန့်ထားနိုင် ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။