(ခ)-စာသင်ကျောင်းများ အဆင့်တိုးမြှင့် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၃.၇.၂၀၁၂)

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ အောက်ပါစာသင်ကျောင်းများအား အဆင့် တိုးမြှင်‌့ပေးရန် တင်ပြခဲ့ပါတယ်။ အထက်တန်းကျောင်းခွဲ ကတုတ်ဘုရားကြီးအား အထက်တန်း ကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ သရက်တောရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ မင်္ဂလွန်းရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလ တန်းလွန်ကျောင်း အမှတ်(၆) မင်းတဲစုအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်း ခွဲ ပုလိပ်ကွင်းရွာအား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မြို့သစ်(က) အား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မလေးတကောင်းအား မူလတန်းကျောင်းသို့ လည်းကောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းခင်တန်းအား မူလတန်းကျောင်းခွဲသို့ လည်းကောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ရေငန်ချောင်းအား မူလတန်းကျောင်းခွဲသို့ လည်းကောင်း တင်ပြခဲ့ပါတယ်။ ၎င်းအပြင် ၂၀၁၂ ခုနှစ်၊ မေလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များတင်ပြထားသည်‌့ ကျောင်းများကိစ္စအား ပညာရေးဝန်ကြီးဌာနမှ မေးမြန်းသဖြင့် အထက်ပါအတိုင်း ပြန်လည်တင်ပြခဲ့ပါတယ်။ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီး ကလေးများလည်း ကျောင်း အပ်နှံနေရပြီဖြစ်တဲ့အတွက် အထက်ပါ ကျောင်းများကို အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ၊မရှိ သိလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကျေးလက်ဒေသနေပြည်သူတွေဟာ မိမိတို့ရဲ့ သားငယ်၊ သမီးငယ် များကို ပညာတတ်များ ဖြစ်စေချင်တဲ့အတွက် ရွာမှာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းဖြစ် မြောက်ရေးကော်မတီ စသည်ဖြင့်ဖွဲ့စည်းပြီးတော့ ကျောင်းရရှိရေး၊ ကျောင်းအဆင်‌့မြှင့်တင်ရေးတို့ ဆောင်ရွက်ရပါတယ်။ ဒီအဖွဲ့တွေက ဆရာမလုံလောက်ရင် ဆရာများငှားရမ်းခြင်း၊ ကျောင်းသားရှိရန် အဆင့်တိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်‌့ဆင့်လိုက်လံ ဆောင်ရွက်ရခြင်း စသည်တို့ ဆောင်ရွက်တဲ့အခါ ဒီအဖွဲ့တွေရဲ့ ခရီးစရိတ်၊ စားစရိတ်၊ လက်ဆောင်ပေးရတဲ့စရိတ် စတဲ့ကုန်ကျငွေ တွေကို ကျေးရွာလူထုက မရှိရှိတာနဲ့ စုဆောင်းပေးရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များက ရွာသူရွာသားများ ငွေကုန်ကြေးကျ သက်သာစေရန်လည်းကောင်း ကလေးများ နီးနီးနားနား ကျောင်းသွားရခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက်လည်းကောင်း မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့်ပတ်သက်လို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်အားလုံးမှာ တစ်ခုချင်းအနေနဲ့လည်း ဖြေကြားတင်ပြပြီး ဖြစ်ပါတယ်။ ၄ နှစ်စီမံချက်ရေးဆွဲတဲ့ အပိုင်းကိုလည်း တင်ပြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ၄ နှစ် စီမံချက်အကျဉ်းအားဖြင့်တော့ ၄၃၀၀ အထိ ကျောင်းအသစ် ဖွင်‌့လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း ဆောင်ရွက်ပြီးကြောင်း တင်ပြပြီးဖြစ်ပါတယ်။ လောလောဆယ် လက်ရှိမေးတဲ့ မေးခွန်းကို ကျွန်တော်တို့ ဆောင်ရွက်ချက်ကို အကျဉ်းချုံးတင်ပြမှာ ဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ် ကတုတ်ဘုရားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ အထက်တန်းအဆင့်ကျောင်းသား ၅၂၂ ဦးရှိကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် အခြေခံပညာ အထက် တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန် လျာထားပါကြောင်း တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ အထက်တန်းကျောင်း Section၊ အလယ်တန်းကျောင်း Section၊ မူလတန်းကျောင်း Section၊ နဲ့ ပတ်သက်ပြီး ပထမအဆင့်စိစစ်ဖို့ ခွင့်ပြုချက်တင်ပြရပါတယ်။ ပြီးရင်ကျွန်တော်တို့ Cabinet  တင်ပြပြီးမှသာ ကျောင်းပတ်ကားအဆင့်ကို ဖွင့်ခွင့်ရရှိတာွဖစ်ပါတယ်။ လောလောဆယ် လက်ရှိ စာသင်နှစ်မှာ အထက်တန်းကျောင်း ၅၀ ပတ်ကားတင်ပြထားတာရှိပါတယ်။ အလားတူ အလယ်တန်း ကျောင်း ၆၀၊ အမက မူလတန်းကျောင်း ၂၁၀ လောလောဆယ် ဒီကျောင်းအားလုံးနဲ့ပတ်သက်ပြီးတော့ စိစစ်တိုး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ကျွန်တော်တို့ ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများနှင့် စိစစ်လျက်ရှိပါတယ်။ ဒါကို ဒီလကုန်လောက်ရမယ်ဆိုရင် ကျွန်တော်တို့ Cabinet တင်ပြပြီး Cabinet ခွင့်ပြုချက်ရရှိတာနဲ့ တစ်ပြိုင်နက် အနီးဆုံးအချိန်တွေမှာ ဒီကျောင်းများကိုတရားဝင် အထကပတ်ကားဖြစ်မယ်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ သရက်တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ အလယ်အဆင့် ကျောင်းသား ၁၁၂ ဦး၊ မင်္ဂလွန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှာ အလယ်အဆင့် ကျောင်းသား ၂၂၀ ဦး၊ မင်းတဲစုကျေးရွာ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း အလယ်အဆင့် ကျောင်းသား ၁၆၂ ဦး သာရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။ ဒါကြောင့် လောလောဆယ်ဆယ် လက်ရှိပညာသင်နှစ်မှာတော့ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင်‌့ဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း တင်ပြအပ်ပါ တယ်။ မြို့သစ် (က) အခြေခံပညာ မူလတန်းကျောင်းခွဲမှာ မူလတန်းအဆင့်ကျောင်းသား ၁၆၈ ဦးရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ရှေးဦးစွာတင်ပြတဲ့အတိုင်းလာမယ့် Cabinet ပြီးတာနဲ့ မြို့သစ်(က) အခြေခံပညာမူလတန်းကျောင်းခွဲဟာ မူလတန်းကျောင်းခွဲ Section၊ ဒီစာသင်နှစ်မှာပဲ ရမှာဖြစ် ကြောင်းတင်ပြအပ်ပါတယ်။ ပုလိပ်ကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲနဲ့ မူလတန်း ကျောင်းသားအဆင်‌့ဟာ ၆၃ ဦး၊ မလေးတကောင်း အခြေခံပညာမူလတန်းကျောင်းခွဲမှာ မူလတန်း အဆင့်ကျောင်းသား ၄၆ ဦးသာရှိကြောင်း စိစစ်တွေ့ရှိရပါသဖြင့် အခြေခံပညာမူလတန်းကျောင်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် လောလောဆယ်ဆယ် ဒီနှစ်မှာမရှိသေးပါကြောင်း ယခုနှစ်အတွက် မူလတန်းကျောင်းအားလုံးသည် ကျောင်းသား ၁၀၀ အထက်ကိုသာ ပထမအဆင့်နှင့် လျာထားပြီးတော့ တင်ပြထားဆဲဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ အလားတူပဲ ခင်တန်းဘုန်းတော်ကြီးသင် မူလတန်းကျောင်းနှင့် ရေငန်ချောင်းဘုန်းတော်ကြီးသင် မူလတန်းကျောင်းတို့မှာ သတ်မှတ်ကျောင်းသား ဦးရေပြည့်မီပါက အခြေခံပညာမူလတန်းကျောင်းခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေး စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ကျောင်းသား များကျောင်းဖွင့်ချိန်အမီ မတ်လနောက်ဆုံးအပတ် သို့မဟုတ် ဧပြီလပထမအပတ်မှာ တစ်ပြည်လုံး ပြည်ထောင်စုရုံးနှင့် ကျောင်းများအသစ်တိုးမြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းကို ပြီးစီးအောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။