(ဃ)-မောင်းကုန်းကျေးရွာနှင့် မြတောင်ကျေးရွာအုပ်စုတို့အား ၂၄ နာရီ လျှပ်စစ်ဓာတ်အားကို ကိုယ့်အား ကိုယ်ကိုးအစီအစဉ်ဖြင်‌့ စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၈.၈.၂၀၁၂)

 

ထီးချိုင့်မြို့နယ်၊ မောင်းကုန်း ကျေးရွာမှာ သတ္တုတွင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ 50 MCC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်တဲ့ ဖယ်လိုနီကယ်စီမံကိန်းစက်ရုံကြီးကို ၂၀၀၈ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ယနေ့ ကာလမှာတော့ ရာနှုန်းပြည့်ပြီးစီးသွားပြီးဖြစ်ပါတယ်။ စက်ရုံကြီးကိုလည်း ရွှေလီရေအားလျှပ်စစ် အမှတ်(၂)ကနေ လျှပ်စစ်မီးသွယ်တန်းရရှိနေပြီဖြစ်တာမို့ စက်ရုံကြီးလည်ပတ်ရေးဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဆိုပါစက်ရုံကြီး အောင်မြင်စွာတည်ဆောက် နိုင်ခဲ့ခြင်းဟာလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသခံအုပ်ချုပ်ရေးဌာနဆိုင်ရာများနှင့် ဒေသခံ မိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုကြောင်‌့လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အမြင်ကတော့ ဒေသခံမိဘပြည်သူများအနေနဲ့ ဒီစီမံကိန်းစက်ရုံတည်ရှိနေခြင်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေကို မြင်သာမှုရှိစေရန် အလို့ငှာ သက်ဆိုင်ရာကုမ္ပဏီများက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး တတ်နိုင်သမျှကူညီအားပေး စေလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီစက်ရုံကြီးတစ်ခုတည်း လျှပ်စစ်မီးလင်းနေပြီး ဘေးပတ်ဝန်းကျင် မှာမှောင်နေတဲ့ အခြေအနေမျိုးကိုတော့ မရောက်ရှိစေချင်ပါဘူး။ လုံခြုံရေးအရရော၊ စည်းရုံးရေးအရရော ထည့်တွက်စေလိုပါတယ်။ ဧရာဝတီမြစ်အရှေ့ခြမ်းဒေသအနေနဲ့ ဒီစက်ရုံကြီးွဖစ်ပေါ်လာတဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အခြေအနေပေးလာပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ စက်ရုံကြီးမီးလင်း လာတော့လည်း ဒေသခံမိဘပြည်သူများက သူတို့ရဲ့ဒေသကို မီးလင်းစေလိုတဲ့ဆန္ဒရှိကြပါတယ်။ စက်ရုံရှိတာဝန်ရှိတဲ့ပုဂ္ဂိုလ်များကိုမေးမြန်းတော့လည်း စက်ရုံမှာ လျှပ်စစ်ဓာတ်အားလုံလောက်ကြောင်း နဲ့ နီးစပ်ရာကျေးရွာများကိုလည်း ဖြန့်ဝေပေးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အချိန်ကာလတစ်ခုမှာတော့ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်လိုကြောင်းတင်ပြပေးပါရန် မိဘပြည်သူ များကဆက်သွယ်လာကြပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကုမ္ပဏီမှအကုန်အကျခံပြီး ဆောင်ရွက်တဲ့ လျှပ်စစ်ဓာတ်အားဖြစ်တယ်ဆိုရင်လည်း သက်ဆိုင်ရာကိုကျေနပ်အောင် ကျခံ ဆောင်ရွက်ပေးသွားပါမယ်။ လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ပေါင်းစပ် ပေးစေလိုပါကြောင်းတင်ပြလိုပါတယ်။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဆိုရင်လည်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားတင်ပြဆောင်ရွက်လိုပါတယ်။ သို့ပါ၍ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ခြမ်းဒေသရှိ မောင်းကုန်းကျေးရွာအုပ်စု၊ မြတောင်ကျေးရွာအုပ်စုမှ ကျေးရွာများကို ကိုယ့်အားကိုယ်ကိုးအစီအစဉ်နဲ့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးကို သင့်တော်တဲ့အချိန်ကာလ တစ်ခုအတွင်း သုံးစွဲခွင့်ရရှိရေးဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ မောင်းကုန်းကျေးရွာမှာ အိမ်ခြေ ၃၉၉ လုံးနှင့် မြတောင်ကျေးရွာမှာ အိမ်ခြေ ၇၀၀ လုံးရှိကြောင်းသိရှိရပါတယ်။ မောင်းကုန်းကျေးရွာနှင့် ွမတောင် ကျေးရွာများအနီးမှာ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် နိုင်ငံတော်ဓာတ်အားလိုင်းမရောက်ရှိ သေးတဲ့အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးတာတွေ့ရပါတယ်။ အဆိုပါကျေးရွာများ အနီးတွင်ရှိတဲ့ ဖယ်လိုနီကယ်ကုမ္ပဏီဟာဆိုလို့ရှိရင် သတ္ထုတွင်းဝန်ကြီးဌာနနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ယင်းလျှပ်စစ်ဓာတ်အားလိုင်းဟာလည်း ကျွန်တော်တို့ ရွှေလီမှာရှိတဲ့ ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းကနေပြီးတော့မှစက်ရုံထိအောင် တိုက်ရိုက် သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ ယင်း မဟာဓာတ်အားလိုင်း မှတစ်ဆင့် ဖယ်လိုနီကယ်ကုမ္ပဏီစက်ရုံများကို ဓာတ်အားပေးထားကြောင်းလည်းသိရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီကျေးရွာများကို ဓာတ်အားရရှိရေးအတွက်ဆောင်ရွက်ရာမှာ အဓိကကျတာကတော့ သတ္ထုတွင်းဝန်ကြီးဌာနပဲဖြစ်ပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာနရဲ့သဘောတူညီချက်ကို သက်ဆိုင်ရာ ဒေသအာဏာပိုင်နဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်ဖို့လိုပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာနက ဓာတ်အားကို သုံးစွဲခွင့်သဘောတူရရှိလို့ရှိရင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားဖြန့်ဖြူး ခွင့်ဆောင်ရွက်ပေးရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာကျေးရွာများနှင့် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများကနေပြီးတော့ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဆောင်ရွက်ပေးဖို့လိုပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာနကနေပြီးတော့ သဘောတူညီလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ဒီဓာတ်အားလိုင်း ကနေယူပြီးတော့မှ ကျေးရွာများကို ဓာတ်အားပေးရေးဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။