လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ ရေအားအရင်းအမြစ်တွေ၊ နောက် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ နောက် ကျွန်တော်တို့ ကျောက်မီးသွေး၊ ပြီးလို့ရှိရင် လေစွမ်းအင်၊ နေစွမ်းအင်ပြီးတော့ ဇီဝစွမ်းအင်ဖြစ်တဲ့ သစ်တောသယံဇာတများပေါကြွယ်ဝပါတယ်။ အဲဒီတော့ ကျွန်တော် သိရှိလေ့လာ ထားသမျှဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေအရင်းအမြစ် ၃၉၇၂၀ မဂ္ဂါဝပ်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခု ရေအားလျှပ်စစ်စက်ရုံ ၁၇ ရုံ တည်ဆောက်ထားပြီး စက်တပ်ဆင်မှုအင်အားဟာ ၂၅၂၆ မဂ္ဂါဝပ်ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံရှိပြီးတော့ စက်တပ်ဆင်အင်အား ၇၁၅ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ကျောက်မီးသွေးစက်ရုံ အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ ၁ ရုံရှိပြီးတော့ စက်တပ်ဆင်အင်အားဟာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ဓာတ်အားဖြန့်ဖြူးတဲ့ကွန်ရက်စနစ်အနေနဲ့ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ အားလုံး လိုင်းကီလိုမီတာအားဖြင့် ၉၂၄၆ လိုင်းကီလိုမီတာ ရှိပါတယ်။ စက်တပ်ဆင်အင်အားအနေနဲ့ ၃၃၆၀ မဂ္ဂါဝပ်ကို ဖြန့်ဖြူးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိဘူး၊ ဖြန့်ဖြူးနိုင်ခြင်းမရှိဘူးဆိုတာကို ကျွန်တော်တို့ လက်ခံထားပါတယ်။ အဲဒီတော့ တာဝန်ရှိတဲ့အစိုးရအနေနဲ့လည်း ကြိုးစားပြီးထုတ်လုပ်ဖို့ လုပ်နေတယ်ဆိုတာကိုသိရပါ တယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ အနာဂတ်မှာ ဘယ်အချိန်မှာ ဘယ်လောက် ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ပြီး ဖြန့်ဖြူးပေးနိုင်မယ်ဆိုတာလေး ကိုလည်းပဲသိချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများနဲ့ပတ်သက်လို့ လည်း အတော်များများရှိနေတာကို ကျွန်တော်တို့သိပါတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ သဘာဝအွခေအနေအရ ရေအားလျှပ်စစ်တွေဟာ မြောက်ပိုင်းဒေသမှာရှိပြီးတော့ လျှပ်စစ်ဓာတ်အား အသုံးများတာက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့တောင်ပိုင်းဒေသဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကွာအဝေးအားဖြင့် များပြားပြီးတော့ လိုင်း Lost တွေဖြစ်တာလည်းရှိသလို တခြားနည်းတွေနဲ့ ပျောက်ဆုံးတာတွေလည်းရှိနေတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ဘယ်လိုပြုပြင်မလဲဆိုတဲ့အပိုင်းလည်း တာဝန်ရှိသူများအနေနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။ ထို့အတူပဲ ဓာတ်အားပြတ်တောက်မှုအနေနဲ့လည်းပဲ မကြာခဏကြုံတွေ့ရပါတယ်။ ဓာတ်အားပြတ်တောက်တဲ့ အခါမှာ ကျွန်တော်တို့ စက်ရုံ၊ အလုပ်ရုံတွေဟာ ရပ်တန့်ရတဲ့အတွက်ကြောင့်မို့လို့ ဆင်းရဲသား အလုပ်သမားများဟာ စားဝတ်နေရေးထိခိုက်တာမျိုးလည်းရှိပါတယ်။ လူနေအိမ်ခြေအနေနဲ့ အထပ် မြင့်တဲ့နေရာတွေမှာနေတဲ့ တိုင်းသူပြည်သားများအတွက်ကလည်း အလင်းရောင်နဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေကိုသုံးတဲ့အပိုင်းက မထောင်းသာပါသော်လည်းပဲ ရေမတင်နိုင်တဲ့အတွက် နွေရာသီလို ဟာမျိုးမှာ အထူးပဲအခက်အခဲရှိတာကို ကျွန်တော်တို့ နှစ်ပေါင်းအတော်များများကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဒီလိုင်းပြတ်တောက်မှုကိုလည်းပဲ ကျွန်တော်တို့က ဘယ်လိုပြုပြင်ပေးမလဲဆိုတာကို သိချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်မေးခွန်းများကိုချုံ့ရရင် နံပါတ် (၁) လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မည်မျှထုတ်လုပ်ပြီး မည်ကဲ့သို့ဖြန့်ဖြူးနေတယ်ဆိုတဲ့ အွခေအနေလေးသိချင်ပါ တယ်။ (၂) အနာဂတ်အတွက် မည်မျှတိုးတက်ထုတ်လုပ်ပြီးတော့ မည်မျှတိုးတက်ဖြန့်ဖြူးပေးမယ့် အစီအမံကိုလည်းပဲ ကျွန်တော်တို့သိချင်ပါတယ်။ (၃) အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်တွင်းပြည်ပ က ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုများ များပြားလာတဲ့အခါမှာ မျှော်မှန်းပြီးတော့မှ ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးမယ်ဆိုတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း အစီအမံလည်းသိချင်ပါ တယ်။ (၄) ကတော့ ကျွန်တော်တင်ပြသွားတဲ့ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုနှင့် ပြတ်တောက်မှုများ အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဘယ်လိုစီမံမလဲဆိုတဲ့အပိုင်းကို ပြည်သူလူထုသိသာအောင် ထင်သာမြင်သာရှိအောင် ဖြေကြားပေးရန်အတွက် မေးမြန်းပါသည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အထူးပင် အရေးကြီး လိုအပ်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၆၀ ခုနှစ်က ဘီလူးချောင်း စီမံကိန်းကနေပြီးတော့ လောပိတစက်ရုံ အမှတ်(၂)ကနေပြီးတော့ ၂၈ မဂ္ဂါဝပ်(၃)လုံးနဲ့ မြန်မာနိုင်ငံ အတွင်းကို လောပိတ-ရန်ကုန်နဲ့ လောပိတ-မန္တလေးဆိုပြီး ဓာတ်အားလိုင်း(၂)လိုင်း စတင်ပြီးတော့ ဓာတ်အားပေးခဲ့တာဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နိုင်ငံတစ်ဝန်းမဟာဓာတ်အားလိုင်းကြီး များနှင့် ပင်မဓာတ်အားခွဲရုံကြီးများတည်ဆောက်ပြီး ပြည်သူ့ထံသို့အရောက် လျှပ်စစ်ဓာတ်အား သယ်ပို့ပေးခြင်း၊ ဖြန့်ဖြူးပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈-၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ခုလုံးမှာ ကီလိုဝပ်နာရီသန်းပေါင်း ၂၂၂၆.၄၅ သုံးစွဲခဲ့တာကနေပြီးတော့ ၂၀၁၁-၂၀၁၂ ခုနှစ်မှာဆိုရင် လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း ၁၀၃၃၈.၀၈ ဖြစ်တဲ့အတွက်ကြောင့် ၄.၆ ဆခန့်တိုးတက်ပြီးတော့ ထုတ်လုပ်ပေးခဲ့ရပါတယ်။ ယခုအခါ ဓာတ်အားစနစ်အတွင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စုစုပေါင်းစက်ရုံ ၂၀ ရုံ၊ စက်တပ်ဆင်အင်အားပမာဏမှာ ၂၇၈၀ မဂ္ဂါဝပ်ရှိပြီး အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စက်ရုံပေါင်း ၁၀ ရုံ၊ စုစုပေါင်းစက်တပ်ဆင် အင်အားဟာ ၇၁၄.၉ မဂ္ဂါဝပ်ရှိပါတယ်။ ဒါကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားပေးစက်ရုံပေါင်း ၃၀ ရုံရှိပြီး စုစုပေါင်းစက်တပ်ဆင်ဓာတ်အား မှာ ၃၄၉၄.၉ မဂ္ဂါဝပ်ရှိနေပြီးဖြစ်ပါတယ်။ နွေရာသီမှာ ဖြစ်ပေါ်တဲ့အခြေအနေလေးကို ဆက်လက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။ ၁၈-၅-၂၀၁၂ ရက်နေ့တွင် တီကျစ်ကျောက်မီးသွေးစက်ရုံမှ ၂၇ မဂ္ဂါဝပ်ထုတ်လုပ်နေပြီးတော့ ရွှေလီရေအားစက်ရုံက ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပြီးတော့ သဘာဝဓာတ်ငွေ့စက်ရုံတွေကနေပြီးတော့ ၃၄၁ မဂ္ဂါဝပ်ထုတ်လုပ်ပေးပါတယ်။ ရေအားစက်ရုံတွေကနေပြီးတော့ အမြင့်ဆုံး ၇၅၃ မဂ္ဂါဝပ်ထုတ်လုပ်ခဲ့သဖြင့် အဲဒီနေ့မှာ နာရီစဉ် အလိုက် စုစုပေါင်းထုတ်လုပ်မှုဟာ ၁၂၉၈ မဂ္ဂါဝပ်ပဲဖြစ်ပါတယ်။
အဲဒီနေ့အတွက် အမှန်တကယ် ပြည်သူတွေရဲ့ဓာတ်အားလိုအပ်ချက် အမြင့်ဆုံးဟာ ၁၈၅၀ မဂ္ဂါဝပ်ရှိခဲ့တဲ့အတွက်ကြောင့် ၆၄၂ မဂ္ဂါဝပ်လောက် ဝန်အားလျှော့ချပြီးတော့ ဓာတ်အားဖြတ်တောက် ပြီးတော့မှပေးခဲ့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများဟာဆိုရင် မိုးရာသီမှာ ရေအပြည့်ရှိနေချိန်မှာ ဓာတ်အားအပြည့်အဝထုတ်လွှတ်ပေးနိုင်သော်လည်း နွေရာသီ ကာလမှာ ရေလျော့နည်းတဲ့အတွက်ကြောင့် ဓာတ်အားထုတ်လုပ်မှုလျော့ကျခဲ့တာကိုတွေ့ရမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံဓာတ်အားစနစ်အတွင်း နေ့စဉ်ဓာတ်အားပေးတောင်းခံမှုနှင့် ဖြည့်ဆည်းပေးနိုင်မှု အပေါ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ဓာတ်အားစနစ်နှင့်ချိတ်ဆက် ထားတဲ့စက်တပ်ဆင်အင်အားဟာ ၂၉၅၄.၉ မဂ္ဂါဝပ်ရှိပြီးတော့ မိုးရာသီကာလအတွင်း အမြင့်ဆုံး အသုံးပြုခဲ့သော ဝန်အားဟာ ၁၅၁၀ မဂ္ဂါဝပ်သာရှိတဲ့အတွက်ကြောင့် အပိုဆောင်းဝန်အား (Reserve Power) ဟာ ၁၄၄၄.၉ မဂ္ဂါဝပ်ရှိသလိုဖြစ်နေပါတယ်။
သို့သော်လည်း ရေအားစက်များဟာ Base Load အဖြစ် မောင်းနှင်နေရတဲ့အတွက်ကြောင့် နွေရာသီတွင် ရေလုံလောက်စွာမရရှိပြီးတော့ အပြည့်အဝမောင်းနှင်နိုင်မှုမရှိတော့ခြင်း၊ Base Load တွင်မောင်းနှင်ရမည့် သဘာဝဓာတ်ငွေ့စက်ရုံများဟာ သဘာဝဓာတ်ငွေ့ရရှိမှုအပေါ်မူတည်ပြီး မောင်းနှင်ရသဖြင့် မိုးတွင်းတွင်ဖြစ်သော ယင်းအပိုဆောင်း(အရံ)ဓာတ်အားဟာ အမှန်တကယ် နွေရာသီမှာသုံးစွဲမရပါသဖြင့် အပိုဖြစ်နေကြောင်းတှေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ ဓာတ်အားစနစ်အတွင်းမှာရှိတဲ့ Generation Mix စနစ်ဟာ Base Load စက်ရုံနည်းနေပြီးတော့ Peak Load စက်ရုံတွေများနေတဲ့အတွက်ကြောင့် ဟန်ချက်မညီသော Generation Mix စနစ်ကို ဖြစ်နေတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ နွေရာသီမှာ Peak Load သုံး ရေအားစက်ရုံတွေက စက်မောင်းနှင်ချိန်များနေတဲ့အတွက်ကြောင့် ရေနည်းသွားပြီးတော့ ဓာတ်အားလျှော့နည်းမှု (Power Shortage)ဖြစ်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ တွင် ဓာတ်အားသုံးစွဲသူဘက်မှ နေ့စဉ်အချိန်နှင့်အမျှ ပြောင်းလဲသုံးစွဲနေတဲ့ဝန်အားပမာဏကို ဓာတ်အားထုတ်လုပ်သူဘက်မှ အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝ၊ အပြတ်အတောက်မရှိဖြည့်ဆည်း ပေးရန်လိုအပ်ပါတယ်။ ယင်းကဲ့သို့ Demand နှင့် Supply မျှနေစေရန် ဟန်ချက်ညီသောထုတ်လုပ်မှု ပုံစံမျိုးပါဝင်သောစနစ် Generation Mix ကို အောက်ပါအတိုင်းအသုံးပြုရန်လိုအပ်ပါတယ်။ Base Load အဖြစ် ၂၄ နာရီ ဓာတ်အားမပြတ်ထုတ်လုပ်ပေးနိုင်သော အဏုမြူလောင်စာသုံးဓာတ်အားပေး စက်များ၊ ကျောက်မီးသွေးလောင်စာသုံးဓာတ်အားပေးစက်များ၊ လောပိတ၊ ရွှေလီကဲ့သို့သော Run off River Type ဓာတ်အားပေးစက်များကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။ အလယ်ပိုင်းဝန်အားဖြစ်တဲ့ Middle Load အဖြစ် လျှပ်စစ်ဓာတ်အား တစ်သမတ်တည်းထုတ်လုပ်ပေးနိုင်တဲ့ သဘာဝဓာတ်ငွေ့ စက်ရုံများကိုသုံးရမှာဖြစ်ပါတယ်။ Peak Load ခေါ်တဲ့ ဓာတ်အားအမြင့်ဆုံးသုံးတဲ့အချိန်မှာ ဓာတ်အား ပေးနိုင်တဲ့ ဓာတ်အားအတိုးအလျှော့ကို အကန့်အသတ်မရှိဆောင်ရွက်ပေးနိုင်တဲ့ သမရိုးကျရေအား စက်နဲ့ Pump Shortage ရေအားစက်များကိုလည်း ပေါင်းစပ်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဟန်ချက်မညီသော Generation Mix ဖြစ်ပေါ်စေရေးအတွက် Base Load အဖြစ် စဉ်ဆက်မပြတ် ဓာတ်အားတည်ငြိမ်စွာထုတ်လုပ်ပေးနိုင်သော သဘာဝဓာတ်အားပေးစက်ရုံများ၊ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများစသည်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ပေးပြီး ရေအားလျှပ်စစ်စက်ရုံများကို Peak Load တွင်သာ ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီးတော့ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းပြည်ပနှင့်ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးမည့် လတ်တလောအစီအစဉ်များ နှင့် အမြန်စီမံဆောင်ရွက်ခဲ့ပါတယ်။ ရေတိုရေရှည်တွင် ပြည်သူတို့လိုအပ်ချက်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်နှင့်လျှပ်စစ်စွမ်းအင်ကဏ္ဍကို ချိတ်ဆက်ပြီး စနစ်တကျစီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်စွမ်းအင်ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ (National Energy Management Committee)ကို ဖွဲ့စည်းပြီးတော့ ရေတိုရေရှည် အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသားစွမ်းအင်မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူတို့လိုအပ်ချက်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ပေးနိုင်ရန် ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ အထိ ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းရေးကို ရေတိုအစီအမံများအဖြစ်လည်းကောင်း ၂၀၁၆-၂၀၁၇ မှ ၂၀၃၀-၂၀၃၁ အထိ ဓာတ်အားလိုအပ်ချက်ဖြည့်တင်းရေးကို ရေရှည်အစီအမံများအဖြစ်လည်းကောင်းဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ရေတိုကာလအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၂၀၁၂ ခုနှစ်တွင် ဓာတ်အားလိုအပ်ချက်အမြင့်ဆုံးပမာဏ ၁၈၅၀ မဂ္ဂါဝပ်အထိရှိခဲ့ပါတယ်။ ဓာတ်အားသုံးစွဲမှုများ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိနေကြောင်းတွေ့ရှိရသဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွက် နှစ်စဉ်အလိုက် နွေရာသီမှာဖြစ်ပေါ်မယ့် ခန့်မှန်းဓာတ်အားလိုအပ်ချက်ဟာ ၂၀၁၃ ခုနှစ်မှာ ၂၁၂၈ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်မှာ ၂၄၄၇ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ်မှာ ၂၈၁၄ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်မှာ ၃၂၃၆ မဂ္ဂါဝပ်အသီးသီးလိုအပ်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။ ရေတိုကာလအတွင်း တည်ဆောက်ပြီးစီး မည့် ရေအားလျှပ်စစ်စက်ရုံများဟာ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၁၉၉ မဂ္ဂါဝပ်၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂၅၂ မဂ္ဂါဝပ်၊ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ၁၆၉ မဂ္ဂါဝပ်ဖြစ်တဲ့အတွက်ကြောင့် စုစုပေါင်း ၆၂၀ မဂ္ဂါဝပ်ရှိလာမှာ ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိဆောင်ရွက်ရမည့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်လုပ်မည့် Gas Turbine စီမံကိန်းများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ ရန်ကုန် လှော်ကားမှာ ၅၄၃ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်းကောင်း၊ သာကေတတွင် ၅၀၀ မဂ္ဂါဝပ် ပမာဏရှိသော စက်ရုံတစ်ရုံကိုလည်းကောင်း၊ အလုံတွင် ၁၂၀ မဂ္ဂါဝပ်နှင့် ရွာမတွင် ၁၀၀ မဂ္ဂါဝပ်ရှိတဲ့ စက်ရုံတစ်ရုံစီတို့ကိုလည်းကောင်း အမြန်တည်ဆောက်ရန်ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ ထို့ကြောင့် ဒီ သဘာဝဓာတ်အားပေးစက်ရုံအသစ်များက ၂၀၁၃ ခုနှစ်မှာ ၉၀ မဂ္ဂါဝပ်ရရှိလာမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၄၁၉ မဂ္ဂါဝပ်ရရှိလာမှာဖြစ်တော့ ၂၀၁၅ ခုနှစ်မှာ ၄၁၂ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ်မှာ ၃၄၂ မဂ္ဂါဝပ်အသီးသီးထုတ်လုပ်ပေးမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်အပြီးမှာ စုစုပေါင်းဓာတ်အားပမာဏ ၁၂၆၃ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နွေရာသီအတွက် အနည်းဆုံးဓာတ်အား လျော့နည်းမှုကိုကာမိစေရန်အတွက် သဘာဝဓာတ်ငွေ့စက်ရုံများမှ ၂၀၀ မဂ္ဂါဝပ်၊ ရွှေလီရေအား လျှပ်စစ်စက်ရုံမှ ၁၀၀ မဂ္ဂါဝပ် ထပ်မံရရှိရေးစီမံဆောင်ရွက်လျက်ရှိပါတယ်။ ရေတိုကာလဖြစ်တဲ့ ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ ကာလအတွင်း တိုးတက်ထုတ်လုပ်လာမှာဖြစ်တဲ့ လျှပ်စစ်ဓာတ်အား များကို တစ်နိုင်ငံလုံးတိုးချဲ့ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားလိုင်းပေါင်း ၆၄ လိုင်း၊ စုစုပေါင်း လိုင်းမိုင်အရှည် ၁၀၁၂၃ မိုင်ကိုလည်းကောင်း၊ ဓာတ်အားခွဲရုံများအနေဖြင့် စုစုပေါင်းဓာတ်အားခွဲရုံ ပေါင်း ၃၀၀၉ ရုံ၊ စက်တပ်ဆင်အင်အား ၇၆၉၀ အမ်ဗွီအေကိုလည်းကောင်း တည်ဆောက်သွားရန် လျာထားပြီးဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၃၀-၃၁ အပြီးမှာဖြစ်ပေါ်လာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ဟာ ၁၉၂၆၁ မဂ္ဂါဝပ်အထိ ရှိလာမှာဖြစ်ပြီးတော့ လူတစ်ဦးချင်းရဲ့ လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်မှုသည် ၁၄၉၃ ကီလိုဝပ်နာရီခန့်ရရှိလာမှာဖြစ်ပါတယ်။ အိမ်ထောင်စုအပေါ် ဓာတ်အားရရှိမှုမှာ ၈၀ ရာခိုင်နှုန်းခန့်အထိရှိလာမှာဖြစ်ကြောင်း ခန့်မှန်းတွက်ချက်တင်ပြအပ်ပါတယ်။ ၂၀၃၀-၂၀၃၁ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် ၁၉၂၁၆ မဂ္ဂါဝပ်ဖြစ်ပြီးတော့ အရံ ဓာတ်အား ၃၀ ရာခိုင်နှုန်းမှာပါဝင်ပါက ၂၀၃၀-၃၀၃၁ ခုနှစ်တွင် စက်တပ်ဆင်အင်အားပမာဏ စုစုပေါင်းဟာ ၂၄၉၈၁ မဂ္ဂါဝပ်အထိ ရရှိလာအောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ အဆိုပါကာလအတွင်း ရေအားလျှပ်စစ်စက်ရုံ ၅ ရုံမှာ စက်တပ်ဆင်အင်အား ၁၅၀၂ မဂ္ဂါဝပ် တည်ဆောက်ပြီးစီးမှာဖြစ်ပါတယ်။ ရေရှည်ကာလ၏နောက်ဆုံးနှစ်ဖြစ်သော ၂၀၃၀-၂၀၃၁ တွင် စက်စုစုပေါင်း ၂၄၉၈၁ မဂ္ဂါဝပ်အထိတပ်ဆင်ရမည်ဖြစ်ရာ ယင်းကာလမှာ ရေအားစက်များ အမှန်တကယ်အကောင်အထည်ဖော်ပြီးစီးနိုင်မည့် အွခေအနေမှာ ၂၉ ရာခိုင်နှုန်းခန့်သာရှိမှာဖြစ်တဲ့ အတွက်ကြောင့် ၇၁ ရာခိုင်နှုန်းပမာဏရှိတဲ့ Base Load အဖြစ်အသုံးပြုရမယ့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်များ ၁၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လေစွမ်းအင်သုံးဓာတ်အားပေးစက်များတည်ဆောက်ရန် အတွက် မွန်၊ ကရင်၊ ရှမ်း၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စုစုပေါင်း စက်တပ်ဆင်အင်အား ၂၉၃၀ မဂ္ဂါဝပ်ရှိ လေစွမ်းအင်သုံးဓာတ်အားပေးစက်များတည်ဆောက်ရန် Feasibility Study ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ချင်း၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီ၊ ရန်ကုန် တိုင်းဒေသကြီးတို့တွင် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၁၀၂ မဂ္ဂါဝပ်ရှိမယ့် လေစွမ်းအင်သုံး ဓာတ်အားပေးစက်များတည်ဆောက်ရန်လည်း Feasibility Study ဆောင်ရွက်လျက်ရှိနေပါတယ်။ တစ်နိုင်ငံလုံး ကွန်ရက်သဖွယ်ချိတ်ဆက်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေသော ဓာတ်အားစနစ်ကြံ့ခိုင် စေရေးကို အထောက်အပံ့ဖြစ်စေမည့် Transmission နှင့်ပတ်သက်ပြီးတော့ နည်းပညာဆိုင်ရာ ဓာတ်အားပျောက်ဆုံးမှုကိုလည်း လျှော့ချသွားနိုင်စေမည့် ၅၀၀ ကေဗွီ သပြေဝ(မိတ္ထီလာ)-တောင်ငူ ၎င်းမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိ မဟာဓာတ်အားလိုင်းကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီလိုတည်ဆောက်ခြင်းအားဖြင့် Technical Losses နှင့် Non Technical Losses ပျောက်ဆုံးမှု ၂၀ ရာခိုင်နှုန်းကနေပြီးတော့ Technical Losses ဟာ ၁၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာမှာဖြစ်ကြောင်းတွေ့ရှိတင်ပြအပ်ပါတယ်။
ယခုအခါ အာဆီယံနိုင်ငံများအချင်းချင်း ဓာတ်အားစနစ်ချိတ်ဆက်မည့် အာဆီယံဓာတ်အား ကွန်ရက်စနစ်၊ မဲခေါင်ဒေသတွင်း GMS Power Grid များလည်းဖြစ်ပေါ်လာစေရေးဆောင်ရွက်နေ ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံဓာတ်အားစနစ်အတွင်းမှာ ကွပ်ကဲနေရတဲ့သမရိုးကျ စနစ်အတိုင်း ချို့ယွင်းမှုတစ်ခုကြောင့် ဓာတ်အားစနစ်မတည်မငြိမ်ဖြစ်ပေါ်ပါတယ်။ အချိန်နှင့် တစ်ပြေးညီမထိန်းနိုင်ဘဲ ရံဖန်ရံခါဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက်ပြီးတော့ System Breakdown ဖြစ်လေ့ရှိပါတယ်။ လက်ရှိအွခေအနေမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ရန်ကုန်တွင်တည်ဆောက်ထားခဲ့သော ဓာတ်အားစနစ်ကွပ်ကဲရေးဌာနကို အဓိကထားဆောင်ရွက် နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံများမှာ ဆောင်ရွက်နေသော ဓာတ်အားစနစ်ကွပ်ကဲရေး ထိန်းချုပ်စနစ်များကဲ့သို့ ခေတ်မီအီလက်ထရောနစ်သတင်းအချက်အလက်နည်းပညာသုံးစွဲသော SCADA ကိုယ်ပိုင်ဆက်သွယ်ရေးအသုံးပြုကွပ်ကဲသည့်စနစ်တည်ဆောက်ခြင်း စီမံကိန်းကိုလည်း စတင်ဆောင်ရွက်လျက်ရှိပြီးတော့ စီမံကိန်းကာလ ၃ နှစ်မှ ၄ နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေပြီးရင်တော့ ဓာတ်အားပြတ်တောက်မှုကို ကျွန်တော်တို့ အမြန်ဆုံး ထိန်းသိမ်းပြီးတော့ ဓာတ်အားပို့လွှတ်ခြင်းစနစ်ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာပြုလုပ်သည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပုဂ္ဂလိကကဏ္ဍတိုးမြှင့်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ မှာကြားချက်များအရ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီနှင့် ရေတိုရေရှည်အစီအမံများရေးဆွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပုဂ္ဂလိကနှင့်ပူးပေါင်းခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပုံစံအမျိုးမျိုးတို့ကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်နိုင်မည့်အစီအမံများ ပြောင်းလဲကျင့်သုံးဆောင်ရွက်သွားရန် တို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းဖြေကြားပါသည်။
