နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာအုပ်စုဟာ နောင်ချိုမြို့နဲ့ ကိုးမိုင်ခန့်ကွာဝေးပါတယ်။ ၎င်းအုပ်စုမှာ နောင်ချိုကြီးကျေးရွာ၊ ဖာသွန်းကျေးရွာ၊ နောင်လင်ကျေးရွာ များပါရှိပါတယ်။ အိမ်ခြေ ၅၇၀၊ အိမ်ထောင်စုပေါင်း ၆၇၁၊ လူဦးရေ ၃၅၉၇ ဦးရှိပါတယ်။ ဉာဏ်တောကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးမယ်ဆိုရင် နီးစပ်ရာကျေးရွာအုပ်စု များအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းမှာ အထောက်အကူပြုမယ့် ဉာဏ်တောကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည် ဆိုတာကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ ၂၅ ခုတင်ဆံ့မြို့နယ် ဆေးရုံတစ်ရုံ၊ သုံးဆယ်တိုက်နယ်ဆေးရုံ၊ တောင်ရှည် တိုက်နယ်ဆေးရုံ၊ တောင်ခမ်း တိုက်နယ်ဆေးရုံ၊ စုစုပေါင်းမြို့နယ်ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံသုံးရုံ၊ လေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာန ရှစ်ခုတို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်စီမံကိန်းများ လျာထားရေးဆွဲပြီးတော့ ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အခု ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့ နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာ ဆိုတာဟာ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုဖွင့်လှစ်ရန် အခြေအနေများနှင့် ကိုက်ညီတဲ့အတွက် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဖွဲ့စည်းပုံအဆိုပြုချက်များတင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
