(ဃ)-ဆီဆိုင်မှ ထီးစခါးလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၂.၇.၂၀၁၂)

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ကို ဆက်သွယ် ထားသော လမ်းမကြီးမှာ တောင်ကြီး-ဟိုပုန်း-ဆီဆိုင်-လွိုင်ကော် လမ်းမကြီးဖြစ်ပါတယ်။ ၎င်းလမ်းမ ကြီးဟာ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ် အလယ်ဗဟိုမှ ဖြတ်သန်း ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုဖြစ်ပြီး ပြည်နယ်နှစ်ခုရဲ့ မြို့တော်ကို ဆက်သွယ်ပေးထားသော အတိုဆုံးသောလမ်းမကြီးလည်း ဖြစ်ပါတယ်။ အဆိုပါ လမ်းမကြီးကို ဟိုပုန်း-ဆီဆိုင်လမ်းမကြီးနှင့် ဆီဆိုင်-ထီးစခါးလမ်းပိုင်းဟူ၍ နှစ်ပိုင်းရှိပါတယ်။ ယခင်ကာလ နယ်မြေမအေးချမ်းမှုကြောင့် ပြုပြင် ထိန်းသိမ်းရန် အခြေအနေမပေးသော်လည်း ယခုအစိုးရအသစ်လက်ထက်တွင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခြေအနေပေးနေပါပြီ။ ဆီဆိုင်-ထီးစခါးလမ်းပိုင်း အချို့နေရာများမှာ ကားများသွားလာလို့မရလောက်အောင် အမာခံကျောက်များ မရှိတော့ခြင်း၊ ချိုင့်ခွက်များပေါများခြင်း၊ ပျက်စီးယိုယွင်းခြင်းများ ဖြစ်နေပါတယ်။ ထို့ကြောင့် အဆိုပါလမ်းမကြီးကို ပြုပြင်ပေးခြင်းဖြင့် ပြည်နယ်နှစ်ခု ဆက်သွယ်ရာမှာ လွယ်ကူပြီး ဒေသခံပြည်သူတို့ရဲ့ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာမယ့်အပြင် မြေပေါ၊ ရေပေါ အရပ်ဒေသဖြစ်၍ ဒေသခံတိုင်းရင်းသားတို့ အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒေသခံ ပြည်သူများရဲ့ကိုယ်စား ကျွန်တော်မေးမြန်းလိုသည်မှာ ဆီဆိုင်မှ ထီးစခါးသို့ လမ်းပိုင်း ၂၂ မိုင်ကို အဆင့်မြှင့်တြင်ခင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ။ မရှိသေးပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို ဆက်သွယ်တဲ့ လမ်းကြီး ၃ လမ်း ရှိပါတယ်။ ဒီလမ်းကြီး ၃ လမ်းအနက်မှာ ဟိုပုန်း-ဆီဆိုင်-လွိုင်ကော်လမ်းဟာ အတိုဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီလမ်းကြီးကို ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ ကြိုးစားပြင်ဆင်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီး ဟိုပုန်း-ဆီဆိုင်-လွိုင်ကော်လမ်းရဲ့ ဆီဆိုင်-ထီးစခါးအပိုင်း ဟာ ၂၁ မိုင် ၆ ဖာလုံရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအထိ လမ်းအခြေအနေကတော့ ကတ္တရာလမ်း ၂ မိုင်၊ ကျောက်လမ်း ၁၆ မိုင် ၂ ဖာလုံနဲ့ အမာခံလမ်း ၃ မိုင် ၄ ဖာလုံ၊ မြေလမ်း ၁ မိုင် ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းများဆောင်ရွက်ဖို့ အခက်အခဲများ ရှိခဲ့ပေမယ့် အခု ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်မှာတော့ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၃၈၈ သန်း ခွဲဝေရရှိထားပြီးဖြစ်ပါတယ်။ ခွဲဝေရရှိထားတဲ့ ရန်ပုံငွေနဲ့ ကျောက်လမ်းကနေပြီးတော့ ကတ္တရာလမ်း ၃ မိုင်ဆောင်ရွက်ဖို့ရှိပါတယ်။ ကတ္တရာလမ်းပျက်ဆီးနေတဲ့အပိုင်းကို ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂ မိုင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒ့ီအပြင် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနဲ့လည်း ကျန်တဲ့အပိုင်းများကို ကောင်းမွန်အောင် အမြန်ဆုံးဆက်လက်ဆောင်ရွက်ပြီးတော့ လမ်းကို အဆင့်မြှင့်တင်ပေးမယ်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။