ကျွန်တော်တို့နိုင်ငံမှာ အခြေခံလူတန်းစားအားလုံး သွားလာ ပို့ဆောင်ရေး အတွက် အသုံးပြုနေရတဲ့ မော်တော်ဆိုင်ကယ်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အထူးသဖြင့်ရန်ကုန်မြို့မှာ တရားမဝင်မော်တော်ဆိုင်ကယ် ဝယ်ယူ စီးနင်းသူ များစွာ ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ အမှန်တကယ် လိုအပ်ချက်အရ မော်တော်ကား ဝယ်မစီးနိုင်လို့ သွားလာမှု လွယ်ကူဖို့အတွက် ဝယ်ယူစီးနင်းကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ၎င်းတို့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးမည့်ရက်၊ နေရာကို စုံစမ်းပြီးတော့ ၎င်းတို့ရဲ့ မော်တော်ဆိုင်ကယ်များကို အသုံးပြုပြီးတော့ တချို့လည်းပဲ နေ့စဉ်လိုလို ဖမ်းဆီးခြင်းခံနေရတာကို တွေ့နေရပါတယ်။ ဒီလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်ပြီးတော့ နိုင်ငံတော်ကလည်း တရားဝင်လိုင်စင် ထုတ်ပေးမှုတွေ လုပ်နေတာကိုတွေ့ရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာလည်း စည်ပင်သာယာနယ်နိမိတ် ပြင်ပမှာသာ စီးနင်းခွင့်ပြုထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ဒီဆိုင်ကယ်များနှင့်ပတ်သက်လို့ လေ့လာကြည့်တဲ့အခါမှာ တရားမဝင်မော်တော်ဆိုင်ကယ်နှင့် ဘက်ထရီဆိုင်ကယ်များနှင့်ပတ်သက်ပြီး တော့ နယ်စပ်ဒေသကနေ စတင်ပြီးတော့ တရားမဝင် ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလို တရားမဝင် သယ်ဆောင်စဉ်မှာ ထိထိ ရောက်ရောက်နဲ့ ဖမ်းဆီးခြင်းမရှိတဲ့ အတွက်ကြောင့် ပြည်တွင်းကိုရောက်ရှိ လာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ အခါမှာလည်း ကျွန်တော်တို့ ဒီမေးခွန်းမေးမြန်းတဲ့ ဧပြီလ ၂၀ ရက်နေ့အထိ လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာရှိတဲ့ ဆိုင်ကြီးတွေမှာတင်ပြီးတော့ တရားဝင် ရောင်းချနေတာတွေ့ရပါတယ်။ ဒီအဆင့်မှာလည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲနဲ့ ပြည်သူလူထုကနေ အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူ စီးနင်းတဲ့အခါကျမှ ဖမ်းဆီးွခင်းခံရတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ (၁) တရားမဝင်စီးနင်းနေတဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင်ထုတ်ပေးဖို့အစီအစဉ်ရှိ၊ မရှိ။ ဒါနှင့်ပတ်သက်လို့ လည်း ကျွန်တော် ဒီမေးခွန်းကို မေးမြန်းပြီးတဲ့နောက်မှာ နိုင်ငံတော်ကနေ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ခုနစ်ကြိမ် တရားဝင်လိုင်စင်မှတ်ပုံတင်ပြုလုပ်ပေးခဲ့တဲ့အခါမှာ အစီးရေပေါင်း ၁၅၈၇၂၉၂ စီး၊ အခွန်ငွေ ၂၁၀.၈၁ ဘီလီယံရတယ်လို့ မေလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ ထားတာတွေ့ရပါတယ်။ (၂) ရန်ကုန်တိုင်းဒေသကြီးကဲ့သို့သော နေရာမျိုးမှာ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ အစား မြို့နယ်မဟုတ်တဲ့ ထန်းတပင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံအစရှိတဲ့ မြို့နယ်တွေမှာ ဖြေလျော့ပြီးတော့ ဥပဒေအရ တရားဝင် စီးနင်းခွင့်ပြုဖို့ အစီအစဉ် ရှိ၊ မရှိဖြစ်ပါတယ်။ (၃) တရားမဝင် သယ်ဆောင်လာတဲ့ နယ်စပ်ဒေသတွေမှာ ထိထိရောက်ရောက်နှင့်ဖမ်းဆီးတာတို့ မြို့ကြီးတွေမှာ တရားဝင် ရောင်းချနေတဲ့အချိန်မှာဖမ်းဆီးတာတို့ ဆောင်ရွက်ဖို့အစီအစဉ် ရှိ၊ မရှိ ဖြစ်ပါတယ်။ (၄) နိုင်ငံတော်အနေနဲ့ ဝင်ငွေတိုးပွားရေးအတွက် ဒီ့အပြင် ပြည်သူလူထုအေးချမ်းစွာနဲ့ စီးနိုင်ဖို့အတွက် မော်တော်ဆိုင်ကယ်တွေကို သက်ဆိုင်ရာကုမ္ပဏီများကိုဖြစ်စေ တရားဝင်တင်သွင်းခွင့် ပြုပြီးတော့မှ လိုင်စင် အပါအဝင်တရားဝင် ရောင်းချပေးမယ်ဆိုရင် ယခုလို ပြဿနာတွေမရှိတဲ့ အတွက်ကြောင့် ဒါတွေကိုဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းလေးချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြီးတော့ တင်ပြလိုတာကတော့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မေးခွန်းများကို မေးမြန်းတဲ့အခါမှာ အကြောင်းအရာကိုအခြေခံပြီး မေးမြန်းတာ ဖြစ်ပါတယ်။ ပြန်လည် ဖြေကြားတဲ့ ဝန်ကြီးဌာနအနေနဲ့ တစ်ခါတရံမှာ ဝန်ကြီးဌာနတစ်ခုမဟုတ်ဘဲနဲ့ နှစ်ခုသုံးခုပတ်သက် တတ်တဲ့မေးခွန်းတွေလည်းရှိတတ်ပါတယ်။ ဟိုတစ်နေ့က ဥပမာတင်ပြရရင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဖြေသွားတဲ့အဖြေမှာ မေးတာတော့သူရဲ့ဝန်ကြီးဌာနမေးသော်ငြားလည်း မေးခွန်းမှာ ပတ်သက်နေတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခြားဝန်ကြီးဌာနများကို ဆက်စပ် ပြီးတော့ တာဝန်ယူပြီးလာဖြေတာတွေ့ရပါတယ်။ ဒီလိုအခါကျတော့ ကျွန်တော်တို့မေးခွန်းမေးမြန်းရတဲ့ ကိုယ်စားလှယ်များအနေနဲ့ ကျေနပ်မှုရရှိပါတယ်။ ဒါကြောင့် မေးခွန်းမေးတဲ့အခါမှာ တချို့ဝန်ကြီးဌာန တစ်ခုတည်း ဖြေတဲ့အခါကျတော့ ကျွန်တော်တို့မှာလည်း အခက်အခဲရှိပါတယ်။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့မေးတဲ့မေးခွန်းရဲ့ ထိရောက်မှုရှိတဲ့အဖြေတွေကို ဖြေကြားပေးဖို့ဖြစ်ပါတယ်။ တချို့ဟာတွေက အရင်ကတည်းကရေးထားတော့ မေးခွန်းတွေနဲ့ တလွဲစီဖြစ်တဲ့အဖြေတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကိုဆောင်ရွက်ပေးဖို့တင်ပြ မေးမြန်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားမဝင် ရောက်ရှိနေသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား စည်းကမ်းဥပဒေနှင့်အညီဖြစ်စေရေးအတွက် ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းလျက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှစတင်၍ လေးလသတ်မှတ်ပြီး One Stop Service အဖြစ် တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်ရုံး များနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏မူအရ ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပလိပ်စာဖြင့် သာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရန်ကုန်စည်ပင်အတွင်းဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံမြို့နယ်များတွင် စီးနင်းခွင့်မပြု၍ ၎င်းမြို့နယ်လိပ်စာများဖြင့်မှတ်ပုံတင်ပေး နိုင်ခြင်းမရှိသေးပါ။ ထန်းတပင်မြို့နယ်မှာ ရန်ကုန်စည်ပင်ပြင်ပမြို့နယ်ဖြစ်၍ ယခုဆောင်ရွက်နေသော စီမံချက်အရ ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)မှ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မော်တော်ဆိုင်ကယ်များကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သွင်းကုန် လိုင်စင် လုပ်ငန်းရှင်များသည်လည်း သက်ဆိုင်ရာအခွန်အခများကိုပေးဆောင်ပြီး တရားဝင်လိုင်စင် ဖြင့် ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချနိုင်ပါသည်။ တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုပေး လျက်ရှိရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်များတွင် ပင်လယ် ရေကြောင်းနှင့်နယ်စပ်တို့မှ အောက်ပါအတိုင်း တင်သွင်းခွင့်ပြုပေးခဲ့ပါတယ်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ပုံမှန်နှင့်နယ်စပ်နှစ်ရပ်ပေါင်း ဒေါ်လာ ၁၅.၄ သန်းဖိုး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပုံမှန်နှင့်နယ်စပ်နှစ်ရပ်ပေါင်း ဒေါ်လာသန်း ၄၇.၈၄ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါတယ်။ နယ်စပ်ဒေသများမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက် ခွန်ဦးစီးဌာနတို့၏ အခွန်စည်းကြပ်မှုဖြင့် ဆိုင်ကယ်အရောင်းပြခန်းများအတွက် တင်သွင်းလာသော မော်တော်ဆိုင်ကယ်များ အားလည်း မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၎င်းအရောင်းပြခန်း များမှ မှတ်ပုံတင်ပြီး ဆိုင်ကယ်များအား တရားဝင်ဝယ်ယူနိုင်ပြီး ယခု One Stop Service ဖြင့် လေးလဆောင်ရွက်ပြီးပါက တရားမဝင်ဆိုင်ကယ်များအား ဆိုင်တင်ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အကြောင်းကြား၍တရားဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၅ အပိုဒ်ခွဲ(ခ)မှာ မေးမြန်းတဲ့ ဦးတင်မောင်ဦး အခုမေးခွန်းကို ဖြေကြားသွားတာနဲ့ပတ်သက်ပြီးတော့ မိမိမေးတဲ့အမေး သက်ဆိုင်ရာဝန်ကြီးဌာနက အဖြေဟာ ကျေနပ်မှုရှိပါသလား။
ဦးတင်မောင်ဦး(ရွှေပြည်သာမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၆၇ နည်းဥပဒေခွဲ(က)မှာ လွှတ်တော်ျဥက္ကဋ္ဌကြီးက ခွင့်ပြုလျှင် တစ်ဆက် တစ်စပ်တည်း အဖြေကို ပြီးဆုံးတဲ့အထိမေးခွင့် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ မေးတဲ့မေးခွန်း (၁)ကတော့ အဖြေကို ကျွန်တော်ပဲ ပြောသွားပြီး ဖြစ်ပါတယ်။ မေးခွန်း(၂)နှင့် ပတ်သက်လို့ သက်ဆိုင်ရာ လေးမြို့နယ်နှင့် ပတ်သက်ပြီးတော့ ဥပဒေအရ ဖြေလျော့ပေးဖို့ စဉ်းစားပေးဖို့ တင်ပြလိုပါ တယ်။ မေးခွန်း(၃)ဖြစ်တဲ့ နယ်စပ်ဒေသဖမ်းဆီးခြင်းနှင့်ပတ်သက်လို့လည်း သက်ဆိုင်ရာဌာနက ဖြေသွားပြီးဖြစ်ပါတယ်။ (၄) နှင့် ပတ်သက်လို့တော့ နောင်လာမည့်အနာဂတ်မှာ ဆိုလိုတာက တရားမဝင် ကျီးလန့်စာစားစီးနေရမယ့်အစား တရားဝင်လိုင်စင်နဲ့ ရောင်းပေးမယ် ဆိုရင်ရမှာ ဖြစ်ပါတယ်။ ဒါလေးကိုတော့ ပီပီပြင်ပြင် ဖြေပေးဖို့ တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဒါကြောင့် ထပ်မံရှင်းလင်းအောင် မေးမြန်းတဲ့ကိစ္စ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက ဖြေနိုင်ရင် ဖြေပါ။
ဦးသန့်ရှင်း(ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။ ။ ဒီကိစ္စနှင့်ပတ်သက်လို့ ဆိုင်မှာ တရားဝင်တင်ပြီးတော့ ရောင်းမယ်ဆိုလို့ ရှိရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ အဖြေမှာလည်း လေးလကာလ One Stop စီမံချက်ပြီးလို့ရှိရင် တရားဝင် ရောင်းချနိုင်ဖို့အတွက်ကို နံပါတ်နှင့်ပါ ရောင်းချနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ ဦးတင်မောင်ဦးတင်ပြသလို ပြီးခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးမှာလည်း ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်တင်နွယ်ဦး မေးတဲ့မေးခွန်းကို ဖြေတဲ့နေရာမှာ ပြည့်စုံမှုမရှိဘူး။ ဒါကြောင့်မို့လို့ ပြန်လည်တင်ပြတဲ့အတွက် မိမိသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနနဲ့ ညှိနှိုင်းတဲ့ အခါမှာ လာရောက် ဖြေကြားတာရှိပါတယ်။ အဲဒီနည်းတူပဲ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားဖို့ ကျန်နေသေးတဲ့ ကိစ္စများကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်က မိမိထံပြန်လည်တင်ပြတဲ့အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ညှိနှိုင်းတဲ့အခါမှာ သူတို့လာရောက်ဖြေကြားခဲ့တာလည်း ရှိပါတယ်။ မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒီအခွင့်အရေး တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ပြန်လည်ဖြေကြားပေးဖို့ ကလည်း သူတို့ရဲ့တာဝန်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နှစ်ဖက်အငြင်းပွားမှုနဲ့ နှစ်ဖက်ထိပ် တိုက်မတွေ့ရှိနိုင်ရေးအတွက်ကို မေးခွန်းမေးတဲ့အခါမှာလည်း လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီးတော့ မေးရတာဖြစ်သလို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်များက ဖြေကြားတဲ့အခါမှာ လည်း ဒီမေးခွန်းအဖြေကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြ ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်တွေက မေးခွန်းမေးတဲ့ပုဂ္ဂိုလ်တစ်ယောက်တည်းကို ဖြေကြားတာမဟုတ်ဘဲနဲ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဥက္ကဋ္ဌကို ဖြေကြားခြင်းဖြစ်တယ်ဆိုတာကို သိရှိဆောင်ရွက်မယ် ဆိုလို့ရှိရင် မိမိတို့ရဲ့လုပ်ငန်းတွေဟာ ချောမွေ့အဆင်ပြေ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီနေ့ကိုယ်စီ ကိုယ်စီ မိမိတို့ရဲ့တာဝန်တွေ ထမ်းဆောင်နေတယ်။ ဒီလိုထမ်းဆောင်တဲ့နေရာမှာ ဒီတာဝန်ကို ဥပဒေနှင့် အညီ ထမ်းဆောင်တယ်ဆိုတာ နှစ်ဖက်နားလည်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် မိမိတို့ ပြုပြင် ပြောင်းလဲလိုက်တဲ့ စနစ်ဟာပိုပြီးတော့ သဘာဝကျကျနဲ့ အောင်အောင်မြင်မြင် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးတင်မောင်ဦးစပြီးတော့ မေးခွန်းမေးတဲ့အချိန်မှာ နောက်ဆက်တွဲ ဖော်ပြတာကို မူတည်ပြီး တော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးကို ထပ်ပြီးရှင်းခိုင်းတယ်။ ပြီးတဲ့အခါမှာ မိမိအနေနဲ့ ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာနဲ့ ဒီနေ့ မိမိတို့လုပ်ဆောင်ရမယ့် တာဝန်တွေကို ရှင်းလင်းဖို့အတွက် လွှတ်တော် ကိုတင်ပြရခြင်းဖြစ်ပါသည်။
