(ဃ)-မိဇံကျေးရွာဒေသအကျိုးပျက်စီးစေမည့် ကိုယ်ကျိုးရှာကုမ္ပဏီအားတားဆီးပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၂၉.၈.၂၀၁၂)

 

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ရွာသားတွေဆီက ကျွန်မထံကို ဖုန်းဆက်လာပါတယ်ရှင်။ ဒီမေးခွန်း နဲ့ပတ်သက်ပြီး ဘာမှထူးခြားမှုမရှိရင် လကုန်မှာဆန္ဒဖော်ထုတ်ပွဲပြုလုပ်မယ်လို့ ပြောကြားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုရက်ပိုင်းမှာ ကုမ္ပဏီကနေ အဆောက်အအုံအခိုင်အမာဆောက်လုပ်ဖို့ သံချောင်းများ သယ်ဆောင်စုပုံလာပြီလို့သိရပါတယ်ရှင်။ အခုလိုမျိုးမေးခွန်းကို အချိန်မီမေးမြန်းခွင့် ရတဲ့အတွက် သက်ဆိုင်ရာကိုကျေးဇူးအထူးတင်ရှိပါကြောင်း ပထမဦးစွာ ပြေကြားလိုပါတယ်ရှင်။ ကျွန်မမေးမြန်းလိုတဲ့မေးခွန်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဘားအံမြို့နယ် မိဇံကျေးရွာ တောင်စွန်းတောင်ကို နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ ချိုင်းနားမေဟွာ ဟောင်ကောင်ကုမ္ပဏီလီမိတက် ကရောက်ရှိလာပါတယ်။ ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် လမ်းများကောင်းမွန်အောင် လမ်းခင်း ပေးမယ်။ မီးလင်းအောင်ဆောင်ရွက်ပေးမယ်။ ကျေးရွာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဖန်တီးပေးမယ်လို့ပြောကြားခဲ့ပါတယ်။ ယခုဒီကုမ္ပဏီရောက်ရှိလာတာ နှစ်နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်ရှင်။ ဗမာစကားနားမလည်တဲ့ လူမျိုးခြားလူငယ်များ၊ တခြားဒေသမှ အလုပ်သမားများက တောင်ခြေမှာ အိမ်ခြံမြေတွေငှားပြီးတော့ရောက်ရှိနေကြပါတယ်။  ရွာသားများမှာ ၎င်းတို့၏နေရာကို သွား၍မရတော့ဘဲ တောင်ခြေတစ်ဝိုက်အဝင်လမ်းတွေကို တံခါးပိတ်ထားပါတယ်ရှင်။ သူတို့ကသာ နေ့ရောညပါ ရွာအဝင်လမ်းမှာ သူစိမ်းတွေနဲ့ရောက်ရှိနေကြပါတယ်ရှင်။ ကျေးရွာလမ်းဟာလှည်း၊ ထော်လာဂျီနဲ့ ခရီးသယ်တင်ဆောင်ရန်အတွက် ဟိုင်းလက်ကားများသွားလာရန် အဆင်ပြေဖို့အတွက် ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားတဲ့ မြေလမ်းသာဖြစ်ပါတယ်ရှင်။ ယခု အခါဒီလမ်းပေါ်မှာ ကျောက်များကိုသယ်ဆောင်တဲ့ ဘက်ဟိုးကားများ၊ ယာဉ်ကြီးယာဉ်ငယ်များသွားလာနေတဲ့အတွက် ပျက်စီးကုန်ပြီဖြစ်ပါတယ်ရှင်။ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထားတဲ့ တံတားတွေဟာလည်းပဲ ယာဉ်ကြီးယာဉ်ငယ်များကြောင့် ကျိုးကျပျက်စီးကုန်မှာစိုးရိမ်နေကြပါတယ်ရှင်။ ကျောက်ကို မိုင်းခွဲရာမှာလည်းပဲ အလွန်ပြင်းအားကြီးတဲ့ယမ်းများကိုအသုံးပြုတဲ့အတွက် ကျောက်မှာရှိတဲ့ တောင်ကြောတွေအားလုံးဟာ ပြိုကွဲအက်ကြောင်းများပေါ်လာပြီဖြစ်တဲ့အပြင် ဘုရားလေးဆူမှာလည်း ပြိုကျမည်ကို ရွာသားတွေကစိုးရိမ်နေကြပါတယ်ရှင်။ တောင်ရဲ့ချောက်ကမ်းပါးနံဘေးမှာလည်းပဲ ကျောက်များကို အမာခံချထားပြီးတော့ ဆိပ်ကမ်းပြုလုပ်ထားတဲ့အတွက် သင်္ဘောကြီးများဟာ ဒီကျောက်များကို လာရောက်သယ်ဆောင်သွားပါတယ်။ ကမ်းနံဘေးမှာအရွယ်စုံကျောက်များကို စုပုံထားခြင်း၊ နှစ်စဉ်မိုင်းခွဲခြင်းတွေကြောင့် ကိုင်းတောင်သူများဟာ ကိုင်းလုပ်ကိုင်ခွင့်မရှိတော့ ပါဘူးရှင်။ ကျောက်များကိုချထားပြီး ဆိပ်ကမ်းပြုလုပ်ထားသောကြောင့်  ရေကြောင်းများဟာလည်း ရွာဘက်ကမ်းခြေတစ်လျှောက် ကမ်းပြိုမှုများဖြစ်လာပါတယ်ရှင်။ ဒေသခံပြည်သူများဟာ တောင်စွန်းတောင်မပျောက်စေရေး၊ တောင်စွန်းတောင်၊ တောင်စွန်းရွာရေတိုက်စားမှုများ ကာကွယ် ပေးရေး ကရင်ပြည်နယ်၏ သဘာဝတောတောင်လယ်မြေများမပျက်စီးရေးအတွက် ကုမ္ပဏီအား တားဆီးပေးပါရန်တင်ပြလာသည့် ဒေသခံပြည်သူများ၏ဆန္ဒအရ ဒေသအကျိုးမပျက်စီးစေရန်နှင့် ကိုယ်ကျိုးရှာထိုကုမ္ပဏီအား တားဆီးပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၀၆) မိဇံတောင်စွန်းကွင်း မြေဧရိယာ ၃၇.၄ ဧကမှ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်ကို ဒေသခံလုပ်ငန်းရှင် ဦးဇော်ဌေးက လျှောက်ထား လာမှုကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမှုတွဲအမှတ် (၂/၂၀၁၂) နဲ့ ပူးတွဲဖွင်‌့လှစ် ဆောင်ရွက်ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဦးဇော်ဌေးက ထွက်ရှိလာတဲ့ကျောက်တွေကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်နေတဲ့ ချိုင်းနားမေဟွာ ဟောင်ကောင်ကုမ္ပဏီလီမိတက်ကိုရောင်းချ ခဲ့တာဖြစ်ပါတယ်။ ယခုအခါ လိုင်စင်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ လုပ်ငန်းကိုရပ်ဆိုင်းထားပြီး လုပ်ကိုင်ခွင့်ဆက်လက် ရရှိရေးအတွက်ကို တင်ပြလျှောက်ထားဆဲပဲဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ ဘားအံမြို့နယ် မိဇံတောင်စွန်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကစိစစ်ရာတွင် လုပ်ကိုင်ခွင့်ရရှိသူ ဦးဇော်ဌေးအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ တရုတ်လူမျိုးပညာရှင်ရဲ့အကြံပေးမှုကို အခါအားလျော်စွာရယူဆောင်ရွက်ခဲ့တာရှိခဲ့ပေမယ့်လည်း နိုင်ငံခြားသားကို မိဇံတောင်ခြေမှာတည်းခိုနေထိုင်ခွင်‌့ဆောင်ရွက်ဖို့ ခွင့်ပြုထားခြင်းမရှိကြောင်းတွေ့ရှိ ရပါတယ်။ လုပ်သားများနေထိုင်သောနေရာကို ပိတ်ဆို့တားမြစ်ထားမှုမရှိဘဲ ဒေသခံနေ့စားအလုပ် သမား ၃၀ ဦး၊ အခြားဒေသ ပြည်တွင်းကလခစားလုပ်သား ၈ ဦးခန့်နှင့် လုပ်ငန်းဆောင်ရွက် နေကြောင်းတွေ့ရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာအသုံးပြုတဲ့ ဘက်ဟိုးယန္တရားယာဉ် ၂ စီးကို လုပ်ငန်းစတင်ဆောင်ရွက်ဖို့ ပြောင်းရွှေ့စဉ်ကသာ ကျေးရွာလမ်းကိုအသုံးပြုခဲ့ပြီး အဲဒီလမ်းများ ကိုလည်း လုပ်ငန်းဆောင်ရွက်သူက ကျောက်ချောလမ်းအဖြစ် ပြုပြင်ပေးခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ကော့တိုကျေးရွာနှင့် မိဇံကျေးရွာကြားမှာရှိတဲ့ တံတားတစ်စင်းကိုလည်း အမြဲတမ်းအသုံးပြုနိုင်အောင် ပြင်ဆင်ပေးခြင်းနှင့် ချဉ်းကပ်လမ်းပြုပြင်ပေးခြင်းများကို လိုင်စင်ရရှိသူ ဦးဇော်ဌေးတို့က ဆောင်ရွက် ပေးခဲ့ကြောင်းတွေ့ရှိရပါတယ်။ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ပေးစဉ်ကလည်း မိုင်းကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်ခွင့်မရှိကြောင်းကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။ ကျောက် ထုတ်လုပ်တဲ့နေရာနှင့် ဘုရားတည်ရှိတဲ့နေရာဟာ အကွာအဝေးအားဖြင်‌့ ကိုက် ၂၀၀၀ ခန့်ကွာဝေးပြီး သီးခြားစီတည်ရှိတဲ့အတွက် ထိခိုက်မှုမရှိနိုင်လို့ ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းွဖစ်ကြောင်း စိစစ်တွေ့ရှိရပါ တယ်။ တောင်ခြေကမ်းနံဘေးမှာ ကျောက်များကိုအမာခံထားပြီး ဆိပ်ခံပြုလုပ်ခြင်းနှင့်ပတ်သက်လို့ အဲဒီနေရာကို ဘားအံစက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းရဲ့ ကုန်ကြမ်း၊ ကုန်ချောများ စိစစ်နိုင်မယ့် ဆိပ်ကမ်းတစ်ခုအဖြစ်တည်ဆောက်ဖို့ လျာထားသတ်မှတ်ထားတဲ့အတွက် လောလောဆယ် ကျောက် ထုတ်လုပ်ငန်းက ဆိပ်ကမ်းအဖြစ်ပြုပြင်သုံးစွဲနေမှုအပေါ် ခွင်‌့ပြုထားတာဖြစ်ပါကြောင်း အဲဒီလို ဆိပ်ကမ်းအဖြစ်အသုံးပြုတဲ့နေရာ ကျောက်စုတဲ့နေရာတွေဟာ လုပ်ကိုင်နေကြတဲ့ ကိုင်းတောင် သူတွေကို လိုင်စင်ရသူတွေက ထိုက်သင်‌့တဲ့ခံစားခွင့်တွေကို ပေးဆောင်ညှိနှိုင်းထားပြီးတော့ လုပ်ဆောင်ခဲ့ခြင်းသာွဖစ်ကြောင်းတွေ့ရှိရပါတယ်။ မိဇံတောင်စွန်းမှာ ကျောက်ထုတ်လုပ်ခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်လို့ အမှုတွဲဖွင့်လှစ်ဆောင်ရွက်စဉ်ကပဲ ဒေသခံများကကန့်ကွက်ခဲ့ခြင်း မရှိလို့ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက လိုင်စင်ခွင့်ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်းစိစစ်တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း ယခုလို ဒေသကကန့်ကွက်မှုတွေရှိလာတဲ့ အတွက် ပြန်လည်ကွင်းဆင်းစစ်ဆေးပြီး ကန့်ကွက်မှုတွေကသင့်လျော်မှန်ကန်လို့ရှိရင် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ကို ဆက်လက်ခွင့်ပြုမှာမဟုတ်ဘဲ လိုအပ်သလိုစိစစ်တားမြစ်၊ ကြပ်မတ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။