(ဂ)-State Holders အားလုံးပါဝင်သော ဥပဒေရေးဆွဲရေးအတွက် ဘတ်ဂျက်အလုံအလောက် ချထားပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၂၉.၈.၂၀၁၂)

 

လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို ပြန်လည်လေ့လာသုံးသပ် ရပါက လွှတ်တော်အရပ်ရပ်သို့ တင်သွင်းလာသော ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်တော် များကအတည်ပြုပေးရသည့် လုပ်ငန်းဆောင်ရွက်နေရသည်ကို တွေ့ရပါတယ်။ စင်စစ်မှာ ဥပဒေကြမ်း များရေးဆွဲပြင်ဆင်သည့် အပိုင်းနဲ့ ဥပဒေပြုပေးရသည့်အပိုင်း နှစ်ပိုင်းစလုံးတွင် လွှတ်တော် ကိုယ်စားလှယ်တော်များပါဝင်ပါက ပြည်သူ့အတွက် ဥပဒေပြုရေးလုပ်ငန်းဟာ ပြည်သူ့ဘက်က အပြည့်အဝပါဝင်ရာရောက်မည်ဟု ယူဆကြပါတယ်။ ယခုမူ လွှတ်တော်များက ဥပဒေပြုရေးလုပ်ငန်းများကို ပြည်သူတို့အကျိုးအတွက် နှစ် ၅၀ ကြာ ဥပဒေပြုပေးမှုကင်းမဲ့နေခြင်းကြောင့် ယင်းအချက်ကို ဖြည့်ဆည်းပေးရန် ပုံမှန်ထက်ပို၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပြည်သူများအကြားတွင် ယင်းဥပဒေ ပြုရေးလုပ်ငန်းစဉ်ကို နှေးကွေးနေသည်ဟုလည်းကောင်း၊ ထင်သာမြင်သာမရှိ၍ ပြည်သူများ အပြည့်အဝသိရှိခြင်း မရှိဘဲဖြစ်နေခြင်းမှာ ပြည်သူ့အကျိုးကိုဆောင်ရွက်ပေးနိုင်ရန် ပြည်သူ့ဘက်က သဘောထားအမြင်တို့ မပါရှိဘဲ အုပ်ချုပ်ရေးဘက်က အစဉ်အလာတာဝန်ယူခဲ့ကြသောဌာနဆိုင်ရာ များကပါရေးဆွဲနေကြ၍ ဖြစ်သည်ဟုလည်းကောင်း၊ ပြည်သူရွေးချယ်လိုက်သော ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား ဥပဒေပြုရေးတွင်ပါဝင်ခြင်း မရှိကြ၍လည်းကောင်း ယင်းသို့ဖြစ်နေသည်ဟု ထင်မြင်နေကြပါသည်။ ထို့အတူ နိုင်ငံရေးပါတီများကိုယ်တိုင်ကပင်လျှင် ဥပဒေပြုရေးတွင် နှေးကွေး၍ ပွင့်လင်းမြင်သာမှုအားနည်းနေသည်ကိုခံစားနေရပါတယ်။ သို့ပါ၍ ထို ဥပဒေတစ်ခုပြုမှုသည် ပြီးစီးရန် မည်မျှကြာမည်ကိုခန့်မှန်းမရရှိနေကြပါတယ်။ ယခုအခါ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား အရေးနှင့် စီးပွားရေးစသည်တို့တွင် ဥပဒေပြုမှုတို့လျင်မြန်စွာပြီးမြောက်ရန် လက်ငင်း နိုင်ငံရေး အနေအထားကတောင်းဆိုနေပြီဖြစ်ပါတယ်။ သို့ပါ၍ ဤသို့သောအနေအထား၊ တောင်းဆိုမှုတို့ကို နည်းလမ်းတကျဖြည့်ဆည်းနိုင်ရန် ယခု ဥပဒေကြမ်းများရေးဆွဲရေးလုပ်ငန်းကို အဓိကဆောင်ရွက် နေသည့် ဌာနဆိုင်ရာများအပြင် ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေကျွမ်းကျင်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် အားလုံးသော State Holders များပါဝင်စေ၍ ဥပဒေပြုရေး စီမံချက်တစ်ရပ်လုံးအတွက် ဘတ်ဂျက်အလုံအလောက်ချပေးနိုင်ပါက ဥပဒေပြုရေးလျင်မြန်လာမည် ဖြစ်ပြီး ပြည်သူ့အတွက် ပို၍အကျိုးပြုနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ State Holders များ အားလုံးပါဝင်သော ဥပဒေရေးဆွဲရေး၊ ယင်းအတွက် ဘတ်ဂျက်အလုံအလောက် ချထားပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေမပြင်နိုင်သည့်သဘော၊ ဌာနဆိုင်ရာအပြင် ကျွမ်းကျင်တဲ့ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ State Holders များအားလုံးပါဝင်တဲ့ ဥပဒေရေးဆွဲရေး မေးခွန်းနှင့် စပ်လျဉ်း၍ လွှတ်တော်အသီသီးသို့ ဥပဒေကြမ်းတင်သွင်းတဲ့ နည်းလမ်းကို တင်ပြလိုပါတယ်။ ဖွဲ့စည်းပုံ အ‌ွခေခံဥပဒေပုဒ်မ ၁၃၈ ပုဒ်မခွဲ(က)တွင် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေအရဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကတင်သွင်းတဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်မှာ စတင်တင်သွင်းတဲ့ ဥပဒေကြမ်းလို့ မှတ်ယူ၍ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၁၃၈ ပုဒ်မခွဲ(ခ)မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုဥပဒေပြုစာရင်းမှာပါရှိတဲ့ ကိစ္စရပ်များအနက် ပြည်ထောင်စုလွှတ်တော်မှာသာ  ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမယ်လို့  ဖွဲ့စည်းပုံအ‌ွခေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ကိစ္စရပ်မှအပ ကျန်ကိစ္စနဲ့စပ်လျဉ်းတဲ့ဥပဒေကြမ်းတွေကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်ကိုစတင်တင်သွင်းပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရမယ်လို့  ပြဋ္ဌာန်းထားရှိပါသည်။ အလားတူပဲ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၁၅၈ ပုဒ်မခွဲ(က)နှင့် (ခ) တို့မှာလည်း အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းများတင်သွင်းဆုံးဖြတ်တဲ့နည်းလမ်းကိုပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်တွေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်များကို  ဥပဒေကြမ်းတွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက တင်သွင်းခွင့်ရှိသလို လွှတ်တော်ကိုယ်စားလှယ်များကလည်း တင်သွင်းခွင့်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ဥပဒေတွေအနက် လယ်ယာ‌ွမေ ဥပဒေကြမ်းဟာ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းတင်သွင်းပြီး လွှတ်တော်မှာဆွေးနွေး ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပဲဖြစ်ပါတယ်။ အလားတူပဲ လာဘ်ပေးလာဘ်ယူပပျောက်ရေးဥပဒေကြမ်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေစတဲ့ဥပဒေများဟာ လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေဖြစ်တာကိုတွေ့ရှိရပါတယ်။ ဥပဒေကြမ်းတွေရေးဆွဲရာမှာ ကြန့်ကြာမှုနှင့်စပ်လျဉ်းပြီးတော့ ဥပဒေတစ်ရပ်ဟာ အချိန်ရဲ့စမ်းသပ်မှုနဲ့ အ‌ွခေအနေရဲ့စမ်းသပ်မှုကိုခံနိုင်မှသာ အာနိသင်ထက်မြက်တဲ့ ဥပဒေကောင်းတစ်ရပ်လို့ဆိုနိုင်မှာ  ဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေအနက် နှစ် ၁၀၀ ကျော်ကြာတဲ့အထိ ကျင့်သုံးနေရတဲ့ ၁၈၆၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေ၊ ၁၈၉၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြစ်မှုဆိုင်ရာကျင်‌့ထုံးဥပဒေ၊ ၁၈၇၂ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ပဋိညဉ်အက်ဥပဒေ၊ ၁၈၈၂ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ၊ ၁၉၁၄ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေနဲ့ ၁၉၅၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အထူးကုမ္ပဏီအက်ဥပဒေတို့ဟာ အာနိသင်ကောင်းတဲ့ ဥပဒေတွေအဖြစ်တည်ရှိနေတာကို တွေ့ရှိရပါတယ်။ ဖော်ပြပါဥပဒေတွေဟာ လိုအပ်ချက်အရ အနည်းငယ်ပြင်ဆင်ရခြင်းမှအပ ဥပဒေရဲ့ ပင်မအချက်ဖြစ်သော Spirit of Law ကို ပြင်ဆင်ရတာမျိုးမရှိတဲ့ ဥပဒေတွေဖြစ်ကြောင်း တွေ့ရှိရခြင်းထက် အရှည်တည်တံ့ခိုင်မြဲတဲ့ဥပဒေကောင်းဖြစ်ဖို့ ပဓာနကျကြောင်းတင်ပြလိုပါတယ်။ ဥပဒေကြမ်းတစ်ရပ်ကိုရေးသားရာမှာ ရှုထောင့်စုံမှလေ့လာပြီးတော့ သက်ဆိုင်ရာနယ်ပယ်မှ လူပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ အတွေ့အကြုံ၊ အသိပညာများကိုအ‌ွခေခံပြီး စိစစ်ရေးသားရပါတယ်။ ဒီလိုရေးသားရာမှာ ဥပဒေကြမ်းပါအကြောင်းအရာများရဲ့ အတိမ်အနက်ကို မူတည်ပြီးတော့ လုံလောက်တဲ့အချိန်ရရှိဖို့လည်းလိုပါတယ်။ အချို့ဥပဒေကြမ်းတွေကို သက်ဆိုင်ရာ အုပ်ချုပ်တဲ့ဌာနတွေကစတင်ရေးဆွဲသော်လည်း လွှတ်တော်သို့တင်ပြသည့်အခါမှာ ဥပဒေကြမ်း ကော်မတီကစိစစ်ဆောင်ရွက်ရာမှာ ကျွမ်းကျင်သူပညာရှင်များ၊ ဌာနဆိုင်ရာမှပုဂ္ဂိုလ်များပါဝင်ပြီး နိုင်ငံတော်၏ကောင်းကျိုးအတွက် ရှေးရှုဆွေးနွေးဆောင်ရွက်ကြခြင်းဖြင့် ဥပဒေကောင်းများကို ပြဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။ ဖော်ပြပါ State Holders များပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကောင်းမြတ် တဲ့အကျိုးကျေးဇူးတွေကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်၍ ပြည့်စုံတဲ့ဥပဒေတစ်ရပ်ပြဋ္ဌာန်း နိုင်ရေးအတွက် ရေးသားရာမှာလည်းကောင်း၊ စိစစ်ရာမှာလည်းကောင်း၊ သုံးသပ်အတည်ပြုရာမှာ လည်းကောင်း State Holders များပါဝင်ခွင့်ရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ State Holders များအားလုံးပါဝင်တဲ့ ဥပဒေရေးဆွဲရေးနှင့် ယင်း အတွက် ဘတ်ဂျက်အလုံအလောက်ချထားပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းပါအချက်နှင့်စပ်လျဉ်းပြီးတော့ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေအရ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီးတော့ ပြည်ထောင်စု ၏ရသုံးမှန်း‌ွခေငွေစာရင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ရသုံးမှန်းခြေငွေစာရင်းအဖြစ် ရေးဆွဲလျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိုခွဲဝေချထားရာမှာ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာန၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအလိုက်  အဆိုပြုတဲ့အပေါ်မှာ စိစစ် ညှိနှိုင်း၍ ခွဲဝေချထားပေးခြင်းဖြစ်ပါတယ်။ အဆိုမှာပါရှိတဲ့ ဥပဒေရေးဆွဲရေးလုပ်ငန်းကို ဆောင်ရွက် မည်ဆိုပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းရဲ့ ရသုံးမှန်း‌ွခေငွေစာရင်းမှာ လိုအပ်မယ့်အသုံးစရိတ် တွေကို ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းရေးဆွဲရမည်ဖြစ်သလို ဒီလိုထည့်သွင်းလျာထားချက် ပါဝင်တဲ့ ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးနောက် သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုးဝင်း (စမ်းချောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျွန်တော်တို့ဟာ ဥပဒေတွေကို အခုအချိန်ထိလည်း မပြည့်စုံသေးတဲ့ဥပဒေတွေ ဆက်ပြုနေတဲ့အပိုင်းတွေရှိနေပါသေးတယ်။ အလုပ်သမားဥပဒေဆိုရင် ကျွန်တော်တို့က နည်းဥပဒေတွေ၊ အလုပ်သမားတွေဆန္ဒပြနေကာမှ အဲဒီတုန်းကနေပြီးတော့မှဆက်ပြီး တော့ လုပ်ခွင့်ပေးခဲ့ရတာမျိုးတွေလည်းရှိပါတယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ဒီလိုတွေလည်းပြုနေတာရှိပါတယ်။ မနေ့ကပဲ ကျွန်တော်တို့ ဒီလွှတ်တော် ရေးရာအပေါ်ထပ်မှာ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေအတွက် အားလုံး ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ သဘောထားအားလုံး ဒီလိုဥပဒေပြုရေးတွေအတွက် တွေ့ဆုံပြီးတော့လုပ်နေ ရတာတွေလည်း ရှိတာလည်းရှိပါတယ်။ ဒါကြောင်‌့မို့လို့ တချို့အပိုင်းတွေမှာ ကျွန်တော့်မေးခွန်းဟာ Out of Date ဖြစ်နေတဲ့သဘောမျိုးဖြစ်နေပါတယ်။ အခုနက‌ွဖေသွားတဲ့ ဒုတိယရှေ့နေချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ဟာ ဒါထက်ပိုပြီးတော့ကျတော့ မြန်မြန်ဆန်ဆန် ဥပဒေတွေလုပ်နိုင်ဖို့ဆိုတဲ့ဟာကတော့ လိုအပ်နေတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သဘောပေါက်ပြီးသားဖြစ်ပါလိမ့်မည် ထို့အတွက်ကြောင့် ဆက်စပ်မေးခွန်း မေးမြန်းရခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး

သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာနကိုယ်စားလှယ်က ပြောဆိုဆွေးနွေးရုံနဲ့ လုံလောက်တယ်လို့မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိမိတို့လွှတ်တော်က ဥပဒေပြုရေးအခန်းကဏ္ဍမှာ အဓိကတာဝန်ရှိတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပြန်လည်ရှင်းလင်းလိုပါတယ်။ မေးတဲ့အမေးရဲ့ အဓိကက ဘတ်ဂျက်အလုံအလောက်ချထားနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ ဒါကို ဖြေရမယ်ဆိုရင် ဘတ်ဂျက်အလုံအလောက်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဦးစိုးဝင်း တင်ပြသွားတဲ့ နေရာမှာ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှေးကွေးနေသည်ဟုလည်းကောင်း၊ ထင်သာမြင်သာမရှိ၍ ပြည်သူများအပြည့်အဝနားလည်ခြင်းမရှိဘဲနေခြင်းများ ရှိတယ်ဆိုတဲ့သဘောပါပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ မိမိတို့လွှတ်တော်ဘက်အမြင်ပြောရမယ်ဆိုရင် နှေးကွေးမှုရှိနေတယ်ဆိုတာ မှန်ပါတယ်။ ထင်သာမြင်သာမရှိဘူး။ ပြည်သူများအပြည့်အဝမခံစားရဘူးဆိုတဲ့အပိုင်းမှာ ထင်သာ မြင်သာရှိအောင်လည်း အတတ်နိုင်ဆုံး လွှတ်တော်တွေဘက်ကဆောင်ရွက်နေပါတယ်။ ပြည်သူများ အပြည့်အဝသိရှိခြင်းမရှိဘဲနေခြင်းအပိုင်းကတော့ ပြည်သူများအပိုင်းနဲ့ပဲဆိုင်ပါမယ်။ နောက်ပိုင်း မိမိတို့ ဥပဒေများပြုတဲ့အခါမှာ သတင်းစာထဲကိုထည့်ပြီးတော့ဖော်ပြတာ ပြီးတဲ့အခါမှာ သက်ဆိုင်ရာ အဓိကတာဝန်ရှိပြီးတော့ သိနိုင်တဲ့အဖွဲ့အစည်းများနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေတာ ဒီနေ့ ဦးစိုးဝင်း ခုနက ပြန်လည်ရှင်းလင်းတဲ့အပိုင်းမှာဖော်ပြလို့ပဲဖြစ်ပါတယ်။ တစ်ခါ ပြည်သူများ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စားဥပဒေရေးဆွဲရေးတွင် ပါဝင်ခြင်းမရှိကြ၍ လည်းကောင်း၊ ယင်းသို့ဖြစ်နေသည်ဟုထင်မြင်ပါသည်။ ထို့အတူ နိုင်ငံရေးပါတီများကိုယ်တိုင်က ပင်လျှင် ဥပဒေပြုရေးတွင် နှေးကွေးနေ၍ ပွင့်လင်းမြင်သာမှုအားနည်းနေသည်ဟုခံစားရမိပါသည်။ ဒီနေရာမှာ ပြည်သူရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်များသာမက ဒီနေ့ ပြည်သူ့ကိုယ်စား ပြည်သူ့ ကိုယ်စားလှယ်မဟုတ်သော အခြားအဖွဲ့အစည်း Institution များ၊ State Holders များ ပါဝင်နေတယ်ဆိုတာကိုတော့ ထပ်မံရှင်းလင်းတင်ပြလိုပါတယ်။ ထို့အတူပဲ နိုင်ငံရေးပါတီများ ကိုယ်တိုင်ကပင်လျှင် ဥပဒေများရေးဆွဲနေတဲ့နေရာမှာ နှေးကွေးနေတယ်။ ထင်သာမြင်သာမရှိဘူး ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အကယ်လို့ နိုင်ငံရေးပါတီအနေနဲ့ ဥပဒေတစ်ရပ်လေ့လာသုံးသပ်ပြီးတော့ ပြင်ဆင်လိုတယ်။ ပြဋ္ဌာန်းလိုတယ်ဆိုရင် နိုင်ငံရေးပါတီများက နိုင်ငံရေးပါတီများကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကတစ်ဆင့် ဥပဒေများကိုပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့ လုပ်နိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုထင်တယ်။ ပြင်ဆင်စရာလည်းလိုတယ်။ ပယ်ဖျက်စရာလည်းလိုတယ်လို့ထင်တယ်ဆိုရင် နိုင်ငံရေးပါတီအနေနဲ့ မိမိတို့ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှာရှိပါတယ်။ သူတို့ကတစ်ဆင့် ပြင်ဆင်ပြဋ္ဌာန်းလို တဲ့ဥပဒေများကို ပြဋ္ဌာန်းနိုင်ကြောင်းလည်း ထပ်မံအသိပေးတင်ပြလိုပါတယ်။ ဒီမှာ ဦးစိုးဝင်းရဲ့မေးတဲ့ မေးခွန်းထဲက အမေးတွေထဲမှာ ယခုအခါ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားရေး၊ စီးပွားရေး ဥပဒေပြုရေးများ လျင်မြန်စွာပြီးမြောက်အောင်ဆောင်ရွက်ဖို့ လက်ငင်း နိုင်ငံရေးအနေအထားက တောင်းဆိုနေပြီဆိုတာအမှန်ပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းလိုက် သော၊ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်သောဥပဒေများကို ဆင့်ပွားဥပဒေများထပ်ဆင့်ထုတ်ဖို့ လိုပါတယ်။ အဲဒါတွေကတော့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ညွှန်ကြားလွှာများကို သက်ဆိုင်ရာစီမံခန့်ခွဲတဲ့ ပြည်ထောင်စုအဆင့်များက ဆက်လက်ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာသာ ကြန့်ကြာနေတယ်လို့ ပြောဆိုလို့ရနိုင်တဲ့အနေအထားရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်အတွင်းက လွှတ်တော်အတွင်းမှာပဲ အမ်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကတင်ပြဆွေးနွေးသွားတဲ့အပေါ် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် အသီးသီးကလည်းပဲ ဒါနဲ့ပတ်သက်လို့ ထောက်ခံဆွေးနွေးပြီးတော့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ဥပဒေများကို တချို့ဥပဒေများဟာ ထပ်ဆင်‌့နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်များထုတ်ပြန်စရာမလိုဘဲနဲ့ ဆောင်ရွက်တဲ့ဥပဒေများရှိတယ်။ အဲဒီကမှအပ ကျန်တဲ့ဥပဒေများ၊ ထပ်ဆင့်ထုတ်ဆင့်ရန်လိုတဲ့အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ၊ ညွှန်ကြားလွှာများ ဖြစ်မြောက်ရေးအတွက် ရက်ပေါင်း ၉၀ အတွင်း သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က သတ်မှတ်တဲ့ ရက်အတွင်း ထုတ်ပြန်ကြေညာဖို့အဆိုကလည်း အောြင်မင်သွားပြီဖြစ်ပါတယ်။ ဒါလည်း ခုနက ဦးစိုးဝင်းဆွေးနွေးသွားတဲ့ အလုပ်သမားဥပဒေအပါအဝင် အချို့ဥပဒေများဟာ လွှတ်တော်က ပြဋ္ဌာန်းပြီး ငါးလကျော် ခြောက်လအထိ ဒီအတိုင်းပဲရှိနေသေးတဲ့အတွက်  ဥပဒေရဲ့အခွင့်အရေးနဲ့ အကာအကွယ်များကို ပြည်သူတွေမခံစားရတာအမှန်ပါပဲ။ ဒါကြောင့်မို့လို့ လွှတ်တော်အနေနဲ့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာထုတ်ပြန်ကြေညာပြီး နိုင်ငံနှင့် နိုင်ငံသားများဥပဒေရဲ့အကာအကွယ် ရယူဖို့၊ ခံစားနိုင်ဖို့အတွက်လည်း မိမိတို့လွှတ်တော်အနေနဲ့ တိုက်တွန်းအဆိုပြုထားပြီးဖြစ်ပါတယ်။ တစ်ခါကျွန်တော်တို့ ပြန်လည်ပြီးတော့သိရှိသုံးသပ်နိုင်အောင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီးတော့ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ကာ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အစားထိုးရန်အတွက် ဒီကော်မရှင်ကို အဓိကတာဝန်ပေးဆောင်ရွက်ခိုင်းထားတာရှိပါတယ်။ အဲဒီ ကော်မရှင်နဲ့ ကျွန်တော်တို့ လွှတ်တော်မှာ ဖွဲ့စည်းထားသော သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ညှိနှိုင်းပြီးတော့ ပြင်ဆင်ရန်လိုတဲ့ ဥပဒေတွေ၊ ပယ်ဖျက်ရန်လိုတဲ့ဥပဒေတွေ၊ အသစ်ပြဋ္ဌာန်းရန်လိုတဲ့ ဥပဒေတွေကို ဆောင်ရွက်တဲ့ နေရာမှာလည်း ခုနက ဒုတိယရှေ့နေချုပ်တင်ပြသွားတဲ့ ၁၉၄၇ ခုနှစ် ယာယီသွင်းကုန်ထုတ်ကုန်ဥပဒေ ၁၉၄၇ ခုနှစ်ကတည်းက ယာယီပြဋ္ဌာန်းတဲ့ဥပဒေဟာ ဒီနေ့အထိ ယာယီအတိုင်းပဲရှိနေသေးတယ်။ အဲဒီ ယာယီ ဆက်ရှိထားခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံနှင့် နိုင်ငံသားများရဲ့ အခွင့်အရေးကို ထိခိုက်တဲ့အတွက် အဲဒီဥပဒေမျိုးကိုလည်း ကျွန်တော်တို့ လွှတ်တော်က သက်ဆိုင်ရာကော်မတီကပဲ ရေးဆွဲပြီးတဲ့အခါမှာ လွှတ်တော်တင်ပြရေးဆွဲဆောင်ရွက်တဲ့အခါမှာ ဒီဥပဒေဟာ ဒီနေ့အတည် ပြန်ဖြစ်သွားပြီ ဖြစ်ပါတယ်။ အဲဒီနည်းတူပဲ သက်ဆိုင်ရာကော်မရှင်ကနေပြီးတော့ပေးပို့ခဲ့တဲ့ FDI ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကျွန်တော်တို့ လွှတ်တော်ကိုရောက်ပါတယ်။ ဆွေးနွေးပြီးတဲ့အခါမှာ အမျိုးသားလွှတ်တော်ကို ပို့ပါတယ်။ အမျိုးသားလွှတ်တော်ကို ရောက်ရှိနေတဲ့ အချိန်မှာပဲ ပြည်သူများရဲ့အသံ၊ ပြည်သူများရဲ့ ဆန္ဒကိုနားထောင်တဲ့အခါမှာ ဒီဥပဒေသည် နိုင်ငံသားများအတွက် ထိခိုက်စရာအကြောင်းရှိတယ်။ ယှဉ်ပြိုင်နိုင်မှုအတွက်အခက်အခဲတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒါကို ပြန်လည်လေ့လာသုံးသပ်ပြီးတော့ ပြင်ဆင်ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပေးပါလို့ ပြည်သူများရဲ့အသံနာခံပြီးတော့ ဒီဥပဒေကိုလည်း ကျွန်တော်တို့ ပြင်ဆင်အတည်ပြုပေးပြီးတဲ့အခါမှာ အမျိုးသားလွှတ်တော်ကို ပေးပို့ပြီးဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ နိုင်ငံသားများက နိုင်ငံသားအခွင့်အရေးကိုကာကွယ်မယ့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း အဲဒီ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အတူ သို့မဟုတ် ဖြစ်နိုင်ရင်ရှေ့က ထုတ်ပေးဖို့တင်ပြတဲ့ အခါမှာလည်း မိမိတို့လွှတ်တော် သက်ဆိုင်ရာကော်မတီများအနေနဲ့ သက်ဆိုင်ရာ ဥပဒေစတင်ပြုစုရမယ့် အဖွဲ့အစည်းများနဲ့ညှိနှိုင်းတဲ့အခါမှာ ဒီဥပဒေတွေကို ပေးနိုင်ခြင်းမရှိပါဘူး။ ဒီဥပဒေဆိုတဲ့အခါမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို မိမိတို့ဖက်ကိုပေးနိုင်ခြင်းမရှိပါဘူး။ အဲဒီ အတွက်လည်း ဒီထဲမှာရှိတဲ့သက်ဆိုင်ရာကော်မတီနဲ့ စိတ်ဝင်စားသူများက နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေများကို အသစ်ပြန်လည်ရေးဆွဲပြီးတော့ လွှတ်တော်သို့တင်ပြထားပါတယ်။ ဒီနေ့ ဒီဥပဒေတွေ ပြီးစီးတဲ့အတွက် မနက်ဖြန်ဒီဥပဒေများကို လွှတ်တော်မှာတင်ပြမှာဖြစ်ပါတယ်။ ဒါ ကျွန်တော်ရှင်းလင်း တင်ပြနေတာက ကျွန်တော်တို့ လွှတ်တော်အနေနဲ့ မိမိတို့ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်ကို စိတ်ပါလက်ပါဆောင်ရွက်နေတယ်။ ကြိုးစားပမ်းစားဆောင်ရွက်နေတယ်ဆိုတာကို ပြန်လည်သိရှိနိုင်အောင် လွှတ်တော်ကတစ်ဆင့် ပြည်သူများကိုအသိပေးတင်ပြခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့လွှတ်တော်မှာဆောင်ရွက်တဲ့ ဆောင်ရွက်ချက်များဟာ ပြည်သူများဒီနေ့ မြင်တွေ့ နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ပြည်သူအားလုံးတော့မဟုတ်ပါဘူး။ Sky Net ဧရိယာ ကြည့်နိုင်တဲ့ လူများအတွက်အနေအထားရှိပါတယ်။ ကျွန်တော် လွှတ်တော်ကိုတင်ပြလိုသည်မှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ့အကျိုးအတွက် အဓိကဖြစ်ထွန်းစေသော ကာကွယ် စောင့်ရှောက်စေသော ဥပဒေများကို ကြိုးစားပမ်းစားပြုစုပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတာကို ဦးစိုးဝင်းရဲ့အမေးနဲ့အတူ ကျွန်တော်ပြန်လည်ရှင်းလင်းတင်ပြသလိုပဲ တစ်ဖက်က ဒုတိယရှေ့နေချုပ်ကတင်ပြတာရှိပါတယ်။ ဥပဒေတစ်ခုဟာ ခိုင်ခန့်ဖို့လိုတယ်။ ဥပဒေ တစ်ခုဖြစ်လာဖို့ အချိန်ယူဖို့လိုတယ်ဆိုတာမှန်ပါတယ်။ သို့ရာတွင် မှန်သင်‌့သလောက်ပဲ မှန်ပါတယ်။ ဘယ်ဥပဒေပဲဖြစ်ဖြစ် အချိန်ကာလအ‌ွခေအနေပေါ်မှာမူတည်ပြီးတော့ မှန်ကန်ခြင်း၊ မမှန်ကန်ခြင်း၊ သင်‌့လျော်ခြင်း၊ မသင့်လျော်ခြင်းရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်ကာလနဲ့လျော်ညီတဲ့ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ပြီး ထွက်ပေါ်လာတဲ့ထပ်ဆင့်ဥပဒေများပေါ်ထွက်ရေး၊ သက်ဝင်လှုပ်ရှားရေးဟာ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေခိုင်ခန့်ဖို့၊ တည်တံ့ဖို့အတွက် အချိန်ယူနေတယ် လို့ပြောဆိုလုပ်ဆောင်ရုံလောက်နဲ့တော့ ဒီနေ့ ခေတ်ပြောင်း၊ စနစ်ပြောင်းကာလမှာ လုံလောက်တဲ့ အဖြေမဟုတ်ဘူးဆိုတာကိုလည်းပဲ လွှတ်တော်ကတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို တင်ပြခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ လွှတ်တော်အနေနဲ့ ဥပဒေများ၊ ပြည်သူ့အကျိုးကို ကာကွယ်စောင်‌့ရှောက်တဲ့ ဥပဒေများ၊ ပြည်သူ့အကျိုးကိုဖြစ်ထွန်းစေတဲ့ဥပဒေများကို အလျင်အမြန် ပေါ်ထွက်အောင်ဆောင်ရွက်ဖို့ပါ။ ဒီနေ့ အရေးတကြီးလိုအပ်ချက်ဖြစ်ပါတယ်။ အဲဒီလို ပေါ်ထွက် လာပြီးနောက်ပိုင်းမှာ ဒီဥပဒေများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိတဲ့သူများက လိုက်နာကျင်‌့သုံးရေး၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေးဟာ ဒီနေ့မိမိတို့နိုင်ငံအတွက် မလွဲမသွေလိုအပ်တဲ့အချက်ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ဆင့်ပွားဥပဒေများကိုလည်း အချိန်မီမြန်မြန်ဆန်ဆန်ထုတ်ပေးရေးအတွက်ကိုလည်း အလေးထားဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းအဆင့်ဆင့်သို့လည်း လွှတ်တော်ကတစ်ဆင့်တိုက်တွန်းလိုပါတယ်။ ပြန်ပြီး တော့ ရှင်းလင်းတင်ပြရမယ်ဆိုရင် အချိန်ယူနေတာ ဒါကြောင့်ပါ ဒါကြောင့်မို့လို့ ကြာနေတာပါဆိုတဲ့ ဟာနဲ့တော့ လက်ရှိအနေအထားမှာ လုံလောက်တဲ့အနေအထားမရှိပါဘူး။ ထို့နည်းတူစွာပဲ မိမိတို့ ဖွဲ့စည်းထားတဲ့ကော်မတီအသီးသီးဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဇယား ၁ မှာပါတဲ့ဥပဒေများ အားလုံး ဒီနေ့ပြောမယ်ဆိုလို့ရှိရင် ဒီနေ့တည်ဆဲဥပဒေအားလုံးပေါင်း ၃၉၉ ခု ရှိပါတယ်။ အဲဒါအပြင် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေလည်းရှိပါတယ်။ ဒါတွေဟာ တည်ဆဲဥပဒေတွေဖြစ်ပြီးတော့ တည်ဆဲဥပဒေ တွေက ဒီနေ့ နိုင်ငံတော်အကျိုးစီးပွားကိုဖြစ်ထွန်းစေသော ဥပဒေများမဟုတ်ဘူး။ နိုင်ငံနှင့် နိုင်ငံသား များအကျိုးစီးပွားကို ထိခိုက်စေတဲ့ဥပဒေများဆိုရင်တော့ ဒါကို မိမိတို့ အမြန်ဆုံးပြင်ဆင်ပယ်ဖျက်ဖို့ လိုသလို နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွားဖြစ်ထွန်းစေတဲ့ဥပဒေများပေါ်ပေါက်ဖို့နဲ့ ဆင့်ပွားဥပဒေများ ဆက်တိုက်ဆက်တိုက်ပေါ်ပြီးတော့ နိုင်ငံသားများအကျိုးခံစားခွင့်ရအောင်လုပ်ပေးဖို့ကလည်း လိုမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးစိုးဝင်းမေးတဲ့ခေါင်းစဉ်မှာတော့ ဘတ်ဂျက်ကိစ္စပါပဲ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်လို့လုံလောက်ပါတယ်။ ဥပဒေပြုရေးအပိုင်းမှာ နှေးကွေးနေတယ်ဆိုတဲ့ဟာကတော့ မိမိတို့ သူဘက် ကိုယ့်ဘက်၊ သူ့တာဝန် ကိုယ့်တာဝန်ခွဲပြောမယ်ဆိုလို့ရှိရင် လွှတ်တော်အပိုင်းကတော့ မနှေး ပါဘူး။ ပြောရမယ်ဆိုရင် မိမိတို့သည် ကြိုးစားအားထုတ်မှုများတဲ့အတွက် တစ်မျိုးတစ်မည်တောင် မည်နိုင်ပါသေးတယ်။ ဒါသည် မိမိတို့ရဲ့တာဝန်များ ကျေပွန်အောင်ဆောင်ရွက်နေခြင်းများဖြစ်သလို ဥပဒေပြုရေးမှာ အဓိကတာဝန်မရှိပါဘူး။ ရှေ့နေချုပ်ရုံးလိုက ဥပဒေပြုရေးမှာ အဓိကတာဝန် မရှိပါဘူး။ ရှေ့နေချုပ်ရဲ့တာဝန်၊ ရှေ့နေချုပ်ရဲ့ဝတ္တရားများဟာ ဒီအထဲမှာ အဓိကတာဝန်မရှိပါဘူး။ ဒါကြောင့်မို့လို့ မိမိတင်ပြတိုက်တွန်းလိုသည်မှာ ဥပဒေများမှန်မှန်နှင့် မြန်မြန်ပေါ်ထွက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ပါဝင်ဆောင်ရွက်ဖို့လိုအပ်နေပါကြောင်း လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာအဖွဲ့ အစည်းများကို ရှင်းလင်းဖြေကြားပါသည်။