(င)-ဟားခါးမြို့တွင် တက္ကသိုလ်ကျောင်း အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့ (၁၁.၇.၂၀၁၂)

ချင်းပြည်နယ်သည် အခြားပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုထဲမှာ ချင်းပြည်နယ်မှာ တက္ကသိုလ်ကျောင်း မရှိသေးပါရှင့်။ ချင်းပြည်နယ်အတွက် ကလေးတက္ကသိုလ်ကောလိပ် ဖွင့်ပေးတယ်လို့ ကြားသိရပါတယ်ရှင့်။ ကလေးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားများအတွက် အကျိုးမပြုပါ။ ကလေးမြို့မှာ ကျောင်းသားတစ်ဦးကို လစဉ် ငွေ ၃ သိန်း ပေးပို့နိုင်တဲ့ သားသမီးသာ တက်နိုင်ပြီး ဆင်းရဲတဲ့ သားသမီးများအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ ဆင်းရဲတဲ့ကလေးများကို ကိုယ့်အိမ် ကိုယ့်မိသားစုနှင့် တက်နိုင်ရန် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် တက္ကသိုလ်ကျောင်း အမြန်ဆုံး ဖွင့်ပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာ ရည်မြင့်မားရေးအတွက် နှစ် ၃၀ နှစ်ရှည်စီမံကိန်း အဆင့်မြင့် ပညာကဏ္ဍမှာ လုပ်ငန်းစဉ် ၃၆ ခုကို ချမှတ်ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ လုပ်ငန်းစဉ် ၁၂ အရ ဒေသအလိုက် အဆင့်မြင့်ပညာသင်ကြားမှု အခွင့်အလမ်းတိုးတက်မြင့်မားရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အသစ်ဖွင့်လှစ် ပေးခြင်းနှင့် ရှိပြီးတဲ့ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို တိုးတက်လာတဲ့ နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေအရ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါ တယ်။ တက္ကသိုလ် ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ နေရာမှာ မြေနေရာ၊ အဆောက်အဦ၊ သင်ကြား ပို့ချမည့်ဆရာ ဆရာမများနှင့် ဝန်ထမ်းအင်အားများ၊ သင်ထောက်ကူ ပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ဒါကြောင့် ပညာရေး ဝန်ကြီးဌာန အနေနဲ့ အကြောင်းအကျိုး ညီညွတ်တဲ့ အချိန်အခါမှာ ချင်းပြည်နယ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုကို ဖွင့်လှစ်ပေးသွားရန် အစီအစဉ် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။